Friday, April 4, 2014

တခါကကမ္ဘာငယ်လေးတခုမှာ...

မင်္ဂလာပါရှင်~~~

ကမ္ဘာကြီးက လုံးတယ်ပြားတယ် ဆိုပြီးရှေးကတည်းက ငြင်းကြခုန်ကြ ဖူးပါသတဲ့။ နောက်တော့ လုံးတယ်

ဆိုတာသက်သေတွေနဲ့ပြနိုင်ခဲ့လို့ ပြားသမားတွေရူံးပါလေရော့လား..။ အယူအဆတွေကိုငြင်းခုန်ကြတာ
ရှေးခေတ်ကာလကနေ ခုထိပါဘဲ ။ ကိုယ့်အယူအဆမှန်တယ်လို့ လူတိုင်းကခံယူကြတာဘဲလေ။ ခုလည်း
မြင်ကြားသိနေကြရတာဘဲ။ ခံယူချက်ခြင်းမတူတာနဲ့ သတ်ဖြတ်ကြတဲ့အထိရှိလာကြတာ ရှေးခေတ်နဲ့ ဘာ
မှကွာခြားနေခြင်းမရှိသေးလှပါဘူး..တိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့အယူအဆကို မယ်ငီး သဘောမတူ
ပါ...ဟီးဟီး..ဒါလည်းအယူအဆတခုပါဘဲ..ကဲ..ငြင်းခန်းတခုတော့ဖွင့်လို့ရပြီ...^_^


သူငယ်ချင်းထိုင်ဝမ်ကနေသူတို့ကျမကြိုက်ဖူးတဲ့ဟင်းပို့ပေးတာတဲ့(ဓါတ်ပုံထဲကနေပါ ဟီးဟီး)
ခုပြောပြ အာလူးဖုတ်မှာက ဒါဟုတ်ဘူးလေ..ကဲ..ပြန်အစကောက်မယ်...ဒီခေတ်မှာတော့ လေလိုင်းတွေနဲ့
တနေရာကနေ တနေရာ၊ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ အလွန်လွယ်ကူလာတော့ ကမ္ဘာကြီးပြား
တယ်ဆိုပြီး တင်စားခေါ်ဝေါ်ပြန်ရော...ဗျာ..။ ဟင်းဟင်း..နှဲသမားပါးလိုဘဲ..ဖေါင်းလိုက်ပိန်လိုက်နဲ့ လိုချင် တာဆွဲပြောကြတာဘဲ။ အင်း..ကိုယ့်အတွက်ကတော့ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးနဲ့ လုံးကျစ်
လေးပါဘဲ။..မယုံရင် FB ထဲဝင်ကြည့်လေ..:P ဟိုလူနဲ့တွေ့ ဒီလိုနဲ့ပြန်တွေ့ သံသရာတလျှောက်လုံး ကြုံဆုံ
ဖူးခဲ့သောသူများ ပြန်ပြန်တွေ့မိတာမျိုး အားလုံးဖြစ်ဖူးကြမှာပါ။ FB မှာတော့ကိုယ့်အတွက်က ကွဲနေတဲ့ဆွေ
မျိုးသားချင်းတွေ ဝေးနေတဲ့မိတ်ဆွေတွေနဲ့ တွေ့ဆုံနူတ်ဆက် ဒါလောက်ပါဘဲ။ဒီထက်ပိုလို့တော့ ရင်ထဲ
ခေါင်းထဲပါမကျန်ပြောင်းဆန်သွားပါလိမ့်မယ်။ ဘာမှန်းမသိဘဲ ရူပ်နေတာ..ဘဲ..။ ပေများလေထွားနေလိုက်
တာလေ.. ပြောချင်တာကခုငယ်သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့တာ တကယ့်ငယ်ဘဝ အချိန်တွေကိုပြန်
သတိရနေမိပါတယ်။


ကိုယ့်ဆွေမျိုးဆယ်ဝမ်းကွဲဆိုပါတော့..(မတော်ချင်ရင် ဆယ်ဝမ်းပစ်ကွဲလိုက်တယ် မှတ်ရော..:P)ကောင်
လေးတယောက်က ငယ်ဘဝပြန်တမ်းတတဲ့သူဟာ တသက်လုံးလူကြီးမဖြစ်ဘဲ ခလေးဆန်ပါတယ်တဲ့
သူ့ဒသန..ကတမျိုး..အသက် ၃ဝလောက်နဲ့ ၆ဝ ဝန်းကျင်အဖိုးကြီးတွေနဲ့မှပေါင်းချင်နေတာလေ..။ ကိုယ်
တော့အေးဆေးဘဲ..အကြောင်းတိုက်ဆိုင်ရင် တွေးမိမယ် စဉ်းစားတယ် သတိရတယ် တမ်းတမယ်။

ညညအိပ်ရာဝင်ချိန် စမြုံ့ ပြန်ကြည့်တယ်။ ဒီလောက်ကောင်းတဲ့ ခလေးဘဝကို ပိုက်ဆံပေးပြီး အတင်းမေ့
ခိုင်းရင်တောင် မေ့နိုင်ပေါင်တော်..ဘာမှစိတ်ညစ်စရာမရှိပျော်စရာအတိပြည့်နေတဲ့ ဘဝကို အားရင်ပြန်
တမ်းတမိတာနဲ့ ခလေးဆန်တယ်ဆိုရင်လည်း ဂျောင်းတော့ကိုယ်တော်ရေ့..ကျုပ်တော့ ဒူးနန့်ပြီးစမြုံ့ပြန်
ပြလိုက်အုံးမယ်.. ^_^


မွှေးရပ်မြေကအိမ်နဲ့ကပ်ရပ်မှာ တရုတ်မိသားစုတစုရှိတယ်။ သူတို့ထိုင်ဝမ် ပြောင်းသွားတာ နှစ်ပေါင်း ၃ဝ ကျော်ရှိပေါ့။ မောင်နှမ ၆ယောက်မှာ ညီအမက ၄ ယောက်ရှိတယ်။အဲထဲမှာ ဒုတိယတယောက်က ကျမနဲ့သက် တူရွှယ်တူ ရက်ပေါင်း၂ဝ ဘဲခြားတယ်။ ၂ယောက်လုံးဝမ်းဆွဲဆရာမနဲ့ညားပြီး အတူပေါက် ဖွားကြီးပြင်း လာခဲ့ကြတာ။ သူတို့ကအုပ်စုတောင့်တော့ ကျောင်းပိတ်ရက်ဆို စားချိန် အိပ်ချိန်ကလွဲလို့ အချိန်ပြည့် ငီးငီး တို့ကသူများအိမ်မှာ..။အိမ်နောက်ဖက်အုတ်တံတိုင်း ခြံစည်းရိုးကျော်ခွပြီး အရင်က
ဟော်ဟောင်း(စော်ဘွားမိန်းမများစွာထဲက တယောက်နေတာ)အခုလူမူဝန်ထမ်းခလေးထိန်းကျောင်း၊ အဲဒီမှာကစားလို့ဝပြီဆိုရင်သူ့အိမ်ထဲပြန်ဝင်တယ်။ သူက ပုံဆွဲဝါသနာပါတယ်။သူတို့တရုတ်စာသင်တဲ့အ

ခါသုံးတဲ့ နံရံကပ်သစ်သား သင်ပုန်းတချပ်ရှိတယ်။ အဲရှေ့မှာခွေးခြေ ၂ခုံချပြီး သူကမြေဖြူ  နဲ့တဝက်တိတိ တားပေးလိုက်တယ်။ ပြီးမြေဖြူချောင်းကိုယ်စီနဲ့ပုံတွေဆွဲကြတယ်။ သူကတော့ လှတပတပုံတွေ တရုတ် ကာတွန်း(များသောအားဖြင့် ဂျပန်ကာတွန်းကိုကူးချဆွဲထားတာဘဲလေ) အရုပ်မပုံလေးတွေဆွဲတာပေါ့။
ကိုယ်ကတော့ ဘယ်တတ်လိမ့်မတုံး တောင်ပုံ နေမင်းပုံ ဌက်ပုံ (ဒါကလွယ်တယ်လေ) ဆွဲလိုက်၊ ကပ်
ရပ်ကသူတို့ထမင်းချက် ချက်ပြုတ်နေတာသွားသွားချောင်းလိုက်ပေါ့.


ယူနန်တရုတ်တွေဆိုတော့  ဟင်းတွေကမုန်ညှင်းရွှက်အခြေခံအချဉ်အစပ်တွေများပါတယ်။ မုန်ညှင်းချဉ်နဲ့
ဝက်သား၃ထပ်သားပေါင်းဆိုရင် ..ဟင်းဟင်း..သူငယ်ချင်းကို တိုးတိုးစကားတွေမှာထားရပါတယ်။ငါထမင်း
စားချိန်ပြန်မယ်ဆိုရင် အတင်းဆွဲထားပါလို့...ထမင်းစားချိန်ရောက်လို့အိမ်ကအော်ခေါ်ရင် ဒီကလည်းပြန် အသံပြုရတယ်လေ" အော်ခါ..မားရောက်ခါ.."လာပါပြီရှင်ပေါ့..လက်တဖက်ကလည်းသူ့ကိုတို့ရသေးတယ်။

သူကမပြန်နဲ့ သူ့အမေကိုသွားပြောတာပေါ့ မယ်ငီးနဲ့ထမင်းစားမယ်ဆိုရင် လူကြီးတွေကခူးကျွေးရတာလေ။
အိမ်ဖက်ကိုလည်းအော်ဟစ်ပြောပေးရတယ်လေ..ဒီမှာဘဲ စားတော်ဖွင့်တော့မယ်ဆိုတဲ့အကြောင်း..။အဟီး
ဒီလိုအကွက်မျိုးတွေလည်း ကိုယ်တို့ကဖန်တီးတတ်ပါ့..။

တရုတ်တွေထမင်းစားရင် ပုဂံလုံးလေးနဲ့ စားရတာလေ..။ကိုယ်လည်း သူတို့လုပ်သလို တူကိုင် အဆင် သင့်ပြင် ပါးစပ်နဲ့ပုဂံတေ့ထားပြီး တရွှတ်ရွှတ်နဲ့ သွတ်သွင်းလိုက်တာဘဲ။ ဟင်းရည်ခပ်ဇွန်းကလည်း အကြီး ကြီးဘဲ တဇွန်းခပ်ထဲ့ပေးရင် ပုဂံအပြည့်ရတယ် ပြီးပုဂံလုံးလိုက်မော့သောက်ရတာ အရသာရှိလိုက်ပါဘိ..။
နောက်သူတို့အိမ်မှာအမဲလုံးခေါက်ဆွဲရောင်းသေးတယ်။ အမဲသားလုံးလုပ်ဖို့ အမဲသားတုံးကြီးကို သံချောင်း နဲ့စရိုက်ကတဲက မယ်ငီးတို့ထိုင်ကြည့်နေပြီ။ ပြီးလက်နဲ့အမဲသားကို ဆုပ်ယူပြီး ဖြစ်ညစ်လိုက်ပြီး လက်မနဲ့
လက်ညိုးကြားထဲက ပြွတ်ထွက်လာတဲ့ အလုံးကို ဇွန်းနဲ့ သပ်ချလိုက်ရင် ဗွက်ဗွက်ထနေတဲ့ရေပူထဲပလုံကနဲ
ကျသွားတာက ကိုယ့်အတွက်ကဗျာဆန်နေလိုက်တာ..ဟင်းဟင်း..း))) သူတို့အိမ်မကဘူး သူတို့ဆွေမျိုး အိမ်အထိသွားလည်တာ အလူသွားစားတာတွေလည်း ကိုယ်မကျန်ခဲ့ပါဘူး..။ပါလေရာပါဘဲ.။ဟိုကလည်း
လာဖိတ်ကတည်းက သူများအိမ်သားတွေနဲ့ရောယောင်စားသောက်နေတော့ မယ်ငီးကိုလည်းခေါ်လာပါ
ပြောရတော့တာပေါ့လေ..။ သူနဲ့ကိုယ်က ညအိပ်မှကွဲကြတာ ၂ဖက်အမျိုးတွေအားလုံးသိကြတယ်..။


ကျမတို့အဖွားအိမ်မှာ ငါးကန်သေးသေးလေးတခုရှိတယ်။ အဲဒီအပေါ်မှာ လင့်စင်တခုလုပ်ထားပြီး ရွှေပဲသီး
ပင်စိုက်ထားတယ်။ လင့်စင်ပေါ်ကတန်းလန်းလေးကျလာတဲ့ အသီးအရွှက်ခူးဖို့ ငါးကန်ပေါ်ကန်းလန့်ဖြတ် သစ်သားတန်းတခုထားထားတာပေါ့။ အမေခိုင်းလို့ အဖွားအိမ်သွားတော့သူလည်းပါခဲ့တယ်လေ..။ ၂ယောက်သား အဲဒီသစ်သားချောင်းပေါ်တက်ပြီး ခုန်ကြတယ်။တန်းလေးကအိအိလေးဖြစ်နေတော့ကြည့်
ဖူးတဲ့ဓါတ်ရှင်ထဲကလို သီချင်းတွေအော်ဟစ်ဆိုပြီး အားပါးတရခုန်လိုက်ရော ခွတ်ကနဲသစ်သားတန်းကျိုးပြီး
ကိုယ်တို့၂ယောက်ရေထဲပလုံမြည်လို့ယက်ကန်ယက်ကန်ပေါ့..အိုး..ဘယ်ပြောကောင်းမလဲအော်ဟစ်ကြ
ဆယ်ကြနဲ့၊ ဆူညံလို့ ၂ယောက်သားတော့ ရေစိုရွှဲလို့ ကုပ်ချောင်းကုပ်ချောင်းနဲ့ အိမ်ပြန်လာရတယ်လေ။
ကျောင်းကအပြန် အတူတူလမ်းလျှောက်ရင်လည်း သူနဲ့ကျမလက်ဝါးခြင်းဖြန့်ပြီး ကပ်ထားကြတယ် ပြီးသူက
လမ်းလျှောက်
ရင်း ပုခုံးတဖက်မြင့်လိုက်ရင် ကျမက အောက်ကိုလျှောနိမ့်ချလိုက်ရတယ်။ဒီတော့ လက်ဝါး ၂ခုကပွတ်တိုက်နေတာလေ..။ အဝေးကနေကြည့်ရင်တော့ အတော်ရီရမယ် လမ်းလျောက်တာကောင်း
ကောင်းမလျှောက်ဘူး။ ကစားပြီးနိမ့်တုံမြင့်တုံနဲ့လျှောက်နေကြတာလေ..။

တခါကြတော့ နှစ်ကုန်ခါနီးဆိုရင်ပြက္ခဒိန်တွေရောင်းကြတဲ့အချိန်ပေါ့..။အိမ်မရာက်ခင် ၂အိမ်ကျော်လောက်
မှာ ရောင်းဖို့ပြက္ခဒိန်တွေ  အပြည့်ချိတ်ထားတယ်ကိုး..ကျမတို့၂ယောက်လည်းဒီလိုနိမ့်မြင့်နဲ့လုပ်ပြီးလျှောက် လာလိုက်ကြတာ အဲနေ ရာရောက်တော့ ခေါင်းကဘေးကိုဘဲငေးတော့တာပေါ့..လူခန္ဓာကိုယ်ကြီးက

ရေမြောင်းဖုံးပေါ်တက်သွားတာကို သတိမထားလိုက်မိဘူး..။သွားရင်းကြည့်ရင်းနဲ့ ဝုန်းဆို ၂ယောက်လုံး
ရေမြောင်းထဲကျသွား ပါလေ ရော..။ရေမြောင်းကလည်းမြောင်းပုပ်ကြီး။ ခလေးဘဲရှိသေးတာ အဲ့ထဲမှာနစ်
နေတာပေါ့။ လူကြီးတွေ ဆွဲတက်တော့ တကိုယ်လုံးလွယ်အိတ်ရော ခေါင်းပါမကျန်မဲမှောင် ပုပ်ပွနံစော်

နေတာပေါ့..ဟီးဟီး..။အိမ်ကဆိုရင် အိမ်ရှေ့ကနေပေးမဝင်ဘူး၊လမ်းကြားတံခါးဖွင့်ပြီး ရေချိုးခန်းထဲ တရွှတ်
တိုက်ဆွဲချသွားတယ်။ဆောင်းတွင်းကြီး အရမ်းအေးတာ ရေနွေးလည်းမတည်ပေးနိုင်တာ့ဘူး။ ဒီအတိုင်း
ရေလောင်းလိုက်တယ်။ရှိသမျှရေမွှေးတွေတောင်ဆွတ်ပေးကြတာမှတ်မိသေးတယ်..။သူတို့အိမ်ကလည်း
အော်ဟစ်နေတာဘဲ..ကျမတို့အိမ်လည်းကမ္ဘာပျက်မတတ်အော်ဟစ်ဆူညံပွတ်လောရိုက်တာပေါ့..ဟူးး...
စာရင်းချုပ်တော့ ဖျားပေါ့ @_@ ^_^ :P


ခုမှသူ့နဲ့ပြန်တွေ့ရတာ။ ဖုံးဆက်ပြီးမာကြောင်းသာကြောင်းကို တရုတ်လိုရွှီးတတ်ပေမဲ့ များများလည်းမရဘူး။
ဆက်ရွှီးဖို့ကလည်း ရှိသမျှတရုတ်စကားကုန်သွားပြီ။ ဒီတော့ English လို chat ကြရတယ်။ရှမ်းလိုထစ်လို့
ဗမာစကားလည်း အီး အဲ..ဖြစ်နေတယ်လေ။ အေးလေ..နှစ်ပေါင်း ၃၆ နှစ်ဆိုတာလည်းနားလည်ပေးပါ
တယ်။ ငယ်ဘဝခံစားချက်ပြန်ပြောကြတာ အီးလိုမူတ်ရတော့ ခံစားချက်က ဆန့်ငင်ဆန့်ငင် တမ်းချင်းကြီး
ဖြစ်နေပါတယ်ဆို.....သူကတရုတ်လေကြောင်းလိုင်းတခုမှာ လေယာဉ်မယ်ဖြစ်နေတယ်တဲ့။ စပိန်စကား
နဲ့ကျောင်းပြီးတယ်ဆိုတော့ ဘာသာစကားများစွာနဲ့နှပန်းလုံးနေတာပေါ့လေ..။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

11 comments:

  1. ပျော်စရာပဲနော်၊ ငယ်ငယ်က အချစ်ဆုံး သူငယ်ချင်းပြန်တွေ့ခဲ့ရင် စကားတွေ အများကြီးပြောမယ်စီစဉ်ထားတာ ပြန်တွေ့တော့လည်း ဘာမှမထွက်တော့ဘူး။

    ReplyDelete
  2. ပျော်စရာကောင်းတယ်..
    လောလောဆယ်ကိုယ်ချည်းဘဲပြောသူ၊
    သူကနားထောင်သူ...မောလို့..နင်လည်းပြောအုံး
    ရှမ်းလိုပြောရမယ်လို့တချက်လွှတ်အမိန့်၊
    ထုတ်ထားရတယ်။ခုတော့ နဲနဲပြောလာတယ်၊
    နောက်တော့ဗမာစကားလည်းထွက်လာတော့မှာပါလေ..။

    ReplyDelete
  3. ဒါဆိုပို့ ပေးတဲ့ဟင်းက၀က်သားမုန်ညင်းချဉ်ပေါင်းလား။
    ပျော်စရာကြီးနော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟီးဟီး...
      ဓါတ်ပုံထဲကနေပို့ပေးတာလေ...
      ကိုယ်ကကြည့်ပြီးမျက်စိကလေးပိတ်၊
      စဉ်းစားခန်းလေးဝင်ပြီး..
      စားကြည့်နေရတာ...
      ရှာလွှတ်..ကောင်းတာနော်...

      Delete
  4. အဲဒါ ဝက်သုံးထပ်သားကြီးလား... ပွတာပဲ
    ချက်ပြီးသားကြီးကို ဘယ်လိုပို့လိုက်တာလဲ မမီး
    တရုတ်လေကြောင်းလိုင်းက လေယာဉ်မယ်ဆိုတော့ကာ
    လေယာဉ်နဲ့ တင်ပေးလိုက်တာ ဖြစ်မယ်..ဟုတ်လားဟင်

    ReplyDelete
    Replies
    1. ဟုတ်ဘူး...သူတို့မိသားစုက၊
      ကျမအကြောင်းပြန်ကြားတော့၊
      မုန်ညှင်းဝက်သားပေါင်းချက်စားကြတယ်တဲ့၊
      ပြီး..ဓါတ်ပုံရိုက်ပုံကြတာပေါ့...
      နောက် ၃ လလောက်ဆို သူဒီနယူးယောက်ဖက်လာမယ်တဲ့
      တွေ့ရအုံးမှာပေါ့ဟယ်...
      အော်..ကျုပ်ရေးထားတဲ့ပုံစံကအထင်မှားစရာတွေဖြစ်ကုန်ပြီ...
      အဟိ...

      Delete
    2. :D

      Suenwelay

      Delete
  5. စား ဖို့ အကွက်ဖန်တာ အရမ်းတော်တာပဲ

    ပုံကလဲ မိုက်တယ်၊၊ ငယ်သူငယ်ချင်းနှစ်ယောက် အသက် ၇၀ ကျော် မှ ပြန်တွေ့ တဲ့ ပုံ။ ဆံပင် မ ရှိတော့ ဘူး။ lol

    ReplyDelete
    Replies
    1. ဟင်းဟင်း..၂ခါတိတိတောင်စားဖူးပြီးလက်ဆောင်တောင်ရဖူးတာဘဲဟာ..
      အကြံဖန်ကောင်းမကောင်းသာကြည့်ပေတော့..
      ^_^ :P :)))))
      ခုလည်းဆံပင်တွေကုန်သလောက်ဖြစ်နေပါပြီ
      ထိပ်တွေလည်းပြောင်လို့..
      ရူးတိုးတိုးပြော..ကိုယ်အိုတာလူသိသွားမယ်...
း))))

      Delete
  6. ပျော်စရာကြီးနော် တီမီးတို့ ငယ်သူငယ်ချင်းတွေပြန်ဆုံ၇တာ

    ReplyDelete
    Replies
    1. ခုတော့သူတောင်ရှမ်းစကားတော်တော်ပြောလာနိုင်ပြီ...
      ပျော်တာပေါ့..မွေးကတဲကအတူတူကြီးလာတဲ့သူငယ်ချင်း၊
      ၂ယောက်လေ...

      Delete