Showing posts with label စားမယ်ချက်မယ်. Show all posts
Showing posts with label စားမယ်ချက်မယ်. Show all posts

Monday, January 29, 2018

ဟောဒီက..ပဲပြုတ်စစ်စစ်တော့..

မင်္ဂလာပါရှင်~~~




မြန်မာပြည်ကစားတော်ပဲရှင့် သေသေချာချာကြည့်ရင်အရွယ်မညီတာဘာညာကွီကွရောထားပေးရှာရတာခဲပါတာကကိုယ်တို့ရဲ့မဟာအမှတ်တံဆိပ်ပေါ့ရှင်။အညာသားတွေကပဲဘဲစားတယ်တဲ့လား...။ အိမ်ကအညာသားကြီးကို ရှမ်းခေါက်ဆွဲများ တုတ်ပြကျွေးရပေါ့။ ပဲဆိုရင်တော့ လာထားဘဲ..။ နေ့တိုင်းစားလည်းမရိုးနိုင်။ပဲမျီုးစုံလိုချင်တော့ အာချားဟဲဒေသ ခဏခဏကြွရတာအမောဗျ..။
ဒီတခါ ဒီဇင်ဘာသူအလုပ်ကိစ္စနဲ့ ပြည်တော်ပြန်တုံး ဈေးထဲက ပဲပြုတ်ပြုတ်တာ စားတော်ပဲလို့ခေါ်သတဲ့။ အဲ့ တာလေးတထုပ်ဆွဲခဲ့တယ်..။ အိမ်မှာ အာချားဟဲတို့ဆီက မပြုတ်ဖြစ်လို့ ရူံ့တွနေစပြုတဲ့ ပဲလေး အသာထား ခေါက်လို့ သူ့စားတော်ပဲလေးထုတ်ပြုတ်ပါတယ်။ စကားမစပ် ခင်ခင်တောသား စတော်ပဲကို ဘိုလိုခေါ်တတ် ဘူးရှင့်။ ၂ခုယှဉ်ကြည့်တော့လည်း မတူသလိုပါဘဲ..😀😂

မျက်မှန်အသေပင့်ကာဝင့်ဝင့်ပြီးကြည့်လည်း တူသလိုလိုမတူသလိုလို...။ ဒီက white bean, green pea တို့ကို အမြဲဝယ်ပြီး ပြုတ်တာဘဲ..အိုကေ..လို့..။
ကိုင်း ပဲလက်၂ဆုပ်လောက်ပြုတ်အုံးမှ..။ ခဲသလဲမရွေးဖြစ်တာအတော်ကြာ ခုမှတောအိမ်လေးပြန်သတိရ သလိုလို ဟိုနေရာလေးလွမ်းသယောင်ယောင်...အဟဲ...ခံစားမူ့တွေလည်းပေးတတ်ပါ့ ကိုစားတော်ပဲလေး ရယ်..ဟိုကလည်း ဘေးကနေ တွန်းအားပေးပါတယ် သေသေချာချာရွှေးနော်မိန်းမ ခဲဝါးမိရင် အရသာ၈ွမ်
ရော..ဆိုဘဲ..။ ရွှေးထားတဲ့ အမိူက်တွေကို မြန်မာပြည်အမှတ်တရသိမ်းထားရအောင်ပြောတော့ မျက်စောင်း
ထိုးတော်မူပါတယ်..😝😜
ပဲဆိုတာ အားလုံးမနူးရင် စားမကောင်း အရွယ်မညီတော့ ရေတညစိမ်ကတဲက ရွှေညာဏ်တော်တွေ ကွန့်ရ တာပေါ့လေ။မုန့်ဖုတ်ဆိုဒါနဲနဲထဲ့ရေစိမ်ပစ်လိုက်တယ်။ ပြီး အဝတ်ပါးနဲ့ရေစွတ်ပြီး အညှောင့်ထွက်အောင် ထားရတာလေ..။ ဒါကပထမတရက်ပြီးတော့ နဲနဲလေးထွက်လာတာ။
 ဒုတိယရက်ကျမှ လှတပတလေး ရှည်ထွက်လာပြီ..ကဲ..ပြုတ်တော့မယ်ရှင့်..။
ဘာမှထွေထွေထူးထူးမလိုပါဘူး..။ ဆီနဲနဲ ဆော်ဒါနဲနဲ ကြံသကာရည်(အီဖေကိုယ်တို့က ပြုတ်ပြီး အရည်စစ် ပုလင်းထဲထည့်ထားတယ်လေ) နဲနဲလောင်းထဲ့။ ဒါဆိုရပြီ...။ ကြက်သားမှုန့်တို့ အချိုမှုန့်တို့ဘာတို့သွားမထဲ့ 
လေနဲ့ အရသာတကယ်ဘဲဂွမ်သွားမယ်...။ ရန်ကုန်က ဟင်းချက်ဆရာ ဆရာမကြီးတွေချက်ပြနေတာ ကြက် သားမှုန့်ချည့်ဘဲထဲ့နေတာဘဲ။ ဘာအသားဟင်းဘဲဖြစ်ဖြစ် သေချာတာက သူတို့လျှာက အရသာစစ်စစ်ဘယ်
လိုမှ မသိနိုင်ဘူး။ ဒီတော့ သူတို့ဟင်းတွေ အရသာကောင်းမယ်လို့မထင်ဘူး..ဟီးဟီး...ပြန်ကြားရင် မယ်ငီး
ကိုဝိုင်းကလော်ကြမှာဘဲ...။

သေချာတာက မနေ့တနေ့ကမှ ချက်ပြုတ်တတ်လာပြီး အရသာတဖက်ကမ်းခပ်ကောင်းအောင်လည်း ချက် တတ်လေသူကြီးကမယ်ငီးပေါ့...ရှင်..။ (ကိုယ့်ကိုယ်ကိုဖော် မသူတော်ကြီးလေ.............😁😂😝) ဒီလိုအရသာကောင်းတဲ့ပဲပြုတ် ပြုတ် တတ်ဖို့  ၇ နှစ်ကြီးများတောင် ပြုတ်ပစ် ပြုတ်ဝဲ ခဲ့တာတွေတော့ အသာလေးမေ့ထားပြီး ကြွားတာ အရသာရှိထှာ...တကယ်တော့ အလုံးသေးသေးလေးတွေက ပိုစား
ကောင်းနေသလိုပါဘဲ...။

ဟောဒီက!!! ပဲပြုတ်ပူပူလေးရှင့် .....ထမင်းနဲ့နယ်ရင် ပဲထမင်း ။ ထမင်းကြမ်းခဲလေးနဲ့ကြော်ရင် ပဲပြုတ်
ထမင်းကြော်။ အာချားဟဲတို့ဆီကနံပြားနဲ့ပဲပေါ်ဆီဆမ်းဆားဖြူးရင် ပဲနံပြား။ ဟောင်ကောင်ဆိုင်က အီကြာ
ကွေးနဲ့စားရင် ပဲအီကြာ။ မုန့်ဟင်းခါးထဲညှပ်ထဲ့မလား ဆန်ပြုတ်နဲ့စားမလား...ထိုဖူးနွေးနဲ့အုပ်လည်းရ..
ကဲ..ဘာလိုသေးလည်းရှင် လောကမှနေတတ်ရင်လည်း ကျေနပ်စရာတွေအများသား...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Ps...India ကပဲမဝယ်တာစိတ်မကောင်းမဖြစ်ပါနဲ့ ပဲကိုထုတ်ရင် သဲမပါခဲမရော အရွယ်အစားညီအောင်ရွှေး
ဒါဆိုရင် ပဲဈေးက တသက်မကျဘူးရှင့်...လူတိုင်းစားပါတယ်..ကဲ..အရာကြီးလေသံလည်းဖမ်းတတ်ပါ့တော်
😅😆😁😂😎😋😉


Sunday, November 12, 2017

တောင်ငူမုန့်ဟင်းခါးအသုပ်

မင်္ဂလာပါရှင်~~~
အပြင်ထွက်တိုင်းတခုမဟုတ်တခုဖြစ်နေလို့ အာလာဂျှီသမားများအိမ်ထဲမှာဘဲနေတာအသင့်တော်ဆုံးအချိန်
ဆိုတာ ရေဒီယိုကလာတာကြားတော့မှဘဲ အိမ်ထဲကုပ်နေရတော့တယ်။ ကဲ..အိမ်မှာနေတော့ အားတိုင်းရေ ခဲသေတ္တာဖွင့်၊ဘာစားရမလဲစဉ်းစား..။ Anthony bourdain ပြောသလိုပါဘဲ..။ လူတွေဟာငြီးငွေ့လာရင် အစာ စားချင် တဲ့ဆန္ဒတွေဖြစ်လာတယ်ဆိုတာ..အဟုတ်ပါ့...။

ကဲ..ပျင်းပျင်းနဲ့ တောင်ငူမုန့်ဟင်းခါး လုပ်စားအုံးမယ်..။ အဓိကကတော့ အရည်နဲ့သောက်ချင်တာမဟုတ်ဘဲ
အသုပ်လုပ်စားချင်လို့ပါ။ လသာ၂မှာ ဘော်ဒါဆောင်ကျောင်းသူဘဝကတဲက တွဲခဲ့တဲ့ တောင်ငူသူ သူငယ် ချင်းတယောက်ကောင်းမူ့နဲ့ တောင်ငူအခေါက်ခေါက်အခါရောက် ဒေသကောလိပ်မှာလည်း တောင်ငူသူ
တပုံတခေါင်းနဲ့တွဲပြီး သူတို့ပြောတဲ့ မုန့်ဟင်းခါးဆိုတာ စားဖူးခဲ့ပါတယ်။ အဲ့တုံးကတော့ သိပ်အကြိုက်ကြီး မဟုတ်ပါဘူး။ မှန်တာပြော ကိုယ့်နိုင်ငံပြင်ပရောက်မှ မုန့်ဟင်းခါးကို စားတတ်လာတာ..။အဟဲ...ဒီက အလှုအဒါန်းမှန်သမျှမုန့်ဟင်းခါးကများတာကိုးဗျ...အဲ့တာနဲ့ မုန့်ဟင်းခါး စွဲလမ်းသွားရှာလေရောဗျာ...😂

တကယ်တော့ တရုတ်ကုန်စုံဆိုင်မှာ ဈေးဝယ်ရင်း ထိုင်းကလာတဲ့ ကောက်ညှင်းဆန်လှော်မုန့်တွေ့မိလို့ပါ။
ကိုယ်တော့ ထိုင်းအီစန်ဒေသအစားအစာလို အသုပ်မှန်သမျှ ကောက်ညှင်းဆန်လှော်မုန့်ထဲ့သုပ်ဖို့ဝယ်လာ
တာပါ။ နောက် တောင်ငူမုန့်ဟင်းခါးမှာလည်း ထဲ့တာသတိထားမိလို့..အင်း..ထိုင်းနဲ့ တောင်ငူဘုရင်ဆက်
စပ်မူ့ရှိတာ...ဒီတချက်လည်းပါမယ်နဲ့တူတယ်..ဟီးဟီး..😆😜😝

တောင်ငူမုန့်ဟင်းခါးက ပဲမုန့်တို့ ဆန်လှော်မုန့်တို့မသုံးဘူး။ အရည်ကြဲလေးပါဘဲ။ အဓိက တခုကလည်း ပဲကြော်ဆိုဘဲ...။ ကိုယ့်မှာ ကြော်ရသေးဗျား...။

ပဲသီးနုနုလေးပါးပါးလေးလှီး၊ ခရမ်းချဉ်သီးလည်းပါ၊ ဆီချက်လည်းမမေ့နဲ့၊ ငံပြာရည်လေးတပေါက်လောက်၊
ကောက်ညှင်းဆန်လှော်မုန့်နဲနဲ၊ ငရုတ်သီးလှော်လေးဖြူး(ဗလူဗလူးလုပ်ထား=မယ်ငီးစကားစက်နဲ့လှည့်တာ 😍ပြီးမီးအေးအေးနဲ့ပြန်လှော်)၊ မန်ကျဉ်းသီးရည်လေးတဇွန်းလောက်၊ အိုး..မေ့နေလို့...ငါးခူပြုတ်ပြီး အသား ထွင် ကြက်သွန်ဖြူနီ ဂျင်းနဲ့ပြန်ကြော်ထားတာလေးတဇွန်း၊ ကဲ...န့ံ့နံ့ပင်လေး၃ဖတ်လောက်..ပစ်ထဲ့..နယ် ဖတ်ပါလေ...အပ်ချလောင်း...
ပထမတပန်းကန်ကတော့ ခပ်ခြောက်ခြောက်လေးသုပ်မယ်..။ နောက်တပန်းကန်မှာတော့ ဟင်းရည် 
(ငါးပြုတ်ရည်ထဲ ကြက်သွန်ဖြူနီ ဂျင်းထဲ့) လေးနဲနဲဆမ်းမယ်..ခပ်ရွဲရွဲလေးပေါ့...လာစမ်း..အအေးမိလို့
ရူးရှဲနေတဲ့နှာရည်တွေ ချဉ်ချဉ်ငံငံစပ်စပ် ပူပူတွေနဲ့တိုက်ပစ်မယ်...အဲ့လိုနဲ့ဘဲ..မယ်ငီးလည်း ပေါင်ချိန်တွေ
တရိပ်ရပ်ပါဘဲ..တက်လာနေပါတယ်လို့....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Thursday, October 19, 2017

ထိုင်းပါလာတူးငါး

မင်္ဂလာပါရှင်~~~
ပါလာတူးချိန်လို့ ထိုင်းနိုင်ငံဈေးထဲမှာ ပေါင်းခြင်းတောင်းထဲမှာ ၃ကောင် ကြီးရင် ၂ကောင်ထဲ့ပြီးရောင်းတာ
မြင်ဖူးကြမှာပေါ့။ တခြင်းကို ဘတ် ၂ဝ လောက်ဘဲပေးရတာပါ..။ အကောင်ကြီးမှဈေးကြီးတာ။ အဲ့ဒီငါးက တော့ ထိုင်းတွေရဲ့အဓိကထားစားရတဲ့ အသားငါးပါဘဲ။
ထိုင်းလို ปลาทู Mackerel or Short mackerel ဗမာလိုငါးသေတ္တာငါး..ဘယ်လိုခေါ်ခေါ်လေ သိပ်ဈေးမကြီး
ဘဲအရသာအဟာရပြည့်ဝပေးနိုင်တဲ့ငါးလို့သာမှတ်ယူလိုက်ပါရှင်။ ဒီတခါ မယ်ငီး ကိုယ်တို့ဘီရုမာပုံစံ ရိုးရိုး ငါးသေတ္တာငါးကိုကြော်တာမဟုတ်ဘဲ ထိုင်းလို ပေါင်းပြီး ကြော်စားနည်းလေးမျှဝေရအုံးမယ်။
ဒီကအားချဲဟဲဆိုင်ရောက်ရင် ရေခဲရိုက် အာရှဖက်က ငါးတွေသွားချောင်းရတယ်။ ဘာစားရင်ကောင်းမလဲ
ဆိုတော့ ပါလာတူးငါးတွေ့တာနဲ့ တထုတ်ဆွဲခဲ့တယ်လေ..။ အရင်ဆုံး ရေခဲသေတ္တာအောက်ဖက်ကို ၃ကောင်ပြောင်းထားမယ်။ ပလာတူးချိန်လုပ်ဖို့ ငါးငံပြာရည်နဲ့ ဆားနဲနဲ ရေ ဒါဘဲလိုတာပါ...။ ငါးငံပြာ ရည်အများကြီးသုံးရမယ်ဆိုတော့ နဲနဲဈေးပေါတဲ့ငံပြည်ရည်ရှာဝယ်လာရသေးဗျား...😂
နောက်နေ့မနက်ဆေးကြောသန့်စင်ပါ ။ ပါးဟက်နားကနေဘဲ အထဲကကလီစာအူတွေဆွဲထုတ်နော်..ဗိုက်
မဖေါက်ပါနဲ့..။
 ငံပြာရည်နဲ့ရေဆတူထဲ့ရမယ်..ငါးမြုပ်အောင် ၃နာရီစိမ်ရပါမယ်။ မပိုမလို ၃နာရီပါ...
ငါးစိမ်ဖို့ခွက်တွေပုဂံတွေရှာလိုက်တာ..မုန့်ဗူးစားပြီးပစ်မလို့ တော်သေးဗျား..recycle လုပ်လို့ရ 👌
ကိုင်း..ရေတခွက် ငံပြာရည်တခွက် ဆားနဲနဲထဲ့ ပြီး ဟိုလှန်ဒီလှန်ပေါ့... ၃နာရီဆက်တင်ချိန်ပြီး ငပိတခွက်
ထောင်းထားလိုက်ပါရှင်..ချဉ်ချဉ်စပ်စပ်လေးနော် ။ အော်..ငရုပ်သီး ပုဇွန်ခြောက် ငပိ သံပုရာသီး ဒါလောက်
ပါရင်လုံလောက်ပြီ အရသာပျက်အောင် အချိုမူန့် ဟင်းခပ်မူန့်ဆိုတာ သွားမထဲ့လေနဲ့..။
 ၃နာရီပြည့်ရေစစ်ပါ
ပြီး၁၅မိနစ်ပေါင်းပါ....ပြီးမှ ခြောက်အောင်ကျမထားလိုက်တယ်..။နို့မို့ကြော်ရင် ဆီပေါက်မှာနော်... ဆားတွေ
ဘာတွေထပ်ထဲ့စရာမလိုတော့ပါဘူး။ လုံးဝမညှီတဲ့ ငါးကြော်နူးနူးညံ့ညံ့လေးတပွဲပေါ့...။
ကဲ..စားခါနီး ဆီပူပူမှာထိုးကြော်လိုက်ပါ။ ငပိထောင်းလေးလည်းသံပုရာသီးညစ်အုံး ငါးကြော်မွှေးမွှေးလေး
တို့စရာရုံးပတီသီး ပဲသီး မုန်လာထုတ်ပြုတ် အဆင်သင့်ဖြစ်ပါစေ..ကွယ်..အော်..ကုလားလေးကောင်းမူ့က ဒန့်ဒလွန်ရွက်တောင်ရလာတယ်..နုဖတ်နေတာဘဲ ပုဇွန်ခြောက် လက်သည်းခွံလောက် ၅ကောင်ကို ကြက်သွန်ဖြူ၂တက် ဓါးပြားရိုက် ကြက်သွန်နီလေး တခြမ်းလောက်ပါးပါးလှီး ဗွက်ဗွက်ထနေတဲ့ဟင်းရည်
ထဲပစ်ထဲ့၊ ဆူလာရင် ငရုတ်ကောင်းလေး ငံပြာရည်(ဒီတခါတော့ အကောင်းစားလေးပေါ့..ဟီး) ၂ပေါက်
လောက်ထဲ့ဆားမြည်းပေါ့ရင် နဲနဲထဲ့၊ အသားမူန့် ဟင်းခပ်မူန့် အချိုမူန့် အားလုံးမေ့ထားလိုက်ပါ။(ကျမဆို
လုံးဝမစားတာ မစားကြပါနဲ့ရောဂါများလွန်းလို့တဲ့...ကြားထဲကနေ ဆြာမကီးကဝင်လုပ်လိုက်ရသေး😆)
ဒီနေရာမှာဝင်ကြည့်ပါ သူတို့ပါလာတူးငါးနဲ့ချက်ထားတဲ့ မျိုးစုံလင်လှတဲ့ ထိုင်းစတိုင် ငါးဟင်းတွေပါ..။

ကြုံတုံး ငီးငီးအဓိကသုံးတဲ့ ပဲငံပြာရည်ပုံနဲ့ ငါးငံပြာရည်ပုံ ပြအုံးမယ်..။ ငံပြာရည်တွေမှာလည်း အချိုမူန့်
တွေထဲ့တတ်တယ်။ ဝယ်ရင် သေချာရွှေးဝယ်ပါ။ ကိုယ်တော့ ရွှေးရင် မေးရင်း..ဒီ၂ခုကိုအရမ်းကြိုက် သွားတာ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage

Thursday, September 28, 2017

ခရမ်းသီးချိုချဉ်ကြော်

မင်္ဂလာပါရှင်~~~
ကျိုင်းရိုင်းခရီးသွားတာရှေ့မဆက်ခင် ခရမ်းကြော်အုံးမှ..👌 ခရမ်းသီးကို ခရမ်းသီးနှပ် မီးဖုတ်သုပ် သီးစုံ ဟင်းထဲရော..ဒီလောက်ဘဲအစကချက်တတ်တာ။ ခုမှ တရုတ်စတိုင်ဟင်းတွေကြည့်ရင်းတွေ့လာတာ။
သူတို့နည်းလည်းပါ ကိုယ့်နည်းလည်းရော...သက်သတ်လွှတ်ဟင်းတခွက်ရလာရော😋
ရေခဲသေတ္တာထဲက ခရမ်းသီးပိန်ပိန်လေးတလုံးဒေါင့်ကပ်နေတာ အဲ့တာနဲ့ ဆွဲထုတ်ပြီးစီမံရတာပေါ့။
သိပ်အဆန်းကြီးမဟုတ်ပါဘူး..။ ပုံထဲပါတာတွေ ဟင်းသီးဟင်းရွက်ဆီ ကိုးရီးယားငရုပ်သီးအနှစ် ဆား
ငရုပ်ကောင်း ဟင်းချက်အရက် ပဲငံပြာရည် ခရုဆီ ငါးငံပြာရည် နှမ်းဆီ( အင်း..သက်သတ်လွှတ်
ပြောမရတော့ဘူးပေါ့ ခရုဆီနဲ့ငံပြာရည်ပါနေတာ..ဟီး 😂)
 အိုး..မေ့သွားလို့ မပါမဖြစ် ပန်းသီးရှာလကာရည် ထညက်ခဲကိုကျိုထားတာအချိုရည် ပြောင်းဖူးမူန့်
ကိုင်း..အားလုံးနဲနဲစီ ရောနယ်ပါလေ့...ကျမထုံးစံတော့ အချိုမူန့် အသားမူန့်ထည့်လေ့မရှိဘူး..။ ကျမလုံးဝ မစားတတ်လို့ပါ..။ အပြင်စာစားလို့ပါရင် ပါးစပ်ကနေလို့မရဘူး..။ အန်ချင်သလို ခေါင်းမူးသလို ကော်ဖီလို
ချိုချိုပူပူ သောက်လိုက်ရမှနေတာထိုင်တာရှိတော့တယ်။ မြန်မာပြည်က ဟင်းချက်ဆရာကြီးများ ၉၉.၉၉%
ကြက်သားမူန့်သုံးကြတယ်။ ဥပမာ ဒီခရမ်းသီးဆိုပါတော့ အသားမပါတဲ့အတွက် ခရမ်းသီးအရသာထွက်
နေရမှာလေ..ကြက်သားမူန့်သုံးတော့ ကြက်သားအရသာဖြစ်သွားပြီပေါ့နော်..။ဒါကမယ်ငီးအတွေးပါလေ။
 ကဲပါလေ..အရောင်လှအောင် နီနီ စိမ်းစိမ်းတွေထည့်ရအောင်...
ကြက်သွန်ဖြူနီဆီသပ်...ပြီးခရမ်းသီးလောင်းထဲ့၊ ကျမကျားကျားကြီးက နူးမှစားချင်တယ်ဆိုလို့ ခရမ်းသီး ထဲ့ပြီးရေနဲနဲထဲ့ အဖုံးအုပ်ထားရသေးတယ်။ ခရမ်းသီးနူးမှ ရောစပ်ထားတာတွေလောင်းထဲ့ အဖုံးခန ပိတ် ထားပြီးရင် အိုကေပါပြီလေ
ဟော...ခရမ်းသီးချိုချဉ်ရပြီ ချိုချိုချဉ်ပြုံးပြုံးလေး..ငရုပ်ကောင်းပူပူလေးနဲ့ ကိုချုးကျန်လို့ ခေါ်တဲ့ကကြီးငရုပ်သီး
မစပ်တစပ်တခွက်...ထမင်းပူပူလေးနဲ့ ငပိထောင်းစပ်စပ်တခွက်ဆိုရင်..အိုကေပါပြီ...အရည်သောက်
ကကြက်ပေါင်း...
ကျားကျားနလံထခါစ ရာသီအပြောင်းဆိုတော့ ကြက်အနက်ကို တရုတ်ဆေးနဲ့ပေါင်းပြီးသောက် ဒီကြက်
ကအဆီများတယ် အားလုံးခါွတာတောင် အဆီဝေ့နေတာ...ကျမဆီ တဂါလံဆိုရင် ၆လလောက်သုံး
ရတယ်..အဲ့လို..ဆီစားသုံးပုံက...😁😆 ကြောက်တာလေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage

Tuesday, October 4, 2016

မဟာဒုတ်အလှုနဲ့အင်းသားဟင်း..

မင်္ဂလာပါရှင်~~~
ဝါခေါင်လဆိုရင် မဟာဒုတ်စာရေးတံမဲပွဲကို နေရာတော်တော်များများကျင်းပကြပါတယ်။ မယ်ငီးရဲ့ ကျိုင်းတုံ
ဈေးတန်းကြီးရပ်ကွက်မှာလည်း အစဉ်အဆက်ကျင်းပလာတာပေါ့။ ကျိုင်းတုံမှာက လူမျိုးပေါင်းစုံဆိုတော့
ဘုန်းကြီးကျောင်းတောင် ဂုံရှမ်းကျောင်း ရှမ်းကျောင်း ဗမာကျောင်း ..အိုး..စုံပါ့ဗျား..။ ကိုယ်တို့ဈေးတန်းကြီး
ရပ်ကွက်က ကျောင်းမောက်မယ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ဂုံကျောင်းမဟုတ် ရုမ်းကျောင်းမဟုတ် ဗမာ မဟုတ်တဲ့ ရပ်ကွက်သားတွေရဲ့ဘုန်းကြီးကျောင်းတကျောင်းဆိုပါတော့။ ခုတော့ ကောင်းမူခမ်းကျောင်းတဲ့
နံမည်ပြောင်းသွားပြီ..။ကျောင်းလည်းအများကြီးပြောင်းလဲသွားတယ်။ ထားပါလေ..ပြောပြချင်တာက အ တိတ်ကဇာတ်လမ်းကောင်းလေးတွေအကြောင်းပါ...။
ဘုန်းကြီးကျောင်းမှာလူစုနေကြတာ ဘုရားပေါက်တဲ့အိမ်ကိုဘုရားပင့်ပြီးသွားပို့
ဘုန်းကြီးကျောင်းရဲ့သာရေးနာရေးကိစ္စအဝဝကို ဦးစီးတာက အင်းသားတွေလေ..ဒီတော့အင်းသားအငွေ့အ သက်မကင်းတဲ့ ဘုန်းကြီးကျောင်းပေါ့.။ရပ်ကွက်ထဲမှာလည်း အင်းသားတွေများခဲ့တယ်။ ခုတော့ သိပ်မရှိကြ
တော့ပါဘူး။ ဆုံးပါးသွားတာ နေရာဒေသတွေ ပြောင်းကုန်ကြတာနဲ့ နဲနဲလက်ကျန်ထုံးတမ်းစဉ်လာနဲ့ဆက်ပြီး
ချီတက်နေဆဲပါဘဲတဲ့။ အကြိမ်ပေါင်း ၄ဝ ရှိပြီတဲ့..။ ကိုယ်တို့ခလေးဘဝကတဲကပါဆို...။
ဘုရားပင့်
အဲ့ဒီအထဲမှာ ဝါခေါင်လ မဟာဒုတ်အလှုဆိုရင် အရမ်းပျော်စရာကောင်းတာပေါ့။ ဘယ်အိမ်က သံဃာတော် ဘယ်နှစ်ပါး ပင့်မလဲဆိုတာစာရင်းပေး၊ ပြီး လိုအပ်တဲ့သံဃာအရည်အတွက်ရအောင် တခြားဘုန်းကြီး
ကျောင်းမှာ ပင့်ဖိတ်ခဲ့ကြတာပေါ့။ဘုန်းကြီးကျောင်းမှာမဲတွေနိူက်တယ်။ ဘုရားမဲ၊ ရှင်ဥပကုတ္တမဲ နဲ့ ရှင်သီဝ လိမဲ ဒီလိုသတ်မှတ်ထားပြီး အလှူရှင်နံမည်ကို မဲလိပ်လုပ်ပြီး မဲနှိုက်ကြတာ..။ကိုယ်ရည်စူးတဲ့ သံဃာအရည် အတွက်ကသတ်သတ် သတ်မှတ်ထားတဲ့ မဲသုံးမဲကနေ တစ်မဲပေါက်ဖို့ကံစမ်းရတယ်။ကိုယ့်နံမည်ခေါ်သံ
ကြားရရင် ကံထူးပြီသာမှတ်ပေတော့..။
ဈေးတန်းကြီးရပ်ကွက်သူတွေရဲ့ဝတ်စုံ

ခုတော့ တချို့လူတွေကတခြားရပ်ကွက်တွေကိုပြောင်းသွားပေမဲ့လည်း ဒီအလှုမှာပါလို့
ဘုရားမဲပေါက်တာနဲ့ အဲ့ဒီအထိရပ်ကွက်သားတွေကတပျော်တပါးသွားပို့ကြတယ်





ဘုန်းကြီးကျောင်းတခုလုံး စာသင်တိုက်ကသံဃာတွေ ကိုရင်ငယ်လေးတွေနဲ့ ဝါထိန်ပြီး ရူပ်ယှက်ခပ်နေတာ
အရမ်းပျော်စရာကောင်းတာဘဲ။ တချို့လည်း အိမ်ကိုမပင့်တော့ဘဲ စုပေါင်းအလှူသဘောမျိုးလုပ်ပြီး စုပေါင်း အလှူငွေထဲ့ ဘုန်းကြီးကျောင်းမှာဘဲ စုပေါင်းချက်ကြပါတယ်။ တရပ်ကွက်လုံး အိမ်တိုင်းနီးပါးဆွမ်းကပ်ကြ
တာပေါ့။ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေဖိတ်ကြနဲ့ တလမ်းလုံး အဝင်အထွက်တွေများပြီး ပွဲတော်လိုစည်
ကားနေတာပေါ့ရှင်..။ အဟင်း...ပြောစရာမလိုအောင် မယ်ငီးတို့အိမ်က အင်းသားဟင်းပေါ့...။စပယ်ရှယ်
အဖေ့လက်ရာ ဝက်သားနီချက် ငါးအစပ်ချက် ပဲပုပ်စေ့ကြော် ထိုဖူးခေါက်ကြော် ဂျုးမြစ်သုတ် အစိမ်းကြော်
အကြီးဆုံးအိုးကတော့ ငါးရံ့ဆန်လှော်ဆေးခါးပေါ့ရှင်...။
သွားဖို့အစဉ်သင့်တဲ့..
 လမ်းထဲက အဖေ့အမျိုးတွေ မိတ်ဆွေတွေ အမေ့အမျိုးတွေ အထူးသဖြင့် ဦးကြီးတွေ အဖိုးကြီးတွေပေါ့။ "ဟယ်..အယ်ဆိမ်းမောင် ဆေးခါးဟင်းချက်ရင် ငါ့အိမ်တခွက်လာပို့လှဲ့"ဆိုတဲ့ သူတို့အင်းသားစကားနဲ့ပြော
ဆိုထားပြီးသား အမိန့်ချထားပြီးသားလေ။ "ကျမအဖေနံမည် "သိန်း"ဆိုတာ အင်းသားအသံထွက်နဲ့ဆိုဆိမ်းတဲ့..ဟိ.😁 ပြီးခဲ့တဲ့အပတ်က အိမ်မှာ မဟာဒုတ်အလှုလုပ်တာ သံဃာ ၅ပါးယူတယ်တဲ့။ အဖေရှိတုံးကဆို ၇ပါး ၉ပါး ဒီလိုယူတတ်တယ်။ တခါတလေလည်း ၅ပါးပေါ့...။ လူအားလည်းများတော့လုပ်နိုင်တယ်လေ..။ ခုတော့ တူမလေးနဲ့ အမေတို့ရဲ့မွေးစားသမီးဘဲချက်တာ..။ အမနဲ့ တူမအမျိုးသားကသူတို့မိတ်ဆွေတွေလည်းဖိတ်ချင်တယ်ဆိုလို့ ဖိတ်ချလာတာ စုစုပေါင်းလူ ၅ဝ လောက်ဖြစ်သွားတယ်တဲ့။အမေကအရမ်းပျော်နေတာတွေ့ရတော့ ဝမ်းသာကြည်နူးမိတယ်။
နောင်ဖာဆိုတဲ့ရပ်ကွက်အသွား..
ဘုန်းကြီးကျောင်းကဓါတ်ပုံတွေကိုတော့ တော်လည်းရမတော်လည်းရ ဆွေမျိုးနီးစပ် အင်းသားမျိုး စာသင်
ပေးခဲ့ရတဲ့တပည့်မလေးတယောက် (သူကတော့ ကျျိုင်းတုံမှာသူဋ္ဌေးမကြီးဖြစ်နေပြီတဲ့)ရဲ့ fb ကဓါတ်ပုံကို သုံးထားတာပါ။ ကဲ..မယ်ငီးအိမ်ဖက်က ဟင်းတွေသွားချောင်းကြည့်ရအောင်လေ...
 ပဲပုပ်စေ့ကြော်နဲ့နမ့်ဖစ်(ခရမ်းချဉ်သီးပဲပုပ်ထောင်း)
 အချိုပွဲကတော့ အဆန်းမဟုတ်ပါဘူး..နေရာတိုင်းရနိုင်တဲ့မုန့်တွေအသီးတွေပါ..
ဝက်သားနီချက်(ကြက်သွန်ဖြူနဲ့ချက်ပြီးကြက်သွန်နီကိုအလုံးလိုက်ထဲ့တာ) သူတို့ကတော့ မယ်ငီးလိုသား သားမြင်တာနဲ့ သားရေတမြားမြား ဓါတ်ပုံတွေမရိုက်တတ်ရှာဘူးလေ..အဟီး.....(ကိုယ့်ကိုကိုယ်ဖော် မသူတော်ကြီးလေ..)တို့စရာနဲ့ ငါးချိုချဉ်..
ဂျုးမြစ်သုပ်ဓါတ်ပုံကမွဲချက်ဗျာ...ကိုယ့်ရဲ့အကြိုက်ဆုံးဟင်းထဲကတခွက်ပေါ့..ဂျုးမြစ်ကို ဆနွမ်း မကျဉ်းသီးမှည့် နဲ့အရင်ဆုံးပြုတ်အကြာကြီးမဟုတ်ဘူး..ခဏလေးပါဘဲ။ ပြီးရေစစ်ထား လက်နဲ့သေသေချာချာညှစ် ရေ မပါ
အောင် နှမ်းမဲလုံးလှော်(နမ်းအပြားမျိုးမဟုတ်) မညှက်တညှက်ထောင်း ဆီချက် ခရမ်းချဉ်သီးမီးဖုတ် ကြက် သွန်နီကြော် ဆား ငရုတ်သီးအထောင့်လှော်ထောင်းနဲ့သုပ်တာ ဂျုးမြစ်ရဲ့ ဆတ်တောက်တောက် ကြွပ်ကြွပ်
လေးချိုချဉ်စပ်ငံ အရသာကို ဆေးခါးဟင်းစိမ့်စိမ့် ခါးသက်သက်လေးသောက်ပြီး မျိုချလိုက်ရင်ကို တကယ်
ဆွေမျိုးမေ့သွားပါလိမ့်မယ်..။
ငါးရံ့ဆန်လှော်ဟင်းကတော့ နဲနဲကရိကထနိုင်ပါတယ်။ ပထမဦးဆုံး ဆန်လှော်ပါ မီးအေးအေးလေးနဲ့ မတူး
အောင်၊ အရောင်လေးနီညိုရောင်ဖြစ်လာရင် မီးပေါ်ကနေချပါ။ ကိုယ်တို့တုံးကတော့ လက်နဲ့လှည့်တဲ့ ကြိတ်စက်ရှိတယ်လေ အဲ့တာနဲ့ လှည့်ရတာ ညှက်နေမှကောင်းတယ်။ ဒါတွေက မယ်ငီးတို့ရဲ့အလုပ်လူကြီး
တွေခိုင်းတာလုပ်ရတယ်ပေါ့လေ..။ ပြီးမှ ပူစီနံ နံနံပင် ပါးပါးလေးတွေလှီးပြီး အဲ့ ဆန်မူန့်ထဲထည့်ပြီးရော 
ဖွဖွလေးနယ်ထားတယ်။ပြီးရေပြုတ် ရေဆူမှာ ရေဆေးပြီး ဆား ဆနွမ်းနယ်ထားတဲ့ငါးရံ့ထည့်။ ငါးအရောင်
လေးပြောင်းလို့ ကျက်ပြီဆိုရင် ပြန်ဆယ် အသားထွင်ပြီး အသားအားလုံးအိုးထဲပြန်ထဲ့ပါတယ်။ အရိုးကိုသံဆုံ
ထဲထည့်ထောင်းပြီးရေစစ်နဲ့ အရိုးရည်စစ်ထဲ့ပါတယ်။ ပြီးမှ အိုးထဲ ခရမ်းသီးတလုံးလောက် ခရမ်းချဉ်သီး
တစိတ်လောက် ထဲ့ပါ။ ဆား ငရုပ်သီးမူန့်လေးနဲနဲ ငရုပ်ကောင်း ဆီတပေါက်လောက် ထည့်၊ ဆူလာရင် 
ပူစီနံနဲ့ဆန်မူန့်အရောထည့် ကြက်သွန်ဖြူ နဲ့ ဂျင်းသေး ခပ်များများ အိုးချခါနီးမှ ညှက်နေအောင်ထောင်းပြီး
ထည့်၊ ဆူဗွက်လာရင် ဆားလေးမြည်းအပေါ့အငံ ငံပြာရည်လောင်းတစက်လောက်ချပြီးရင်.. အိုကေပြီ.
တအိမ်လုံးလည်း မွှေးကြိုင်နေ ပါပြီ။ ဆေးခါးကတော့ ဇွန်းဖျားနဲ့ဘဲထည့်တာပါ မခါးပါဘူး။ စားပွဲပေါ်မှာ
တော့ဗူးလိုက်ထားရတယ်။ကြိုက်တဲ့သူ ကိုယ့်ဟင်းရည်ပုဂံထဲ ကိုယ်ထည့်ပေါ့..။
 
 ဒီတခါအိမ်မှာ ဘုန်းကြီး ၁ပါး ကိုရင်၄ပါးကြွလာတယ်တဲ့။
ကျမအမကကျောင်းဆရာမဆိုတော့ သူ့ကျောင်းကဆရာဆရာမတွေဖိတ်ပြီးကျွေးတယ်..။
သူတို့ပို့လာပေးတဲ့ပုံကိုကြည့်ပြီး ခဏခဏဂလုဂလု တံတွေးမြိုချရနဲ့ အားကျမခံထပြီးသုပ်ပါတယ်..
တကဲ့ ဗမာဟင်းပါ...ဘာအသုပ်လို့ထင်ပါသလဲမိတ်ဆွေများ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Wednesday, May 11, 2016

ချက်စားဝယ်စား ၈

မင်္ဂလာပါရှင်~~~
လက်ဖက်တောကခဏလောက်ထွက်ပြီး ဟင်းချက်ပါအုံးမယ်ရှင် ဒီတခါတော့ အင်းသားဟင်း ရှမ်းဟင်း(အထူးသဖြင့် မအိုင်အိုရာအတွက်) ချက်ပြုတ်ထားတာတွေ ပြောပြရအုံးမယ်..။

အင်းသားဟင်းဆိုရင် ချင်းကြက်သွန်မြိတ်ပေါများတော့ နိုင်နိုင်သုံးကြတယ်ထင်ပါရဲ့။ ဟင်းတော်တော်များများ ချင်းတွေအရမ်းထဲ့ဘဲ။ ရန်ကုန်မှာနေတုံးက အကို့မိန်းမဖက်က တူမလေးအိမ်မှာလာနေသေးတယ်။ သူကဟင်းချက်ရင် ချင်းမထဲ့ ဆနွမ်းမထဲ့ပါ။ ဘာဖြစ်လဲဆိုတော့ ရင်ပူတယ် ဆံပင်ကျွတ်မယ်တဲ့။ ထူးဆန်းတဲ့ အတွေးအခေါ်။ ပြီးခဲ့တဲ့အပတ်က ဆေးစာတခုမှာပါတယ် ချင်းအစိမ်းလိုက် တနေ့လက်ဆစ်လောက် ဝါးပေးရင်အသက်ရှည်တယ်..ဆိုဘဲ..။ အခုကျမချက်စားလေ့ရှိတဲ့ဟင်းကလည်း အင်းသားမြေပဲချက်ပါ။
သက်သတ်လွတ်ချက်စားတာများပါတယ်။ ဒီတခါကျမက ငါးကြော်ပြီးထဲ့တာပါ။ နဲနဲလည်း ပြစ်သွားတယ်။အဖေချက်ရင် ခပ်ကျဲကျဲ ရေပြန်ဆီကျန်လေး ဂေါ်ရခါးသီးပြုတ်တို့စား အရမ်းကောင်းပေါ့ဗျား..။ ချက်နည်း လည်းမျက်စိမှိတ်ချက်ရင်တောင်ရတယ်..။ လွှယ်ကူချက်ကတော့ မပြောနဲ့  အဲ..မြေပဲဆံလှော်ကိုတော့ညှက်ညှက်ထောင်းဖို့တော့လိုပါလိမ့်မယ်။ ချင်းပါးပါးရှည်ရှည်လေး၊ ကုလားအော်သီး နံနံပင်တွေကိုနောက် ဆုံးအိုးချခါနီးမှအပေါ်ကနေအုပ်လိုက်ရုံပါဘဲ။ စစချင်းတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူနီဆီသပ်ပေါ့။ ခရမ်း ချဉ်သီးတလုံးလောက်ထဲ့ပါ။ အလုံးကြီးရင် တဝက်လောက်ဘဲထဲ့။ ငါးကြော်ထားတာရှိရင် ဖဲ့ပြီးထဲ့ချက်ရင်တခွက်ထဲနဲ့ ပြီးတဲ့ဟင်းဆိုပါတော့။ အနှစ်ကျက်မှမြေပဲဆံထောင်း( အဆီထွက်မတတ်ထောင်းထားတာနော်ဒီမှာတော့ ဘလူလူးနဲ့ ခဏလောက်ဆိုရင်ရပြီ ကျိုုင်းတုံမှာဆိုရင် အဖေတို့ခိုင်းလို့ အသေထောင်းရတာ) ထဲ့ပြီးမီးအေးအေးလေးနဲ့တည်ထား..အော်..ပဲပုပ်မူန့်လေးနဲနဲခပ်ရှင့်..။ စွန်ထန်ဟင်းရည် ထိုဖူးခေါက်ကြော်နဲ့တို့စရာ ကော်ဖီထုပ်ပြုတ် ဂေါ်ရသီးပြုတ် ဆလတ်ရွက် ပါပါစေနော်..ဒါဆိုရင် လက်ဆေးပြီး မယ်ငီးတို့ ကုန်းလွှေးခဲ့ကြတာပေါ့။ အပေ့ါအငံဆိုရင် ကျမတို့က ဆားတမျိုးထဲသုံးတာပါဘဲ။ ကြက်သားမူန့် အရသာမူန့် အချိုမူန့်တွေ အသာခေါက်ထားလို့ ချက်စားကြည့်ပါ။ (ကျမ်းမာရေးအတွက်လျှာရှည်တာပါနော်..ဟီး)
အင်းစကူးမယ်ငီးအတွက် ငါးကလည်းမပါမပြီး။ ငါးနဲ့ ပဲငံပြာရည်ပေါင်းစားတာပြောပြရအုံးမယ်။ ထုံးစံအ တိုင်းကျမက လွှယ်ကူတဲ့နည်းတွေဘဲတတ်တာဆိုတော့..
လွှယ်ကူမြန်ဆန်တဲ့ဟင်းဘဲပြောစရာရှိပါတယ်လေ.. ^_^ ကြက်သွန်မြိတ် ၂ချောင်းလောက် ချင်း ကြက်သွန်ဖြူ  ၁ တက်ဆိုရင် အိုကေပါပြီ..။
ငါးလေးတပိုင်းကို ဆား ငရုပ်ကောင်းနဲ့နှယ်ပြီး ပေါင်းအိုးနဲ့ ၁၅ မိန်စ်လောက်ပေါင်းထား။ ပြီးဆီအိုးထဲမှာ ဆီပါလေရာထဲ့ပြီး ချင်းနဲ့ကြက်သွန်ဖြူဆီသပ်ပေါ့။ ပြီးမှ ပဲငံပြာရည် လောင်းထဲ့ သကြားအညိုရောင်နဲနဲထဲ့။ ချက် ချင်းဘဲ ကျမတော့ ငါးပေါင်းအိုးထဲ ပြန်လောင်းထဲ့လိုက်တယ်။
အပေါ်ကနေ ပါးပါးလေးလှီးထားတဲ့ ကြက်သွန်မြိတ်တွေဖြူးပြီး သံပုရာ၂ကွင်းထဲ့လိုက်တယ်။ ညှီနံ့ပျောက်အောင်ပါ..မချဉ်ဘူး..။ နောက် ၃မိနစ်လောက်ဆိုရင် ချပြီး ပူပူနွေးနွေးစားလို့ရပြီလေ..။ ပဲပြားကိုလည်း ကျမအဲ့အတိုင်းလုပ်စားလေ့ရှိတယ်..။ သက်သတ်လွှတ်သဘောမျိုးပေါ့။
နောက်တခုက ကြာရိုးပါ။ ကြာရိုးက အမျိုးမျိုးလုပ်စားလို့ရတယ်။ ဘူးသီးကြော်လိုလည်းလုပ်စားလို့ရတယ်။ဟင်းချိုရည်လည်း ချက်စားတယ်။ ဒီတခါကျမက ကြော်ချက်သဘောမျိုးလုပ်တာပါ။ကြက်သွန်မြိတ် အရင်းပိုင်းကအဖြူပိုင်းကိုတောက်တောက်စင်းပြီး ဆီနဲနဲနဲ့ကြော် ကြက်အူချောင်းရှိနေတာနဲ့ နဲနဲထဲ့လိုက်သေးတယ်။ဆား ပဲငံပြာရည်နဲနဲ ခရမ်းချဉ်သီးတောက်တော်က်စင်းနဲနဲ စီထဲ့ပြီးကြော်တာ ကောင်းမှကောင်းပေါ့ရှင်..။

နောက်ရှမ်းဟင်းကတော့ မစားခင်ကော စားပြီးကော ပုံတွေရိုက်ထားတာ ဘယ်ရောက်နေမှန်းကိုမသိဘူး..။ကျမတို့ ကျိုင်းတုံ ဂုံရှမ်းဟင်းဖြစ်ပါတယ်။" နေ့ယမ်း "လို့ခေါ်ပါတယ်။ အသားကိုကင်ပြီး ပြန်ပေါင်းတာပါ။ထုံးစံအတိုင်း ဝက်သားပေါ့။ အမေနဲ့ အဖွားတွေ စားကြတာ။ အသားချည်းဘဲ အဆီမပါဘူး။ သူတို့က ကောင်ညှင်းပေါင်းနဲ့စားကြ တာများလို့ ခပ်ခြောက်ခြောက်ပုံစံပေါ့။ ကျမက ဒီမှာ ကြက်သားနဲ့လုပ်တာပါ။ နောက်တခါမှအသေးစိတ်ပုံနဲ့တကွပြောပြပါရစေ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage