Friday, September 28, 2012

အဖေ့သမီးရဲ့ ဘဝခရီးအစခြေလှမ်း...

မင်္ဂလာပါရှင်~~~

အချိန်တွေပြန်တွက်ကြည့်ရင်အတော်ကြာခဲ့ပါပြီ..။တိတိကျကျအချိန်တောင် ဘယ်လိုမှပြန်မမှိတ်မိနိုင်တော့ဘူး...။ဒါပေမဲ့ခန့် မှန်းခြေ ၁၉၈၉ နှစ်ဦးပိုင်းလောက် ကပါ။ 
အရေးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်ထားတုံးကပေါ့။ ကျမရဲ့ ဆရာမငယ် ဘဝနဲ့ အေးချမ်းနေတုံး 
အိမ်မှာအမြဲလာတည်းတတ်တဲ့ ဧည့်သည်တသိုက်၊ရောက်လာပါတယ်။ 
သူက မန္တလေးက သူ့ သူငယ်ချင်းတသိုက်နဲ့ လာတယ်။သူတို့ ဟိုဖက်ကမ်း(ကျမတို့ အဲဒီတုံးက၊
ပြောကြတဲ့အတိုင်းဆိုရင်) အထဲထိဝင်လည်ကြမှာလေ။ သူစရိတ်ပြတ်သွားလို့ အဖေတို့ ဆီက 
ပိုက်ဆံချေးပါတယ်။ ကျမကိုလည်း မရောက်ဖူးတော့လိုက်လည်ပါလား..။
ပိုက်ဆံကို ဟိုရောက်ရင်ပေးမယ်တဲ့။ အဲဒါနဲ့ အဖေက သမီးလိုက်လည်ချင်ရင်သွားလည်လေ။
ပိုက်ဆံယူသုံးလို့ ကုန်ရင်ပြန်လာပေါ့..တဲ့။ ဒီတခါသူတို့ က တောင်ကြီးကနေ ဆိုင်ကယ်စီးလာတာ။
လမ်းမှာ ၂ညကြာသွားလို့ မအိပ်တော့ဘူး ခဏနားပြီး ချက်ချင်းပြန်ထွက်မယ်တဲ့။


ကိုင်း..သွားမယ် မသွားဘူးဆိုတာ ၁ မိနစ်တောင်စဉ်းစားဖို့  အချိန်မရဘူး..။ 
လိုက်လည်မယ်..ဆိုပြီး၊ အဝတ်အိတ်ပြင်တော့၊ သူတို့ က ဟိုဖက်ဖြတ်ရင် အထုတ်ကြီးငယ်နဲ့ ၊
မဖြစ်ဘူးတဲ့..။ ပိုက်ဆံရရင် အဝတ်သစ်တွေသာဝယ်လိုက်ပေါ့။ အိုး..ကောင်းလိုက်တဲ့ အခွင့်အရေး...။
အဖေကလည်း..အိုကေဆိုတော့..။ အတွင်းပစ္စည်းဘဲ ၂စုံထဲ့တယ်..ဟီး..မပါမဖြစ်လေ..။
ကျွတ်ကျွတ်အိတ်လေးနဲ့  အိမ်နီးနားချင်း ဆိုင်ကယ်တစင်းခေါ်ပြီး လွှားကနဲတက်...မယ်မီးရဲ့ ၊
နိုင်ငံခြားခရီးစခဲ့တာပေါ့..:P

အဲတုံးက ကျမတို့ ဆီမှာ တာချီလိတ်ကို ဆိုင်ကယ်ကယ်ရီနဲ့ သွားကြပါတယ်။ကားဆိုရင် ကုန်ကားကြီးတွေ၊ ဂျစ်ဘီလူးလို့ ခေါ်တဲ့ပြန်ဆင်ထားတဲ့ ဘီးအကြီးကြီးနဲ့ ထွေလာနောက်တွဲပါတဲ့ ကားနဲ့ ၊
သွားလာကြပါတယ်။ ဆိုင်ကယ်ခ လည်းရာသီနဲ့ လိုက်ပြီးဈေးနှုံးအမျိုးမျိုးရှိပါတယ်။ ၃ဝဝဝ ကျပ်ကနေ-၇ဝဝဝကျပ် အထိရှိပါတယ်။ ဒီနေရာမှာနဲနဲပြောစရာလေးဝင်လာပြီလေ။
အဲဒီခေတ်ကာလ ငွေကြေးနဲ့ တွက်ကြည့်ရင် ကျမတို့ ဆီက အဆမတန် ပြည်မနဲ့ ကွာဟနေတာတွေ့ 
ရပါလိမ့်မယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာရယ်၊ နောက်..ဘာဘာညာညာရယ်၊နဲ့ ဆိုတော့
ဈေးမြင့်ရတာပေါ့။( အဲ..ပေါပေါရပေါပေါသုံး၊ ကဲ..ဒီလိုဘဲ ခပ်လွယ်လွယ်နဲ့ မမှတ်ပါနဲ့ လို့ ..အဟား)))

၃ဝဝဝ ကျပ်ကသာမာန်ခရီးသွားအတွက်ဖြစ်ပြီး၊ စစ်ဆေးရေးဂိတ် ဖြတ်ခြင်းဌာ မတတ်နိုင်သော အနှီပုဂ္ဂိုလ်၊
များအတွက်တော့ ရဝဝဝ လည်းပေးစီးသွားရတာပါဘဲ။...ဘယ်လို ပုဂ္ဂိုလ်မျိုးလည်း..ဟုတ်လား..
အဲ..လှတပတ သတ်မှတ်ထားတဲ့အရွယ်မရောက်ဘဲ၊ ဟိုဖက်သွား အလုပ်လုပ်ကြမဲ့ မနန်းတို့ တတွေပေါ့။ 
တကယ်သနားစရာကောင်းတာက မိဘများကိုယ်တိုင်၊လိုက်ပို့ တာပါဘဲ..။
ခုတော့ တော်တော်ကြီးစစ်ဆေးလာပါပြီ။ လူကုန်ကူးတားဆီးရေးအဖွဲ့ ဆိုလား..။
သပ်သပ်ရှိတယ်။ အားလုံးကိုမှတ်ပုံတင်စစ်တယ်။လဝက လည်းစစ်တယ်။

ကားလမ်းကတော့ အရမ်းကြီးကို အထွဍ်အထိပ်ရောက်နေတဲ့ အချိန်လို့ ပြော၊
ရင်တောင်ရမယ်..။ကားကြီးတွေနင်းသွားတဲ့ ဘီးရာပေါ်ကနေ ဆိုင်ကယ်ကို မောင်းရတာပါ။ 
ကားတစီးရဲ့ ဘီးရာထဲဝင်ရပ်ရင် ရွှံမြေနီထုက ခါးနဲ့ ပုခုံးကြားထဲမှာရှိတယ်။ကျမ အရပ်မြုပ်လုလုပါဘဲ...။
အရပ်ကလည်း ပေမှီတောက်မှီ ၅ပေကြီးများတောင်..:P အဲ့ကြားထဲကနေ ဆိုင်ကယ်မောင်းတော့ 
ပခုံးနဲ့ ဒူးခေါင်းကျုံထားမိတယ်..။ မိုးလေးတဖြိုက်၊ နှစ်ဖြိုက်လောက်ကျခါစ
အချိန်ဆိုတော့ ၅ဝဝဝ ကျပ်နဲ့ သူတို့ အခေါ် ဘူးသီးဆိုင်ကယ်ပေါ်မှာကားယားကြီးခွလို့ ၊
ဦးထုပ်တွေဘာတွေနဲ့  မျက်နှာတွေကိုအဝတ်နဲ့ အုပ်လို့ ရင်တုန်ပန်းတုန်နဲ့ သွားရတာပါ။


ဆိုင်ကယ်မောင်းတဲ့ကောင်လေးက အမသေသေချာချာသာကိုင်ထားပါလို့ ပြောတဲ့ကြားထဲက၊
သူဘရိတ်အုပ်လိုက်တာနဲ့ ကျမသူ့ ခေါင်းပေါ်ကျော်ပြီး ရွှံတောထဲ ဒိုင်ဗင်ထိုးဝင်သွားပါတယ်:))
အိအိ ပျော့ပျော့ ပြဲပြဲ ရွှံမြေထဲ နှစ်ဝင်သွားတယ် ဆိုတော့ မနာပါဘူး။
ကျမတို့ ဆိုင်ကယ် ၄ စီး၊အားလုံး အမျိုးသမီးချည်းဘဲ..။ ရွှံတွေနဲ့ မချော်လှဲတဲ့ ဆိုင်ကယ်တစီးမှမရှိဘူး..။
ကျမရဲ့ ဖိနပ် ဘယ်ရောက်သွားမှန်းမသိဘူး..။ကောင်လေးက သူ့ ဖိနပ်ကိုထုတ်ပေးပါတယ်။
US ဆိုက်5.5 လောက်ဘဲရှိတဲ့၊ကျမခြေထောက်နဲ့ ဆိုတော့ လမ်းဘေးကတွေ့ တဲ့ပလပ်စတိတ်ကြိုးတွေနဲ့ 
အထပ်ထပ်ပတ်ထားရတာပေါ့။ ဖိနပ်က တထွာလောက်ရှည် ထွက်နေပြီး လူရုပ်က ရွှံလူးထားတော့ အရမ်းမိုက်တာဘဲ...။ ဟင်း..အဲတုံးက ကင်မရာလေးဘာလေး အနားမရှိလို့ ပေါ့..။နို့ မို့ ရင် ကျမရဲ့ ခရီးသွားဆောင်းပါးကြီး အတော်နာမည်ကျော်မှာဘဲ...အဟဲ..။

လမ်းမှာ ၂ခါလောက်ဘဲ နားတယ်။ ညမအိပ်ဘဲ အရောက်မောင်းမယ်ဆိုပြီး အသကုန်နင်းတာဘဲ..။
မိန်းမတွေချည်းဘဲဆိုတော့ ညမအိပ်ရဲဘူးလေ..။ ကံဆိုးရင်လည်းဓါးပြနဲ့ တွေ့ နိုင်တယ်..။
အဲဒီတုံးကလည်း ပေါမှပေါပေါ့..:)))
မနက် ၉နာရီလောက်မှာထွက်လာကြတာ ည ၈နာရီလောက်တာချီလိတ်ကိုရောက်တယ်။
အသိအိမ်မှာ ရေမိုးချိုးပြီး တည်းခိုခန်းမှာအိပ်ကြပါတယ်။ ဘယ်အမျိုးအိမ်မှလည်း မသွားဘူး..။
တိတ်တိတ်လေးဘဲ သွားခဲ့တာ..။ဟော!!!ကြည့်..ဒီမှာလည်း..တိုးတိုးလေး..ပြောပြနေတာပါ..:P
အဲဒီတုံးက ဒီလိုဘဲသွားလာ ဖြတ်သန်းနေကြတာလေ.။ခုလည်းဒီလိုပါဘဲလေ၊ လမ်းပိုကောင်းလာတယ်ပေါ့။
{ခုတော့ ကျမတို့ မြို့ မှတ်ပုံတင်နဲ့ ဆို ဟိုဖက်ကမ်းမှာ ပြပြီးဆေးကုဖို့ ဘုရားဖူးဖို့ ဗီဇာသဘောမျိုးပေါ့၊
တောင်းလို့ ရတယ်ပြောတယ်။များသောအားဖြင့် ကျိုင်းတုံကလူတွေ ကျိုင်းရိုင်း၊ကျိုင်းမယ် မှာဆေးကုကြတယ်။ရန်ကုန်မှာဆင်းကုရင်လည်း ကုန်ကျစရိတ်အတူတူဘဲ..။ပြောတာဆိုတာ
လည်းနားမလည်၊အစားသောက်လည်းဒုက္ခရောက်လို့ တဲ့။ ခေတ်တွေပြောင်းနေပါပြီလေ..}

နဲနဲဝင်ရှည်ရမယ်ဆိုရင် တလောတုံးက တာလေမြို့ မှာငလျှင်လှုပ်တော့ တမြို့ လုံးပျက်စီးပြီး လူတွေလည်း၊
ထိခိုက်ဒဏ်ရာရတယ်လေ..။ တာလေ မိုင်းဇင်းဖက်က ရှမ်းဘုန်းကြီး(တော်တော်အသက်ကြီးပါပြီ)၊
တပါးလည်းခြေထောက်ပေါင်ရင်းလောက်မှာ ဆိုလားကျိုးတယ်တဲ့။ ကျိုင်းရိုင်းခေါ်သွားဖို့ ပြင်နေတဲ့အချိန်၊
နေပြည်တော်က လူကြီးများ လာရောက်ကြည့်ရှုနေတဲ့အချိန်နဲ့ ကြုံတော့..ဟေ့..တို့ ဆီမှာလည်း
ဆေးရုံရှိတာဘဲ ဘာလို့ ပြည်ပအားကိုး ပုဆိန်ရိုးလုပ်ရမလဲဆိုပြီး၊ လေယာဉ်နဲ့ ချက်ချင်း ရန်ကုန်ဆေးရုံကို၊
ပို့ ပေးပါတယ်။(အဟီး ဂလိုတော့ဘယ်ပြောမလဲနော့်၊ ဒေါ်မီးစဉ်းစားပြီးရေးတာပါ၊ လေယာဉ်လက်မှတ်က 
ဒီတခါချက်ချင်းရတာနော်:P ) ဟိုရောက်တော့ လူကြီးပို့ လိုက်တဲ့လူနာဆိုတော့ အခန်းနဲ့ ဘာနဲ့ တော့ရပါတယ်။ ဘုန်းကြီးကလည်းဘယ်သူနဲ့ မှမသိ၊ကပ္ပိယလည်းဗမာစကားနားမလည်။
ဆးရုံကကျွေးတာဘဲ စောင့်ပြီးစားရတယ်လေ။ ရာသီဥတုကပူ ရန်ကုန်ဆေးရုံကြီးပါဆို အားလုံးက ပူလောင်နေတာပေါ့ စဉ်းစားကြည့်ပေါ့လေ..။ ဒါနဲ့  ဘုန်းကြီးက၊တောင်ကြီးက သူသိတဲ့  ဘုန်းကြီးဆီ
ဖုံးဆက်ပြီး အကျိုးအကြောင်းပြောပြတယ်။ တခါတောင်ကြီးက ဘုန်းကြီးက ပြန်ပြီး ၇န်ကုန် ကရှမ်းတွေထဲကယောက်ယောက်ကို ဆက်သွယ်လိုက်တော့၊
ကျမအမတယောက်နဲ့ ဆက်မိတယ်။ ကျမအမပြောပြတာ သူဆေးရုံလိုက်သွားတယ်။
သစ်သီးလေးတွေ သွားကပ်တာပေါ့။ ဘုန်းကြီးလေ သစ်သီးတွေကို အားပါးတရ ကလေးယောက်လိုဘုန်းပေးရှာတယ်တဲ့။ ဘာမှမစားနိုင်တာ ၃ရက်လောက်ရှိပြီတဲ့။
တော်တော်ဒုက္ခရောက်တာဘဲလို့ မိန့် ပါတယ်။ ကျမဆိုလိုချင်တာက ဘာသာစကားမတတ်၊ အသိအကျွမ်း၊
မရှိရင် ရန်ကုန်ကို ကျမတို့ ဒေသကလူတွေ တော်ရုံဆို မလာချင်ကြဘူး။ ကဲ...ဘေးချော်သွားပြီ။


ပြန်ဆွဲခေါ်ရမယ် တာချီလိတ်ဖက်ကို...:))))) နောက်နေ့ ရှိုးစမိုးထုတ်ပြီး ဟိုဖက်ကမ်းကို ကူးလာကြပါတယ်။
ကျမမိတ်ဆွေကို လာကြိုတဲ့ ကားကစောင့်နေတာ တက်စီးပြီး ကျိုင်းမိုင် ခေါ်တဲ့ဇင်းမယ်ရောက်ခဲ့တာပေါ့။
သူတို့ တွေက ကျမကိုရှမ်းဆိုပြီး ထိုင်းစကားတော်တော်တတ်မယ်လို့  အထင်ကြီးကြတယ်လေ..။
ကျိုင်းမိုင်မှာတညဘဲ အိပ်ပြီး၊ ဘန်ကောက်ကိုထွက်လာကြတယ်။ ကျမကိုလည်း အတင်းခေါ်ပြီး ကန့် လန့် ၊
ကန့် လန့် နဲ့ ပါခဲ့တာပေါ့။ သူတို့ ရဲ့ မိတ်ဆွေ ထိုင်းရတနာကုန်သည်(သူ့ မှာ ရတနာကုမ္မဏီနဲ့ 
ဆိုင်အကြီးကြီး ရှိတယ်လေ)ကသူတို့ ကို ဘန်ကောက်မှာ ကျင်းပတဲ့ ရတနာပြပွဲကိုဖိတ်တာလေ..။
အဲဒီတုံးက ပြပွဲကို ရှန်ကရီလာဆိုတဲ့ တကယ့် ကြယ်ငါးပွင့်ဟော်တယ်မှာပြတာပေါ့။
ပြပွဲကပေးသမျှစာအုပ်တွေယူ၊ ဟိုလူကြည့် ဒီလူကြည့်၊ ရတနာတွေ ဖြိုးဖြိုးဖြတ်ဖြတ်နဲ့ လင်းရှင်းနေတာပေါ့။
စိန်နဲ့ ပုလင်းကွဲတောင် ခွဲခြားခြင်းဌာမသိပါဘူး ဆိုတဲ့ မယ်မီးကိုများဂိုက်ဆိုပြီး ခေါ်လာတဲ့ အမတွေကိုလည်း အားနာပါတယ်။

 
ကိုင်း....တောသားတော့ ဒီတခါမြို့ တက်ပြီး စကြောင်တော့တာပါဘဲ...။
ကျမရဲ့ တောင်တလုံးမြောက်တလုံး ထိုင်းစကားကို တက်စီဒရိုင်ဘာတောင်နားမလည်ပါဘူး..။
ကိုယ်တည်းခဲ့တဲ့  ဟော်တယ်ရဲ့ လိပ်စာကိုပြန်ပြောတာ သူနားမလည်လို့ ။ ကားနဲ့ ၃ခါလောက်ပတ်ပတ်ပြီး၊
ရှာနေရတယ်။ တယောက်မှလည်းလိပ်စာကဒ်ယူမလာကြဘူး..။ နောက်ဆုံး သုံးဘီး တုတ်တုတ်စီးပြီး အင်တာနယ်ရှင်နယ်စကား၊ လက်ဟန်ခြေဟန်နဲ့ ပြောမှ ည၂နာရီထိုးတော့ ဟော်တယ်ပြန်ရောက်
လာကြတယ်:)))

ကျောင်းပြီးကတဲက တောင်ကြီးလောက်ဘဲသွားတတ်တာ၊ မြို့ တော်ရန်ကုန်လောက်ဘဲ ရောက်ဖူးတာကိုး။
အော်..သူများမြို့ တော်က ဂလောက်တောင် တိုက်တွေပေါနေတာကိုး...။သိမှမသိဘဲ..။
ဒါကြောင့် တို့ ဒေသက အိုက်စိုင်းတို့  နန်းအီတို့ ဆေးလာသုတ်ကြတာ ပြန်ကိုမလာကြတော့ဘူး။
စပါးစိုက်တဲ့သူတွေ၊ ခြံလုပ်တဲ့သူတွေတောင်ရှိတော့ဘူးတဲ့...။
ကျမတော့ ဒီဘန်ကောက်ကိုအဲတုံးကမြင်တာ ပါးစပ်လေး ဟောင်းလောင်းဟလို့ ..။

Hua Hin နဲ့ Cha-Am သွားလည်ကြပါတယ်။ ပြီးဇင်းမယ်ပြန်လာကြတော့ အဲဒီကအမတွေရဲ့ အမေအမ၊
ဆွေမျိုးတသိုက်က ဝိုင်းပြောကြတာ။မြန်မာပြည်ပြန်မနေနဲ့  ဒီမှာနေ။ဘဝရှေ့ ရေးအတွက်ကြိုးစား...။
ဘလားဘလားနဲ့ ..ပြောတော့ နေလိုက်တာ ၉နှစ်ကျော်ကြာခဲ့ပါကောလားးးးးးး။ 
သူတို့ ဆီမှာနေမယ်ဆိုရင် သူတို့ ကျောင်းတက်ဆိုလို့ ၊ကုပ်ချောင်းချောင်းနဲ့ အဖေ့သမီး
သူတို့ ကကြီးခခွေးကျက်မှတ်၊ခဲ့ရသေးတယ်လေ..။ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ နေနေတာ..။

အဖေကျမ်းမာရေး အခြေအနေမကောင်းလို့ အိမ်က အတင်းပြန်ခေါ်တော့မှ ပြန်လာဖြစ်တော့တယ်။
အော်..မေ့နေလို့  သူတို့ တွေက ကချင်လူမျိုးတွေလေ...။
ဟား..ကချင်တောထဲက ရှမ်းမတယောက်အကြောင်းဆက်ရအုံးမယ်...။ 


ကဲ...ခရီးတော့စထားပြီးပြီ။
တကယ်တမ်းပြောမယ်ဆိုရင် တထောင့်တညပုံပြင် ဘယ်ကလိမ့်မတုံးဗျို့ ....
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ
မီးမီး 

ဒီကာလရဲ့ တာချီလိတ်-ကျိုင်းတုံကားလမ်းခရီးကိုကြည့်ချင်ရင်တော့ဒီမှာနဲနဲရေးထားတာရှိပါတယ်။ 

15 comments:

  1. စောင့်ပီး ဖတ်မယ် မမီးရေ... မြန်မြန် ဆက်ရေးနော်
    (မွေ)

    ReplyDelete
    Replies
    1. နံမည်လေးက မွေ ဆိုတော့။
      ကိုယ်တို့ ဖက်ကများလား..။
      အဟဲ...ရေးသာရေးရတာပါ။
      ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုတော့။
      သူများတွေ သိပ်
      စိတ်ဝင်စားမှု့ မရှိလှဘူးလားလို့ 
      ထင်နေတာ:))

      Delete
  2. မေကြီးမေမီး
    စိတ်ကောက်ဖို့စောင့်နေဒယ်....
    သများပြောတော့ မျက်စိနာနေတယ်
    လက်ကိုက်နေဒယ်တဲ့.......
    ကျမ်းပြုစုလို့ရဒယ်...:PPP

    ReplyDelete
    Replies
    1. ချိတ်ကြီးချိုးပါနဲ့ ...။
      ဟိုချစ်ချစ်ကြီး ၂ပတ်ကျော်ခရီးထွက်တုံးက၊
      ပျင်းပျင်းနဲ့ ရေးထားတာတွေပါဟယ်။
      တကယ်နာနေတာပါ။
      ချက်ပြုတ်ပြီးလာပို့ ပေးအုံး..:P
      မုန့် ဖိုးပေးမယ်:)))

      Delete
  3. မြန်မြန်ဆက်ရေးပါ အပိုင်း ၁ ။ ၂ မျှော်နေမယ်နော်မမီး ခင်မင်လျှက် သီတာ

    ReplyDelete
    Replies
    1. လည်လည်ထွက်ပြီးပြန်လာရင်..။
      ဆက်ရွှီးရတာပေါ့..အဲ:P
      ကိုယ်တိုင်ကြုံတွေ့ တဲ့ကိုယ်တွေ့ တွေပါနော်..။
      နဲနဲလေးမှ မရွှီး မဖြီးပါဘူး..:)))
      အားပေးတာကျေးဇူးပေါ့..သီတာလေးရေ...။

      Delete
  4. voaမှာလည်းနားထောင်ဖြစ်တယ်မမီးရေအသံဝဲ၀ဲလေးခင်လို့ သီတာ

    ReplyDelete
    Replies
    1. အဟဲ...ဝဲသောအသံ၊သြသောအသံ၊
      အက်သောအသံပိုင်ရှင်ကြီးလေ...:P
      ကျမလည်းဒီကိုရောက်လာတဲ့မိတ်ဆွေအားလုံးကို၊
      လေးစားပါတယ်။ခင်မင်မိတယ်။

      Delete
  5. အသစ်တက်နေလို့ လာဖတ်သွားပါတယ်.. :))

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်။
      :)))

      Delete
  6. အမရေ... လာဖတ်သွားပါတယ်နော်...စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. စာရေးတော်တယ်နော်.. ညီမကတော့ မရေးတတ်လို့ ပုံတွေပဲတင်နေရတယ်.. :P

    ReplyDelete
    Replies
    1. နဘေးမှာလူတွေထိုင်နေပြီး၊
      သူတို့ ကိုစကားပြောနေသလို၊
      သဘောထားပြီးရေးးလိုက်တာပါဘဲ..။
      ဒါကကျမရဲ့ စာရေးတဲ့ပုံစံပေါ့..။
      ဘေဘီလေးစာရေးချင်ရင် စာရေးတဲ့ပုံစံတခုကိုယူပြီး၊
      ရေးကြည့်ပေါ့။ တယောက်ထဲနေပြီး၊အဖော်မရှိဘူးဆိုရင်
      အဖော်တွေအများကြီးလို့ စိတ်ထဲထင်လာလိမ့်မယ်။
      ညီမလေးရဲ့ မျိုးဆက်သစ်လေးမျော်ရင်းနဲ့ ၊
      စိတ်လည်းရွှင်လန်းလာပါလိမ့်မယ်..:)))
      ခင်မင်တဲ့

      Delete
    2. ဟုတ်ကဲ့ပါ မမီးမီး.. အခုလိုအကြံပေးတာကျေးဇူးပါနော်... ကြိုးစားရေးကြည့်မယ်နော်..

      Delete
  7. မီးမီးရဲအတွေ့အကြုံတွေကတော့တထောင့်တညပုံပြင်ပါဘဲဖတ်လိုကောင်တယ်နေရာလဲအနံ့ရောက်တယ်နော်..ခြေထောက်မှာဗွေပါတယ်နဲ့တူတယ်....ဟီးးးးးးးးးးးးးးးး


    ခင်မင်စွာဖြင့်..
    ရွှေဝန်းရတနာ...

    ReplyDelete
    Replies
    1. ပုံပြင်ပြောကျင့်နေတာလေ...:P
      ခြေထောက်မှာဗွေကတလုံးထဲတောင်မကဘူးဖရာ့...။
      :))))

      Delete