Showing posts with label Myanmar-Bagan. Show all posts
Showing posts with label Myanmar-Bagan. Show all posts

Wednesday, January 20, 2016

ပုဂံမြေမှနေ့လည်စာ.

မင်္ဂလာပါရှင်~~~
ပုဂံရောက်ရင် သရာပါ 3 ဆိုတဲ့ဆိုင်မှာစားပါ..လို့နေရာတော်တော်များများမှာဖတ်ဖူး ကြားဖူးခဲ့လေတော့
လည်း မယ်ငီးတယောက် အဲ့ ..နေရာရောက်အောင် ချီတက်ရလေတာပေါ့ရှင်..။
၁၁ နာရီကျော်ကျော်လောက်ဘဲရှိသေးတာ စောသေးတယ်တဲ့ ချက်ပြုတ်နေတုံးဘဲ..ကြည့်လို့ရလားဆိုတော့
ရပါတယ်တဲ့...

အသုတ်အားပါးတရနှယ်နေတာလေ...သွားမကြည့်ဖို့ ကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ပြီး ဟင်းမှာလိုက်တော့ တယ်။ တော်ကြာ မမြင်သင့်တာတွေ မြင်မိပြီး စားချင်တဲ့စိတ်ပျောက်သွားမှာစိုးလို့..အဟဲ..

ရောမမြို့ရောက်ရင် ရောမသားလိုကျင့်တဲ့..စကားပုံရှိတယ်လေကွယ်..ဟင်းရောက်လာပြီ..ပုဇွန်ထုပ်ကြီး
တပွဲ ၃ဝဝဝ ကျပ်တဲ့...

ချပေးသမျှအားလုံးစားမယ်..လူ ၆ယောက်ကို တသောင်းကျော်ဘဲကျတယ်..တကယ်ကြီးကို ဈေးချိုပါတယ်..။
 အဲ့ဒါ..ထမင်းပေါင်းအိုးတဲ့...
ကျမစိတ်ဝင်စားစွာနဲ့ ငေးနေတော့ ထမင်းတပန်းထည့်စရာရှိတယ် ဓါတ်ပုံရိုက်မလားတဲ့..ကဲ..ကင်မရာ
ပြေးယူ..ပြီး မှတ်တမ်းလေးဘာလေး..ပေါ့ရှင်...ယူထားလိုက်ပါတယ်။ထင်းနဲနဲဘဲကုန်တာတဲ့..။
လူတွေလည်း တဖြေးဖြေးများလာတယ်...မီးဖိုချောင်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး သစ်ပင်ရိပ်မှာ
ပတ်လည်မီးဖိုပြီးချက်နေကြတာဘဲ တောအလှူလုပ်တာနဲ့တောင်တူပါတယ်..။
မကျဉ်းပင်အောက်ကထမင်းဆိုင်...ဒေါ်အောင်ဆန်းစုကြည်တောင် စားတယ်ဆိုပြီးနံမည်လည်းကြီးပါတယ် တဲ့။
မိုးရွှာလာရင် ဘယ်လိုလုပ်မလဲဆိုတော့..သမီးရယ်..မိုးနဲပြီး ရွာကိုမရွာတာတဲ့..ကဲပြီးရော...
ထမင်းစားပြီး တန်းပြန်ပါတယ်။ အပြန်လမ်းမှာ ထန်းညက် ဝယ်ချင်လို့ ထန်းညက်ဖို တခုကို ဝင်ခဲ့ပါသေး တယ်။
 ထုံးစံအတိုင်း ကိုယ်တော့ သူတို့ထန်းညက်ချက်တဲ့နေရာကို စိတ်ဝင်စားပါတယ်..
ဆရာသမားက ထန်းရည်မရဘူးလားမေးတော့ ယူလာပေးပါတယ်...နေ့လည် ၁၂ နာရီကျော်နေတဲ့အ တွက်ကျမသူ့ကိုမသောက်စေချင်ဘူး.. 
 မြူအိုးတွေ...
အနောက်ဖက်မှာ ဟင်းချက်နေတဲ့ သားအဖ..ဘာဟင်းချက်လည်းဆိုတော့ ခလေးလေးကပြောပြတာ နားမလည်လိုက်ပါဘူး..ဆက်လည်းမမေးရက်ဘူး...မြေပဲဆံနဲ့ငရုပ်သီးဘဲတွေ့ခဲ့တယ်.
 သူကတော့ အမြည်းလေး ဆိုပြီး အလကားတောင်မြည်းခဲ့တယ်..စံနမူနာပါဘဲတော်...
ထန်းညက်ခဲဝယ်တာ လက်ဆောင်မပေးပါနဲ့လို့ ပြောယူရတယ်..အိပ်ထဲမှာ ပျားပုတုံးလေးတွေ အများကြီး
လက်ဆောင်အဖြစ် လိုက်ပါလာကြတယ်..😁
မဝယ်လည်း အလကား တိုက်ပါတယ်တဲ့...ကျမတို့မသောက်ခဲ့ပါဘူး...နဲနဲလေး ခွက်ဖင်ကပ်လေးဘဲ မြည်း
ခဲ့တာ..ဝမ်းပျက်မှာစိုးလို့..ခရီးရှည်ဆက်ရန် ရှိသေးတယ်လေရှင်..
 နောက်တနေရာလည်း အိပ်ပျော်နေတာကို အတင်းနိုးပြီး လက်ဖက်ရည်သောက်ဖို့ ခဏနားကြသေးတယ်
 ကွမ်းယာသည်ကိုဘဲ စိတ်ဝင်စားတာ..သူလည်းဖုံးဘဲပွတ်နေတာလေ...ဟိ..
 တလမ်းလုံးခင်ခင် မလန်းနိုင်တော့ဘူ..အိပ်လိုက်လာတာ..အမြန်လမ်းပေါ်တက်ခါနီးမှ နိုးတော့တယ်
ကားဆရာကြီးကတော့ မန္တလေးအဝင်မှာ တခုခုစားမယ်ဆိုပြီး..အကင်ဆိုင်လား တရုတ်ဆိုင်လားမသိဝင်ပါ
တယ်..သောက်စားသမားတွေချည်းဘဲ....ကြက်သားအစိမ်းကြော်တဲ့..
 ကျမတော့ ထိုဖူးဖြူ(ပဲပြား)ကင်..
ရုန်းပတီသီးကင်ဘဲစားခဲ့တယ်..
  ကြက်သားချိုချဉ်တဲ့( စိတ်ထဲမှာတော့ မြန်မာထမင်းဆိုင်သွားချင်တာ ဘာလို့မပို့ပေးလဲမသိ..ဒေါပွမိတယ်)
ကျမဟင်းသီးဟင်းရွက်ကြိုက်တတ်တော့ ကန်ဇွန်းရွက်မိူ ကြော်ထပ်မှာပါတယ်..သိလား..
ပါးစပ်ထဲမှာ အချိုမူန့် အရသာဘဲရတာ..မပြောရဲဘူးရှင့်...ရောမသားလိုနေရတာလေ...
စာရင်းချုပ်လိုက်ရင်..ဝမ်းပျက်တာအကြာကြီးရယ်..ဝမ်းတောင်ကိုက်ချင်သလိုဖြစ်တယ်..
ဒီတခေါက်ခရီးစဉ်နေရာလည်းပေါင်းစုံ အစားလည်း မျိုးစုံလေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Sunday, January 17, 2016

ပုဂံဘုရားဆက်ဖူးကြမယ်

မင်္ဂလာပါရှင်~~~
ဘုရားတွေဆက်လက်ဖူးကြရအောင်...ပုဂံနယ်မြေထဲဝင်တော့ ညနေစောင်းနေပြီလေ၊ ကားဦးတည့်ရာသွား
ကြတာပေါ့.. လမ်းမှာတွေ့တဲ့ ဘုရားတွေလှည့်ပတ်ပြီး ဖူးကြတာပေါ့ရှင်။ ဒီအာနန္ဒာဘုရားရောက်တော့ မိုး
စုန်းစုန်းချုပ်လို့ပေါ့။
ညဘုရားဖူးရတာလည်းအရသာတမျိုးပေါ့..မီးသိပ်မလင်းဘဲ စလိုက်လောက်ဘဲထွန်းတာကို 
အဝေးကနေကြည့်ရင်အရမ်းသပ္ပါယ်တာပေါ့။ 
အာနန္ဒာဘုရားဟာ သရပါတံခါးရဲ့ အရှေ့တောက်ဘက်မှာ တည်ရှိပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့ 
ကောင်းမှု့တော်ဘုရား ဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီးဟာ နန္ဒမူလှိုဏ်ဂူတော်က
 ကြွရောက်လာကြတဲ့ ရဟန္တာမထေရ်မြတ် တို့ဆီကလှိုဏ်ဂူတော်အကြောင်းကြားသိရပြီးတဲ့
နောက်သဘောကျပြီး နန္ဒမူ လှိုဏ်ဂူပုံစံ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ 
သမိုင်းမှတ်တမ်းများ အရသိရှိ ရ ပါတယ်။အာနန္ဒာဘုရား ပန္နတော်ပုံဟာ ပုဂံမှာရှိတဲ့ ဘုရားအားလုံးနဲ့ 
မတူညီတဲ့ဂရိကြက်ခြေခတ်ပုံဖြစ် ပါတယ်။
အာရုံခံလေးဘက်မှာ မုဒ်လေးမုဒ်ကို ထားရှိပြီးတော့ အလည်လေးမျက်နှာမှာ မက်ရပ်ရုပ်ပွားတော်
ကြီးလေးဆူကို ပူဇော်ထားရှိတာကိုလဲ မြင်တွေ့နိုင်ပါတယ်။ အတွင်းဘက်ကန်ပတ်လမ်း၂လမ်းကို
အလင်းရောင် လုံလောက်စွာ ရရှိအောင် ဗိသုကာပညာနဲ့ စီစဉ်ထားရှိပုံကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဂူဘုရားအပြင်ဘက် ပစ္စယာမှာ ၅၅၀ဇတ်နိပါတ် စဉ့်ကွင်းတွေကိုမြင်တွေနိုင်ပါတယ်။

အထဲဖက်မှာတော့ အလင်းရောင်တော်တော်နဲပါတယ် ဓါတ်ပုံရိုက်တာမမိုက်ပါဘူး။ အလင်းထည့်ရိုက်တော့
လည်းဘုရားမှာကပ်ထားတဲ့ အဝါရောင်ဆေးတွေ အလင်းပြန်လို့..ကဲပါလေ..ရသလောက်ပေါ့..

ခင်ခင်ရှည်ကြီးပေါ့သူများထွက်သွားမှပြုံးစိစိနဲ့



ဒီတံခါးကြီးကတော့ တကဲ့ဧရာမ အကြီးကြီးပါဘဲ ရေးထားတဲ့စာတမ်းကတော့" ရေရှည်တည်တံခိုင်မြဲဖို့ မတွန်းပါနဲ့"တဲ့ စကဒ်ထမိန်ကြပ်ကြပ်ကြီးနဲ့ထုပ်ထားတဲ့ အမျိုးသမီးတသိုက်က ခပ်တည်တည်ဘဲ....... ဟယ်..တွန်းလို့ရတယ်တော့ ဆိုပြီး တယောက်ပြီး တယောက်တွန်းကြည့်နေကြတယ်..တံခါးအောက်မှာ
ကြမ်းတုံးကြီးခံထားတော့ တံခါးကို နဲ့ သလိုဖြစ်ပြီး တံခါးက လူပ်နေပါတယ်...အံသြစွာနဲ့ သူတို့ကိုဘုကြည့်
ပေးလည်း မသိသလိုနေကြလို့ ခင်လျှာရှည်ပီပီ..စာတမ်းကို လက်ညိုးထိုးပြပြီး ပြောလိုက်မိပါတယ် မတွန်းဖို့
ရေးထားတယ်လေ..မျက်စောင်းတွေတလှေကြီးဝိုင်းထိုးကြတာ မယ်ငီးပြာကျမတတ်ပေါရှင်.. း)))
နောက်ဖက်ခြမ်းကြတော့ ပိတ်ထားတယ်..ပြင်ဆင်နေတယ်နဲ့တူတယ်..ကိုယ်ကတော့ ဟိုးတွေ့ရတဲ့
အုတ် တုံးတွေကိုအရမ်းကြည့်ချင်တာဘဲ..နှစ်ပေါင်းများစွာကြာတဲ့အုတ်တွေ ဘယ်လောက်လှပသပ်ရပ်မလဲ မြင်
တွေ့ဖူးချင်လိုက်တာ...
နောက်တနေရာပြောင်းကြပါတယ်...ဗူးဘုရားတဲ့....ပတ်ပတ်လည်က ဧရာဝတီမြစ်ဆိုပါလား..
ဘာမှမမြင်ရ ဘူးလေ..မှောင်မဲနေတာဘဲ...မကျေနပ်ဘူး..ညဘုရားဖူးကိစ္စဒီမှာဘဲရပ်မယ်လို့ ဆုံးဖြတ်ပြီး တည်းခိုရာရှာပါတယ်..ညောင်ဦးဖက်မှာ ဟော်တယ်ရပါတယ်။
ကိုယ်တို့အကြိုက်ပေါ့..အပေါ်တက်စရာမလို..လေဝင်လေထွက်ကောင်း အခန်းကျယ်ပါတယ်..ဈေးလည်း မဆိုးပါဘူး...မနက်စာမပါ..

ကိုင်း..စောစောထပြီး..မနက်စာစား( ပုဂံမှာဖွင့်တဲ့ရှမ်းခေါက်ဆွဲဆိုင်😁 ဓါတ်ပုံတော့မရိုက်မိဘူး..
ကဲ..မြစ်ကြီး ဧရာဝတီတဲ့...ဟိုး..ဖက်ကမ်းကို ကူးဖို့အချိန်မလောက်တာနဲ့..ဒီအတိုင်းလှမ်းမျှော်ကြည့်ပြီးကျေ
နပ်လိုက်ရပါတယ်လေ..။
အရင်တုံးကတော်တော်ကျယ်ပြန့်ပါလိမ့်မယ်..သောင်ပြင်ကအကျယ်ကြီးရယ်...
ကဲ...ဗူးဘုရားမှာ..ထင်ထင်လင်းလင်းကြီး..အားပါးတရဖူးလို့ရခဲ့တယ်..
ဗူးဘုရားဟာ ပုဂံမြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ ဗူးဘုရားဟာ ရှေးဟောင်း
ပျူစေတီပုထိုးပုံစံဖြစ်ပြီး ပျူတွေရဲ့ ရာဇဝင် အကြောင်းအရာတွေနဲ့လဲဆက်စပ်တယ်လို့ သိရှိရပါတယ်။ 
ဧရာဝတီမြစ်ကမ်းဘေး မှာတည်ရှိနေတာမို့ မြစ်ရေတိုက်စားမှု့ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ၁၉၇၅
ခုနှစ်မှာတော့ စေတီ တစ်ခု လုံးမြစ်ထဲပြိုကျပျက်စီးခဲ့ရလို့ ၁၉၇၈ခုနှစ်မှာ အသစ် ပြန်လည်တည်ထား 
ကိုးကွယ်ခဲ့တာဖြစ်ပါတယ်..တဲ့။


သူကချောင်ကြိုချောင်ကြားဘာချောင်းရိုက်နေမှန်းကိုမသိ..ဟီး..

ဟိုး...အောက်ဖက်ကဆိုင်တွေကို..ဆွဲရိုက်ကြည့်တာ..အကြော်သည် ၂ယောက်မနက်စာရောင်းဖို့ အဆင် သင့်ပြင်နေကြတာလေ..။
အားလုံးအတွက် ကုသိုလ်အစုစုခေါင်းလောင်းထိုးအမျှဝေခဲ့ပါတယ်နော်...
နောက်စေတီတခုကတော့...
မြစေတီဘုရား မြင်းကပါရွာရဲ့ မြောက်ဘက်မှာတည်ရှိပါတယ် မြန်မာ့သမိုင်းမှာ ထင်ရှားလှတဲ့မြစေတီ
ကျောက်စာလို့ခေါ်တဲ့ ရာဇကုမာရ်ကျောက်စာ ကြောင့်လဲမြစေတီဘုရားကို လူသိများ လှပါတယ်။ 
မြစေ တီဘုရားနေရာမှာ ရှေးခေတ်အခါက ဂူဘုရားတစ်ဆူရှိခဲ့ပြီး ရာဇကုမာရ်မင်းသားကခမည်းတော်ကျန်စစ်သားမင်းကြီးကို ရွှေဆင်းတုရုပ်ပွားတော် တစ်ဆူရေစက်ချလှူစေခဲ့ပြီး ဌာပနာမှု့ပြုခဲ့တဲ့ ဂူဘုရား တစ်ဆူဖြစ်ကြောင်း လေ့လာသိရှိရပါတယ် မြစေတီဂူဘုရားဟာ ကုန်းဘောင်ခေတ်မှာပျက်စီးယိုယွင်း သွားလို့ စေတီတော်သစ်တစ်ဆူ တည်ခဲ့ပါတယ်။
မြစေတီကျောက်စာတိုင် ကတော့ ဒီ ၂ဝ၁၅မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံရတယ်။
ကျောင်းတုံးက သင်ဖူးတာတွေ ဘာတခုမှမမှတ်မိပါဘူး..
တကယ်တော့ ကျောက်စာဟာ ကျိန်စာမတမျိုးပါလို့ ကျောက်တုံးက သူငယ်ချင်းတွေနဲ့ငြင်းခုံစကားများဖူးတာ
တော့အမှတ်ရနေပါသေးတယ်...ဖတ်ကြည့်ပါလား...ကျိန်စာတိုက်ထားတယ်ဗျ...
အရင်တုံးကစေတီတွေ ထုထည်တော့တကယ်ကြီးမားတာဘဲ..
စေတီလေး...လှတယ်မပြောရဘူးတဲ့..သပ္ပါယ်တယ်လို့ပြောရတာတဲ့..ကျမကလှလို့လှတယ်ဘဲပြောမှာဘဲ


သဲပန်းချီကားတဲ့..ဈေးမနည်းဘူးဆရာ... ကျမကိုပြောတာ ၂သောင်းလောက်ရှိတယ်..
သူကလည်း အောင်မြေနင်းပြီး ပြုံစိစိနဲ့ဘာတွေဆုတောင်းလည်းမသိ...
ပုဂံက နံမည်ကြီးစေတီပုထိုး...
သွားရင်းလာရင်း..နဲ့ရိုက်တာ...စေတီအမှတ်ဘယ်လောက်ကြောင်း!!!နံမည်မရှိတဲ့ ဘုရားကို 
နံပါတ်တွေ တပ်ပေးတဲ့ ဆြာကီကွေး ကိုတော့ ဆံလံတင်ပါတယ်..အရောင်တွေတင် ထုံးပြန်သုတ်လို့
ယူနက်စကိုက
တခုမှ ရှေးဟောင်းကမ္ဘာ့အမွေအနှစ်အဖြစ် မသတ်မှတ်ပေးတော့တာလေ....

မနူဟာဘုရားဟာ မြင်းကပါရွာမှာ တည်ရှိပါတယ်။ သထုံဘုရင် မနူဟာမင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ မနူဟာမင်းက တည်ခဲ့တာမို့ မနူဟာဘုရားလို့ အမည်တွင်ပါတယ်..တဲ့။
အဲဒီစေတီကိုလှည့်ပတ်ကြည့်နေတုံးအမေရိကန်မိသားစုတစုက စေတီတည်တဲ့မင်းဟာအချုပ်အနှောင်ခံဖူး
တော့ကျပ်တည်းစွာနေထိုင်ရတာကိုပြောပြချင်တဲ့သဘောနဲ့ ဘုရားဆင်းတုတော်ကြီးတွေကို ကျပ်ကျပ်တည်းတည်း ဖြစ်နေအောင် တည်ထားခဲ့တယ် ဆိုပြီးမြန်မာနိုင်ငံသား ရှမ်းမကို အကြီးအကျယ် ရှင်းလင်းပြောပြသွားပါတယ်... ဟီး...(ဟုတ်မဟုတ်မယ်ငီးလည်းမသိပါဘူး..)
 
ဟိုး..မူန်ပြပြတောင်ထိပ်က ဘာဘုရားကြောင်း.....
လောကနန္ဒာစေတီသည်ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ အေဒီ ၁၀၅၉တွင် အနော် ရထာမင်းတည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ဌာပနာခဲ့သည်။စေတီကို
အောက်ခြေတွင် ရှစ်ထောင့် ပစ္စာယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့်ခေါင်း
လောင်းပုံ ရှည်ရှည် ဖေါင်းရစ် အဆင့်ဆင့်ဖြင့်တည်ဆောက်ထားသည်။စေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။လောကနန္ဒာစေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက်အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃မီတာ(၆ပေခန့်) မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကိုဖူးမျှော်နိုင်ပါသည်။

လောကနန္ဒာဘုရားအနီးတွင် လောကနန္ဒာဘေးမဲ့ဥယျာဉ်တည်ရှိသည်။ ဘေးမဲ့ဥယျာဉ်အတွင်း ကမ္ဘာ့ရှားပါး မျိုးစိတ်စာရင်းဝင် ကြယ်လိပ်များကို ၂၀၀၁ ခုနှစ်တွင် မွေးမြူခဲ့ပြီး ကောင်ရေ ၄၀၀ ခန့်ရှိကြောင်း သိရှိရပါ တယ်။ ရွှေသမင်၊ ကြိုးကြာ၊ သင်္ဘောယုန်များအား ခြံခတ်မွေးမြူထားကာ ဒရယ်၊ ဆတ်၊ ဂင်လိပ်၊ ဒေါင်း၊
ကြောင်ဝံပိုက်၊ ယုန်၊ ကြက်တူရွေးတို့ကို သဘာဝအတိုင်း မွေးမြူထားကြောင်းသိရသည်။




သဗ္ဗညုဘုရားကတော့ ပုဂံမြို့ဟောင်းအတွင်း အရှေ့တောင်ဘက် ထောင့်မှာ တည်ရှိပါတယ်။အလောင်း စည်သူမင်းရဲ့ ကောင်းမှု့တော်ဖြစ်ပါတယ်။
သဗ္ဗညုဘုရားဟာ ဉာဏ်တော် ပေ၂၀၀ လောက်အမြင့်ရှိပြီး ရှေးခေတ်အခါက ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့နဲ့ ပိဋကတ် တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့လေ့လာသိရှိ ရပါတယ်။
ဘေး တက်လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော်ထားရှိတဲ့ကန္ဓကုဋိတိုက်ခေါင်မိုးပေါ် မှာအုတ်တွေနဲ့
ဆောက်ထားတာဟာလဲ ထူးခြားတဲ့ဗိသုကာလက်ရာဖြစ်ပါတယ်။
ပုဂံတစ်ဝိုက်မှာ ထုထည်ကြီးမားလှပြီး ဉာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်တာမို့ အဝေးတစ်နေရာကနေ ကြည့်ရင်တောင် ထင်ရှားပေါ်လွင်လှပါတယ်။
အပေါ်က ရှေ့နောက်တောင်မြောက် ပတ်ချာလည် လှည့်ပြီး..ဓါတ်ပုံတွေရိုက်
မီးကလည်း ရိူ့ကြသလားမမေးနဲ့...
အားလုံးနှံ့အောင်တော့ မလည်နိုင်ခဲ့ပါဘူး..


ကဲ..သူကတော့..ဆင်းနေပြီ...
ဒီကလည်း..ကမန်းကတန်း ရိုက်ပြီး..အပြေးလိုက်ရတာပေါ့ရှင်..
ကျမပုဂံဘုရားသမိုင်းကို မသိပါဘူး..အခုဒီပုဂံအကြောင်းတင်မယ်လုပ်တော့ သမိုင်းကြောင်းလည်းမထည့်
ရင်မကောင်းတာနဲ့ အပ်ချလောင်းဆိုပြီး ဂူဂဲတန်ခိုးနဲ့ရှာလိုက်တော့ တွေ့ပြီ..ဒီကနေ စာလုံးစောင်းထားတဲ့ 
အပိုင်းတွေအားလုံးက တိုက်ရိုက်ကူးချလာပါတယ်..အဟဲ..
နောက်ပိုင်း ကျမမိတ်ဆွေများ ပုဂံကိုသွားမယ်ဆိုရင် သမိုင်းသိအောင်လို့ပါရှင်...
ညောင်ဦးဘလော့လေး ကိုလည်းကျေးဇူးတင်ပါတယ်...လို့..

ဗိုက်ဆာပြီလေ...နောက်တခါကျရင် ပုဂံမှာ စားဖို့အသင့်တော်ဆုံး ထမင်းဆိုင်နဲ့မိတ်ဆက်ပေးမယ်နော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
အော်..တခုပြောဖို့ကျန်သွားတာက ကြိုးတချောင်းထဲ ဘောလီလိုလို ရှင်မြီးလိုလို ဝတ်ပြီးခေတ်ရှေ့လွန်နေ တဲ့မြန်မာဘုရားဖူး တသိုက်တွေ့တော့...Oh my Goh...ဆိုပြီးမယ်ငီး ဘိုဆန်စွာအော်မိပါတယ်..အဟီး. 😂