Wednesday, April 11, 2012

မျှစ်....

မင်္ဂလာပါရှင်~~~
internet ထဲကပုံပါ
မျှစ်အမျိုးမျိုးရှိတဲ့အထဲက ကျမတော့ပုံက ပါတဲ့မျှစ်ကို ရှမ်းလို(နော်အို-မျှစ်ဒုက္ခ)
အင်းသားလို(မျှစ်ကင်ပေါင်းကြော်၊ဘူးသီးကြော်လိုမျိုး)၊ဗမာလို(ပဲပြုတ်နဲ့ မျှစ်ကြော်)၊ နဲ့ ထိုင်းလို(မျှစ်သုပ်)..အမျိုးမျိုးလုပ်စားတတ်ပါတယ်။
မျှစ်ဆိုတာကျမသိတာကတော့ ၀ါးပင်မဖြစ်ခင် အပင်ပေါက်အစို့ ကလေးပေါ့..။
သူ့ အမည်ပေါင်းသောင်းခြောက်ထောင်၊အမျိုးအစားပေါင်းများစွာကို မသိလည်းကိစ္စမရှိပါဘူးနော့်။
အရေးကြီးတာက ဒင်းကို ကိုယ့်ဗိုက်ထဲဘယ်လို အရသာရှိရှိပြုပြင်ပြီးထဲ့ရမလဲဆိုတာဘဲလေ..။
(အဟီး.ဆင်ခြေ..ဆင်ခြေ တကယ်ဆိုရင် ကျမကအဲဒီမျှစ်ကိုဘယ်လိုခေါ်လဲမသိလို့ လှည့်ပတ်ပြီးပြောတာ)။
(နော်အို)မျှစ်ဒုက္ခ.....
ဒီတခါ ကျိုင်းတုံပြန်တာ နော်အို ကိုဈေးထဲမှာဘဲဝယ်စားလိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဟိုးတလောက သြစတေးလျမှာနေတဲ့ မမလေးတယောက်ရဲ့ ဘလောက်မှာ၊
သူတို့ ဆီကTVအစီအစဉ်တခုကနေ မြန်မာနိုင်ငံမှာလာပြီးရိုက်ကူးထားတဲ့ အစားအသောက်အခြေခံ video file တခု (YouTube  ပေါ်မှာတင်ထားတာ)အကြောင်းရေးထားတာဖတ်လိုက်ရပါတယ်။
အဲဒါနဲ့ ဆက်စပ်ပြီး အဲဒီလူ(Luke Nguyen)ပါဘဲ ကျိုင်းတုံသွားတဲ့ အကြောင်း ကိုလည်းကြည့်လိုက်တယ်။ 
ဒီနော်အို ရောင်းတဲ့ အမ ရှေ့ မှာဗန်းလေးတွေနဲ့ ရောင်းနေတာတွေ တွေ့ တယ်ဟုတ်လား..။
သူက သက်သတ်လွှတ်တွေရောင်းတာများတယ်။
ကျမသူ့ ဆီမှာအမြဲဝယ်စားဖြစ်တယ်။ နော်အို ၃ ခုကို ကျပ် ၅၀၀ တဲ့။
ဆရာသမား ကလည်းချက်ပြပါတယ်။သူကတော့ အသားတွေထည့်တယ်။
အဲဒီမှာဂျင်းရွက်နုနုလေးတွေ ထည့်တာတွေ့ တယ်။
ကျမတို့ ဖက်ကျတော့ ဂျင်းပင် တွေဆိုတာအိမ်တိုင်းနီးပါးရှိကြတယ်လေ။
အဲဒါက မျှစ်ကြော်နဲ့ အရမ်းကိုလိုက်ဖက်တာ...မွှေးနေတာဘဲ။
ကို Luke Nguyen လေးကိုကျေးဇူးတင်လိုက်တာ.။
ကျမမှာပြစရာဒါတ်ဒါတ် မရှိဘူးလေ..။
သူ့ ဆီမှာအားပါးတရကြည့်ပြီး ကြော်စားကြည့် ပါ။အင်မတန်ကောင်းပါတယ်။
ဘာမှအဆန်းတွေမပါဘူး။ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆား ဒါပါဘဲ(စကားမစပ် အသားမှုန့် တို့ ဘာတို့ ၊
ထဲ့ရင် အရသာများပြောင်းသွားမယ်လို့ ကျမထင်ပါတယ်၊ကျမတော့မကြိုက်လို့ သုံးလေ့မရှိပါဘူး)။
အသားထဲ့ မယ်ဆိုရင်တော့ဂျင်းပင်ရွှက်နုလေးထဲ့ပေါ့..။ကောင်းလှပါဧ။်

မျှစ်ကင်ပေါင်းကြော် ..
မစားရတာတောင်အတော်ကြာပေါ့..။
အင်းသားအစားအစာပါ။ အင်းသားတွေရဲ့ အစားအစာတွေက ကြက်သွန်မြိတ်တွေအရမ်းသုံးတာဘဲ။
အင်းသားမုန့် ဟင်းခါးဆိုရင်လည်း ကြက်သွန်မိတ်နဲ့ ချက်တာ..။
ကင်ပေါင်းကြော်ဆိုတာဗမာတွေဘူးသီးကြော် ကြက်သွန်ကြော် သလိုပါဘဲ။
သူက ကြက်သွန်မိတ်နဲ့ ကြော်တာပါ။မုန့် နှစ်လုပ်တာလည်းတူပါတယ်။
ဝက်သားထဲ့တယ်ဆိုရင် အဆီလေးတွေပါတဲ့ဟာမှပိုကောင်းတယ်လို့ ပြောပါတယ်။
မျှစ်ကင်ပေါင်းကြော်ကျတော့ ကြက်သွန်မိတ်နေရာမှာမျှစ်ထဲ့တာပေါ့။
ကျမတော့ ၂မျိုးလုံးထည့်တယ်။မုန့် နှစ်ထဲမှာဂျင်းကိုထောင်းပြီး အရည်ညစ်ထဲ့ဖို့ မမေ့နဲ့ နော်...။

ထိုင်းမျှစ်သုပ်( ซุบหน่อไม้)

ဒီဟင်းကိုတော့ ထိုင်းရောက်မှစားတတ်တာပါ။


ကျမလုပ်စားတုံးက ဓါတ်ပုံတွေမရှိလို့ ထိုင်း အမလေးတယောက်ဆီက ထိုင်းမျှစ်သုပ် လုပ်ပုံအဆင့်ဆင့်၊
ကိုပြန်မျှပေးလိုက်ပါတယ်။တကယ်ကိုစားကောင်းတာနော် မယုံမရှိနဲ့ ။ပုံကိုတော့ ဒီကနေ ယူထားတာပါ။

ကဲ...ဒီနေ့ တော့ သူများတွေဆီကကူးယူပြသလို့ ပြီးသွားပြီ။
ကျမရဲ့ အခါးရည်(တောင်ကြီးအခေါ်) ရေနွေးကြမ်း လက်ဖက်ခြောက်လှော်နည်းလည်းပြောပြမယ်နော်။
ကျမတို့ ခေတ်မှာတော့ ခုလိုစပယ်ပန်းလက်ဖက်ခြောက်တို့ ဘာညာဘာညာတွေကရှိဘူးလေ။
ရှေးကနည်းအတိုင်းမွှေးနေအောင်တော့ ဒီလိုလုပ်ပါတယ်။
လက်ကိုင်ပါတဲ့မြေအိုး လေးတွေမြင်ဖူးကြတယ်ဟုတ်လားးးးး
ကျမတို့ ကမြေအိုးနဲ့ ထင်းရူးဆီ တုက်ချောင်းနဲ့ လှော်ပြီး လက်ဖက်ခြောက်ရွက်လေးတွေ၊
တွန့် လိမ်လာပြီး နဲနဲအနံ့ ထွက်လာရင် နှမ်းစေ့တွေအိုးထဲထည့်လိုက်ပါတယ်။
ပြီးတာနဲ့ မီးဖိုပေါ်ကနေချ၊ (နို့ မို့ ရင်တူးသွားတတ်ပါတယ်)။
ချက်ချင်းဘဲ အခါးရည်အိုးထဲထဲ့ ရေနွေးပွက်ပွက်ဆူကိုလှောင်းထဲ့လိုက်ရင်၊
အင်မတန်မွှေးပြီး အရသာရှိတဲ့ ရေနွေးကြမ်း တအိုးရပါပြီ။
ကြော်ထားတဲ့ မျှစ်ဒုက္ခ မျှစ်ကင်ပေါင်းကြော် ပဲပြုတ်နဲ့ မျှစ်ကြော် မျှစ်သုပ် အားလုံးနဲ့ မြည်းလို့ ရပြီလေ..။

စားပြီးဗိုက်ကြီးတင်းကားနေပြီ၊အိပ်အုံးမှ.....:P
အိမ်ပြန်ခရီးလမ်းတလျောက်အကြောင်းကို နောက် တခါပေါ့နော်...။
အားလုံးဘဲ..အတာရေလိုလန်းပြီး အေးချမ်းကြပါစေ..။
မီးမီး  

16 comments:

  1. wanna eat all :)

    ReplyDelete
  2. မျှစ်ကိုအကြောတက်လို့ရန်ဖြစ်ထားတယ်း))

    ReplyDelete
    Replies
    1. ကိုရင်နဲ့ ကောရန်ဖြစ်တတ်လားးးးး
      မျှစ်က စားကောင်းတယ်နော်...။
      တက်တတ်တဲ့အကြောကို နှိပ်ထား..။
      ပြီးစားပေါ့...။

      Delete
  3. စိတ်ထဲမျှစ်စားချင်တာနဲ့မျှစ်ခြောက်တွေရေစိမ်ထားတာ
    အတော်ပဲ ချက်စားကြည့်အုံးမယ်..
    ကျေးကျေး

    ReplyDelete
    Replies
    1. မျှစ်ခြောက်လည်းစားကောင်းတယ်နော်..။

      Delete
  4. မျှစ်ကိုဘယ်လိုလုပ်လုပ်ကြိုက်တယ်။
    ဒါပေမဲ့ကော်ပြန့် စိမ်းထဲထဲ့တာကျတော့မကြိုက်ဘူး။ အနံ့ ကြောင့်ထင်တယ်။
    အလုပ်ထဲမှာတုန်းကကိုယ်တို့ ရဲ့ ဝန်ထမ်းငယ်တစ်ယောက်ကရှမ်းလေဒီလေ။ သူကအမြဲအားလုံးသောက်ရအောင်လက်ဖက်ခြောက်ကိုအဲလိုလှော်ပေးတယ်။ ကိုယ်လည်းရှမ်းပြည်ကနေသင်လာပြီးလုပ်သောက်လေ့ရှိတော့ကြိုက်တယ်။ အဲဒီထဲထဲ့တဲ့နှမ်းပြားကိုအများကြီးကိုဝယ်ပြီးလှောင်ထားတာ။ ဒါပေမဲ့ချစ်ချစ်ကလက်ဖက်ခြောက်လှော်ထားရင်လုံးဝမကြိုက်ဘူး။ သောက်တာကသူကပင်တိုင်ဆိုတော့မလုပ်ဖြစ်တော့ဘူးလေ။ ဒီမှာနှမ်းပြားတွေတွေ့ တော့တောင်ဝယ်ပြီးလုပ်ချင်နေတာ။
    ကျေးဇူးနော်။ ဗိုက်တွေဆာလာပြီ။ မနေ့ ကမုန်ညင်းပေါင်းထားတာစားလိုက်အုန်းမယ်။း))
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ကော်ပြန့် စိမ်းထဲမှာမျှစ်ထဲ့တာ၊
      မကြားဖူးဘူး။
      ရှမ်းပြည်မှာတော့ရေနွေးကြမ်းထဲမှာဆားခပ်နှမ်းလှော်လေးနဲ့ ၊
      သောက်ကြတယ်။
      မုန်ညှင်းပေါင်းတော့အရမ်းကြီးကြိုက်တယ်။

      Delete
  5. အင်းမုန့်ဟင်းခါး မကြိုက်ဘူး၊ မျှစ်ကင်ပေါင်းကြော်တော့ကြိုက်တယ်။
    မျှစ်ချဉ်ပေါင်က မီးမီးငယ်ကြော်ထားတာလား စားချင်စရာ :D

    ReplyDelete
    Replies
    1. အင်းမုန့် ဟင်းခါးလည်းတခါတလေစားရင်၊
      ကောင်းမှကောင်းဘဲ။
      မျှစ်ချဉ်ပေါင်က ဟိုတလောမပြန်ခင်ကတဲက၊
      ကုလားဆိုင်မှာဝယ်လို့ ရတုံးက ကြော်ထားတာ။
      ၂ ဗူးလောက်ဆိုရင်တပတ်လောက်ကိုစားလို့ ရတယ်။
      ချဉ်ပေါင်ကနဲတော့မျှစ်များများနဲ့ ကူပွားပေးရတယ်လေ၊
      စူးနွယ်ရဲ့ ဟင်းထုပ်လေးကိုစားချင်လိုက်တာဟယ်..။

      Delete
  6. မီးမီငယ်မျှစ်အကြောင်လာဖတ်တခါထဲစားသွားတယ်နော်...

    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ...

    ReplyDelete
    Replies
    1. နှစ်သစ်အခါသမယမှာ..။
      ဘုန်းဘုန်းကို ဦးတင်ရှိခိုးပါတယ်။
      မင်္ဂလာနှစ်ကူးပါဘုရား..။

      Delete
  7. မျှစ်ကတော့ အသေကြိုက်..ကြော်တယ်၊ ချက်တယ်.. သုပ်ပြီးတော့ စားဖူးဘူး..စားကြည့်ဦးတယ်

    ReplyDelete
    Replies
    1. ထိုင်းဆိုင်ရောက်ရင်မှာစားကြည့်။
      ရှိတတ်တယ်။
      စားလို့ ကောင်းတယ်ကွဲ့ ။

      Delete
  8. မျှစ်သုပ်ကိုကြိုက်လွန်းလို့ခနခနသုပ်စားဖြစ်တယ် အိမ်ကကလေးတွေကပြောတယ် မေမေ့ဗိုက်ထဲမှာဝါးပင်တွေပေါက်လိမ့်မယ်တဲ့ :)

    ReplyDelete
    Replies
    1. ကျမတို့ လည်းအမြဲစားတတ်တယ်။
      အကြိုက်ခြင်းတူနေပေါ့။

      Delete