Tuesday, April 29, 2014

ကြက်ပေါင် ၂ချောင်း..

မင်္ဂလာပါရှင်~~~
ကျမတို့မြို့မှာက ကြက်သားရောင်းရင် တခြားဒေသနဲ့ ပြည်မကလို အလေးချိန်နဲ့ချိန်တွယ်ပြီး ရောင်းတဲ့ ဓလေ့
မရှိခဲ့ပါဘူး။ ကြက်သားကို အထဲက ကလီစာတွေ ထုတ်ပြီး သပ်သပ်ပုံ ရောင်းတတ်ပါတယ်။ ပြီးမှ ကလီစာ မပါတဲ့ ကြက်တကောင်လုံးကို အကြီးအသေးအလိုက် ဈေးဖြတ်ပြီး ရောင်းတာပေါ့။ အရင်တုံးက မွေးမြူရေး
ကြက်မှမရှိတာ အားလုံးက အိမ်ကြက်တွေနေမှာပေါ့..။ တခြားသီးနှံတွေရောဘဲ တပုံစီပုံထားပြီး တပုံကို ဘယ်လောက်ဆိုတာမျိုး ပြောပြီးရောင်းချကြပါတယ်။ ဈေးတည့်သွားလို့ ဝယ်ခါမှ ကိုယ်ယူတဲ့ ပစ္စည်းတွေကို ပိန်းရွှက်၊ ဌက်ပျော်ရွှက်၊ အင်ဖက်ရွှက်တို့တွေနဲ့ ထုပ်ပေးလိုက်တာပေါ့ရှင်..။

credit to who up loader :)
ဒါကြောင့် ကိုယ်တို့ငယ်ငယ်က အလေးခိုးတာတို့ ဘာတို့ဆိုတာ သိပ်နားမလည်ဘူး။ ပုံရောင်းတာတွေနဲ့ဘဲ
ဝယ်စားခဲ့ကြတာဘဲ..။ အဲ..ဝက်သားတွေဘာတွေတော့ အသားရုံထဲမှာအလေးချိန်နဲ့ရောင်းတာပါ.. အပြင်
နေရာမှာတော့ ထုံးစံ..ပုံရောင်းတာပါဘဲ..။ အခုတော့လည်း ဒီလိုမဟုတ်တော့ပါဘူးလေ။ ပိသာချိန်တွေ အ

လေးချိန်တွေနဲ့ ရောင်းဝယ်ဖေါက်ကားနေကြတာတွေ့ခဲ့ရတယ်လေ..။ လာတဲ့ပစ္စည်းတွေဆိုတာလည်း မျိုး
စုံပါ ကြက်သားတွေဆိုလည်းထိုင်းကရေခဲရိုက်ယူလာရောင်းတယ်လေ..။ ပြည်မကပြောင်းရွှေ့လာနေတဲ့
သူတွေများလာလို့ ငါးပိ ငါးခြောက်ဆိုင်တန်းတွေလည်းအရှည်ကြီးပေါ့။ အရင်ကကြက်သားဆိုတာ ကျမတို့
တိုင်းပြည်မှာ သူဋ္ဌေးစားတဲ့ဟင်းတခွက် အဖြစ်သတ်မှတ်ခြင်းခံရလောက်အောင် သူ့ရဲ့ဈေးက တခြားအသား ငါးထက်ပိုကြီးခဲ့တယ်လေ။


ကဲ..ကျမကြက်ပေါင်ဇာတ်လမ်းအတွက် အစပြန်ကောက်ရမယ်ဆိုရင် အမေ့ညီမက ကျမတို့ရဲ့အဖွားအိမ်မှာ
အဖွားနဲ့အတူနေတယ်။ သူတို့မိသားစုက အစအစအရာရာ အဖွားကိုလုပ်ပေးရတယ်။ စားဖို့သောက်ဖို့ ဆေး
ဝါး..ကုန်ကျစရိတ်တွေကတော့ အမေကတာဝန်ယူတယ်လေ။ အဖွားကဝက်သားမစားဘူး။ ငါးနဲ့ ကြက်သား
ဘဲစားတယ်။ ၅ရက်တခါလောက်ကြက်သားဝယ်ပို့ပေးရတယ်။ ကျမတို့အိမ်က မိသားစုသိပ်အများကြီးမ ဟုတ်ပေမဲ့ စည်းကမ်းကြီးတဲ့အမေ ဟင်းစီမံရင် တိတိကျကျနဲ့ ချွေတာတတ်တယ်လေ။ဘာတခုမှဘုန်းဘော

လအော သုံးတယ်လို့မရှိဘူး။ ကြက်သားဝယ်လာရင် အိမ်ရောက်တာနဲ့ ပေါင်ကိုခုတ်ထစ်ပြီး အဖွားအိမ် တန်းပို့ရတာပါဘဲ။ ကျန်တဲ့ကြက်ကိုမှ တောင်ပံနဲ့ လည်ချောင်းအရိုးကို ဟင်းရည်အတွက်ပြုတ်၊ နောက်ဆုံး
ကျန်တဲ့ အသားတွေကိုမှ အာလူး ဂေါ်ရခါးသီး ဘူးသီး တခုခုပေါ ရောနှောချက်ပြုတ်ရတာ။


အရင်က ဆူဆူဖြိုးဖြိုးကြက်ဆိုတာ ဓါတ်ရှင်ထဲမှာ လူဆိုးတွေ ကြက်ပေါင်ကြီးတွေ ကိုက်ကိုက်စားပြတာဘဲ
မြင်ဘူးခဲ့တာ။ အရမ်းအဲလိုစားချင်လိုက်တာ..မပြောတော့နဲ့..။ ကျမတို့ဆီမှာတော့ sexyကြက်ဘဲရှိတယ်လေ

ပိန်ပိန်သေးသေးသွယ်လေး အဲဒါကိုမှ ဟိုကခုတ်ဒီကထစ်နဲ့ဆိုတော့ ဘာကျန်တော့မလဲ..။ ဒီတော့ ကျမတို့
ရဲ့အာလူးကြက်သားဟင်းခွက်ပုံစံလေးက အာလူးခင်းထဲ ခြေပေါင်ကျိုးကြက်တကောင်ဖြတ်ပြေးသလိုပါ့..။

အာလူးပင်လယ်ထဲမှာ ကြက်သားလေးတဖတ်တွေ့ဖို ဒိုင်ဗင်ထိုးရှာရတယ်။ အော်..အဲဒီတုံးက ခလေးဆို
တော့ငတ်ကြီးကျဖို့ကလွဲလို့ ဘာမှမသိဘူးလေ..။ မီးဖိုချောင်ကိစ္စနားမလည်တော့ ကြက်ပေါင်ကိုအဖွားဆီပို့ ထားမှန်းမသိခဲ့ဘူးလေ။ ထမင်းစားချိန်ဆိုကြက်ပေါင်ဘဲ လိုက်ရှာခဲ့တာပေါ့။ နောက်သိလာတော့ စိတ်ထဲမှာ
မကျေနပ်ပေမဲ့မပြောရဲဘူးလေ။ မကြာခဏတော့ အမေ့ကိုမေးတတ်တယ်တဲ့..။ "အမေကြက်ပေါင်သားဆို
တာစားလို့ကောင်းလား ဘယ်လိုအရသာလေးလဲဟင်" စသည်ဖြင့်ပေါ့..ခင်လျှာရှည်ပါဆို.... ^_^

အမေကတော့ အတူတူပါဘဲလို့ပြောပါတယ်။ အလူပွဲတွေသွားလို့ ကြက်သားဟင်းနဲ့ကျွေးတာများတိုးလို့
တော့ အနားမှာရှိတဲ့ လူကြီးကိုလက်ဆွဲပြီး ပြောတော့တာဘဲ သမီးပန်းကန်ထဲ ကြက်ပေါင်သားလေးထဲ့
ပေးပါလို့..။ အဟီး..ပေါ်တင်ဘဲ ကိုယ်တို့ကတော့.. ကျမတို့မောင်နှမ ၄ယောက်လုံး လူကြီးတွေနဲ့ထမင်းစား ရင် ဟင်းခွက်မနိုက်တတ်ဘူး။ သူများထဲ့ပေးမှ စားတတ်တယ်။ အမေအကျင့်လုပ်ထားတာလေ.. :P


နောက်တော့ အဖွားစားဖို့ချက်ပြုတ်ပေးရတဲ့ အမ (၂ဝမ်းကွဲတော်စပ်ပါတယ် သူတို့မိသားစုကများလို့အဒေါ်
တို့နဲ့လာနေတာ၊ သူ့နံမည်က နန်းပိန်းဆိုတော့ ကျမတို့က ပီပိန်းလို့ခေါ်ရတာပေါ့) ပီပိန်းနားကပ်မေးရတယ်။
အဖွားအတွက်ကြက်ပေါင် ၂ချောင်း ဘယ်လိုချက်ပြုတ်သလဲပေါ့။ အဖွားကတနေ့ကိုထမင်းတနပ်ဘဲစားတာ
ညနေဆို လက်ဖက်ရည် မုန့်တခုခု..ဒီလောက်ဘဲစားတတ်တယ်။ ဒီတော့ ကြက်သား ၂ပေါင်ကို ၂ရက် ၃ရက် လောက်စားရတာတဲ့။ ပီပိန်းကို ပြောထားရတယ် နောက်ဆုံးအဖွားစားမကုန်တဲ့ ကြက်သားကို ကျမ လာစားမယ်။ ချန်ထားပါ အဒေါ် သားသမီး ဝမ်းကွဲမောင်နှမတွေ မသိအောင် အကြောင်းကြားပါလို့ပေါ့..ဟီး

အဲဒီလောက် ငတ်ကြီးကျခဲ့ဖူးပါတယ်ဆို..။ နောက်အမေသိတော့ အဆူခံထိတာပေါ့။

ကျမအိမ်နဲ့ ကပ်ရပ်တရုတ်အိမ်မှာ သူငယ်ချင်းရှိတယ်။ ညီအမ၄ ယောက်တောင်ရှိတယ်။ ပျော်စရာကောင်း လို့သူတို့ဆီမြဲသွားကစားလေ့ရှိတယ်။ ကျမက ငယ်ငယ်တုံးက ပိန်ညောင်ရိုးလေး သူတို့အမေကမေးတယ်။
မယ်ငီးဘာဖြစ်လို့ ပိန်တာလဲတဲ့..ဒီကလည်း မဆိုင်းမတွဘဲဖြေပါတယ်.."ကြက်ပေါင်သားမစားရလို့" တဲ့။
နောက်တော့ အမေက လျှာရှည်တဲ့ ရွှေသမီးလေးရဲ့ ကြက်ပေါင်တမ်းခြင်း သိသွားတော့ သေသေချာချာပြော

ပြပါတယ်။ သမီးတဲ့..အဖွားကအသက်ကြီးပြီ အိုပြီ အသားပျော့ပျော့လေးနဲ့ တချို့အစားအစာတွေဘဲစားနိုင်
တော့တာ၊ သမီးတို့က ငယ်သေးတယ် ဘာစားစားရတာတဲ့ ..။ အိမ်မှာ ဘာစားစား ဦးဦးဖျားဖျားဆို အဖွား

ရယ်၊ ကမ္မဋ္ဌာန်းကျောင်းကဆရာတော်ရယ် ဆွမ်းတော်တင်ဖို့ရယ် ဖယ်ထားပေးရတယ်။ အစားမက်တဲ့ကိုယ်
တော့ ဝေစုနဲသွားမှာစိုးရိမ်လို့ အပြောရဲတာဘဲရှိတယ် ဘယ်ကြိုက်ခဲ့မလဲ..ခုတော့ နားလည်ပါပြီ..။


အမေက အိမ်က ဘုရားစင်ရယ်၊အဖွားရဲ့ဆရာတော် (အဖွားက ကျိုင်းတုံကမ္မဋ္ဌာန်းကျောင်းစတင်တည်
ထောင်သူတွေထဲကတယောက်ပေါ့အဖွားဆုံးခါနီးတော့ ဆရာတော် ကိုပင့်ပြီးတရားလာဟောပေးသေး တယ်။ဆရာတော်ပြန်သွားပြီး အဖွားမဆုံးသေးဘဲနဲ့ ဆရာတော်ကအရင် ပျံလွန်တော်မူတယ်။ မီးသဂြိုလ်

တော့ ဓါတ်လုံးတော်တွေရလို့ ကျိုင်းတုံမှာအရမ်းနံမည်ကြီးခဲ့ပါတယ်) ၊ ပြီး အဖွားကိုပေါ့..ဒီ ၃ခုကိုအရမ်း
အလေးထားခဲ့တာဘဲ။ အမေလုပ်ပုံကိုင်ပုံတွေကို အရင်ကသဘောမကျခဲ့ပေမဲ့ နောက်ပိုင်းလူလားမြောက်
လို့အရွှယ်ရောက်ခါမှ နားလည်သဘောပေါက်လာတယ်..။ ကျမတို့မောင်နှမတွေအတွက် အမေက စံပြမိခင်
ပါဘဲ။ လူတွေဟာ ကိုယ်စိုက်ထားတဲ့အသီး ကိုယ်ခူးစားရတယ်ဆိုတာအမှန်ပါဘဲ။ အမေ အခုတော့ သူ့စိုက် ခဲ့တဲ့အသီးခူးစားပြီးအေးချမ်းသာယာနေပါတယ်။ လူချစ်လူခင် ပေါများပြီး လာဘ်လာဘ တကယ်ရွှင်တာပါ။
ဟိုက ဒီက လာကန်တော့ကြတယ်။ ဘုန်းကြီးတွေကြွလာတတ်ပြီး အမေ့ကိုပေးကမ်းစွန့်ကြဲကြတယ်။ အမေလေဖြတ်ခါစ လူနာမေးလာကြတာ နို့ဆီ အိုဗာတင်း အချိုရည်ပုလင်းတွေ တမျိုးကို ၃ဝ-၄ဝ လောက်
ကိုရတာတဲ့။ စတိုးဆိုင်မှာ လိုချင်တဲ့ပစ္စည်းတွေနဲ့ သူတို့သွားလဲကြတယ်ဆိုဘဲ..။ 

အဖွားနဲ့ အမေ့မောင်လေး(ပြီးခဲ့တဲ့လကဆုံးသွားပြီ)
အမေ့သမီးလည်း အမေ့အတုယူရတယ်။ ဘယ်နေရာရောက်ရောက် ကိုးကွယ်ရာလို့ သတ်မှတ်ထားတဲ့ နေ
ရာလေးတခုကို သေသေချာချာစိတ်ပါလက်ပါနဲ့ ရေချမ်းဆီမီးကပ်လှူတယ်။ လူကြီးမိဘတွေကို ရိုသေစွာနဲ့
ပြုစုစောင့်ရှောက်တယ်။ အဖိုး၊အဖွား အရွှယ်တွေကိုကြည့်ပြီး သနားကရုဏာစိတ်ထားမိတယ်။ ကိုယ်အိုလာ ရင်လည်းဒီလိုဘဲ ကုန်းကုန်းကြီး ဖြစ်မှာဘဲ..မျက်စိမကောင်း နားမကြား ပြုစုမဲ့သူ မရှိခဲ့ရင်...ဘုရားဘုရား..
ဆက်မတွေးရဲဘူး..။


ခုတော့ ကြက်ပေါင်ကိုက်တိုင်း ငယ်ငယ်က မစားခဲ့ရတဲ့ ကြက်ပေါင်ပိန်ပိန်လေးကို ပြန်စဉ်းစားနေမိပါ တယ်လေ..။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး


8 comments:

  1. ကြက်ပေါင် စားရတဲ့ rank ကို ရောက် သွားပြီပေါ့ ဘွားဘွားရယ်။ lolz

    မပူနဲ့ ဘွားဘွားတို့ ကို take care လုပ်ပေး ပါမယ်။ :p

    ReplyDelete
    Replies
    1. ခုတော့ သိပ်စိတ်မပူတော့ပါဘူးလေ..။
      အိမ်အကြီးကြီး၊အိပ်ခန်းအများကြီးတွေ့ပြီးကတည်းက၊
      အဲ့နေရာကိုခဏခဏမျက်စောင်းထိုးနေမိတယ်..။
      ဘွားဘွားလေးလည်း၊အိမ်စောင့်ရင်း၊
      ဟင်းချက်ပေးပါ့မယ်ကွယ်.. :P

      Delete
    2. ကျေးဇူးပါ။ lol

      Delete
  2. ကိုယ်လည်းကြက်ပေါင်စားတိုင်းမြန်မာကားတွေထဲမှာလူဆိုးတွေကြက်ပေါင်ကိုက်ကြတာသတိရပြီးချစ်ချစ်ကိုအမြဲပြောတယ်။ လူဆိုးခန်းရိုက်ရင်ကြက်ပေါင်ကိုက်ကြတယ်။ လူဆိုးလုပ်လိုက်အုန်းမယ်ပြောပြီးကြက်ပေါင်စားတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ်နော်..မအိုင်အိုရာ..
      လူဆိုးတွေကြက်ပေါင်ကိုက်ကိုက်ပြတာ၊
      ငယ်ငယ်တုံးကအရမ်းသားရေကျမိပေါ့..
း)))

      Delete
  3. တီမီး ကြက်ပေါင်ကြိုက်တဲ့ ဟာလေးကို သဘောကျတယ် အိမ် ကသမီးလေးလဲ ပေါင်ပဲ ကြိုက်တယ်

    ReplyDelete