Wednesday, January 25, 2017

မီးမီးကမီးကိုကြောက်ပါတယ်ရှင်...

မင်္ဂလာပါရှင်~~~

မနေ့ နေ့လည်က (တနင်္လာနေ့ဆိုရင် စနေတနင်္ဂနွေတနေကုန်သွားလည်ခဲ့တော့ တနေကုန်သိမ်းဆည်း) ရတဲ့နေ့တနေ့ပေါ့) သီချင်းလေးဆိုလိုက် ကြမ်းတိုက် သိမ်းဆည်းနေတာ၊ ဗြုံးဆို မီးကပျက်သွားရော..၊ ထမင်းအိုးကစပြီးခလုပ်နှိပ်ရုံလေး...။ အိုးမိုင်ဂေါ့..ဆိုပြီး ချစ်ချစ်ကြီးဆီ ဖုံးဆက်မေးရတယ်..။ လေကလည်း
အရမ်းတိုက်တာကိုး...။ သူကပြောပါတယ် ဘေးပတ်ဝန်းကျင်ကိုကြည့်အုံး ကိုယ့်အိမ်တအိမ်ထဲဖြစ်နေအုံး
မယ်တဲ့။ ဒါနဲ့ ပြူတင်းပေါက်လိုက်ကာ လှပ်ပြီး ကြည့်လိုက်တော့ ပြေးနေတဲ့လူတွေမြင်မိသား။ နောက်တော့ အိမ်တံခါးကိုတအုံးအုံးနဲ့ လာထု တံခါးဖွင့်လိုက်တာနဲ့ လူကို "Mam!! you have to leave now!!!" ဘုရားရေ...ကယ်ပါ..ခုချက်ချင်းအိမ်ကနေထွက်ပေးပါတဲ့...။ မီးလောင်နေတယ်ဆိုဘဲ..။

အောင်မငေး..ရွှေတိဂုံဘုရားကယ်ပါ အလောင်းမင်းတရားကယ်ပါ။ မယ်ငီး အိမ်နေရင်းချက်ရင်းပြုတ်ရင်းနဲ့
အင်္ကျီပါးပါးလေး ဘောင်းဘောင်းပါးပါးလေး( အပူပေးစက် ၅လုံး စလုံးဖွင့်ထားတာလေ ဟန်ကျနေတာ) ချက်
ချင်းဆိုတော့ အင်္ကျီထူဘဲဆွဲရမလိုလို သေတ္တာ(ကျမကျားကျားကအမြဲဘဲအဆင်သင့်ပြင်ထားတာ စာရွက်စာ
တမ်းနဲ့ပတ်စ်ပို့ထဲ့ထားတယ်၊ အရေးအကြောင်းရှိရင် အဲတာယူပြီးပြေးလို့မှာထားတာ) ဘဲအရင်ယူရမလိုလို၊
ကွန်ပြူတာ၂လုံးထဲ့လို့မှာထားတာလည်းရှိတော့ ကိုယ်လည်း ကွန်ပြူတာတော့ ထည့်တယ်။ ဟီး..မယ်ငီးကွန်
ပြူတာဘဲထဲ့တာ သူ့ဟာကျတော့ထဲ့ခဲ့မိဘူးဗျ။ 😂 သူရုံးသွားတော့ သူ့ရုံးကွန်ပြူတာဘဲသုံးတာကိုး..။ သူ့ကွန်
ပြူတာတော့ အပြင်ကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စဘဲသုံးတာလေ။ ဒီလိုဘဲ အိမ်မှာဒီအတိုင်းထားတာဆိုတော့
ဂရုမစိုက်မိတာလည်းပါတယ်။ အပြင်မထွက်ခင် စိတ်ကိုငြိမ်အောင် ထိန်းပြီး ပြန်စဉ်းစားရတယ်..။ ဘာတွေ လိုသေးတုံး..ပေါ့.. memory recall ပြန်လုပ်ရသေးတယ်..။အသက်လေး ၅ဝ ကျော်တာနဲ့ မှတ်ညာဏ်က အိမ်နောက်လှေခါးထစ်ကနေပြန်ဆင်းသွားပြီဘဲ..။ အော်..ပိုက်ဆံအိပ်..လေကအရမ်းတိုက်တော့ ဦးထုပ်
အပူချိန် အနုတ်အောက်မှာ ဘယ်သူများအပြင်မှာကြာကြာနေနိုင်မလဲဗျာ..။ အာရှမှာနေတဲ့သူတွေ မျက်စိထဲ
မြင်အောင်ပြောရရင်တော့ ရေခဲသေတ္တာအပေါ်ထပ်အခန်းထဲဝင်ထိုင်နေသလိုပေါ့လေ..။ winter coat နဲ့
လည်ပတ်..။ ဘွတ်ကြီးကောက်စီးလို့ ထွက်ဖို့အဆင်သင့်..။

ကိုင်း..ချစ်မိတ်ဆွေများ..မျက်စိထဲမြင်ယောင်ကြည့်ပေါ့..ညအိပ်ဝတ်ချည်သားဘောင်းဘောင်းပါးပါးလေးနဲ့
winter coat သိုးမွေးလည်ပတ် သိုးမွေးဦးထုပ် သေတ္တာတလုံးနဲ့နှင်းတောထဲစီး ဘွတ်ဖိနပ်ကြီးနဲ့ 😝
ရဲကြီးကိုကိုကအဆင်သင့် အပြင်မှာစောင့်နေတာလေ။ထွက်မလိုလုပ်နေတုံးသတ္တိခဲကြီး မယ်ငီး ရူရူးဖလား ဝါးချင်သလိုလို အင်းအင်း..ဘဲသွားရမလိုလို( သေချာတယ် သူများတွေပြောပြောနေတဲ့ ကြောက်ချေးပန်း
ဆိုတာဘဲနေမှာလေ)😜 ဒင်းကိုချောင်းကြည့်ပြီး ပါးစပ်ကလည်း I'm coming..လို့အော် ရူးရူးဖလားဝါးရပေါ့
ဟီးဟီး..တံခါးတောင်ပိတ်ရဘူးဆို..မီးသတ်သမားက တံခါးသော့မခပ်ခိုင်းဘူး..ဒီအတိုင်းဖွင့်ထားခိုင်းတာ။
ရဲတွေ လူနာတင်ကားတွေ မီးသတ်သမားတွေ ခန္ဓာတောင့်တောင့်ကြီးတွေ တူတွေရဲဒင်းတွေနဲ့ ပြေးလာ
ကြတာ..ကြောက်စရာကြီးဗျာ..လူမရှိတဲ့အခန်းဆို တံခါးတွေဖျက်ပြီးဝင်သွားကြတယ်..။

ထွက်ဆိုတော့ ထွက်လာတာ ပြောင်းလာကြတာလည်း ၅လလောက်ရှိပေမဲ့ ခင်မင်တဲ့သူမရှိ။ ရီပြပြုံးပြအ
ဆင့်ဘဲရှိကြတော့ လမ်းမပေါ်မှာ မယ်ငီး ဘယ်သွားရမှန်းမသိ..။ လေကလည်းတဝူးဝူးတိုက်..။ တချိန်လုံး
ကျားကျားကိုဘဲ ဖုံးခေါ်နေတယ်။ သူလည်း သူ့အလုပ်ကနေ ချက်ချင်းထွက်ခဲ့ပါတယ်။ ရဲတွေက နေရာပတ် လည်ကိုအဝါရောင် တိတ်ကြိုးတွေနဲ့ပတ်ကာပစ်လိုက်တာ..။ ဘယ်သူ့မှ အဲ့နေရာဖြတ်သွားမရ..။ အော်...
ဘဝ ဘဝ..ဟစ်လို့သာအော်လိုက်ချင်ပါ၏....။ ကိုင်း..ဖြစ်သမျှအကြောင်းအကောင်းဘဲ..လာစမ်း...ဓါတ်ပုံ
ရိုက်မလို့ ကင်မရာကမပါလာ..ကိုယ်ကတောသား သုံးတဲ့ဖုံးက ပန်းသီး သစ်တော်သီးဟုတ်ဘူး..။ black
berry အစုတ်လေး..။ အမယ်..အထင်မသေးနဲ့ရှင့်..အမေရိကန်သမတ ဆိုရင် အဲ့ဖုံးမျိုးဘဲကိုင်ရတာ..တဲ့။
ရှိတဲ့ဖုံးနဲ့ ကင်မရာနဲ့ဓါတ်ပုံရိုက်တာဘဲ.. ၁ဝ ပုံရိုက်တာ ၂ပုံဘဲရတယ်..။ ကျန်တာတွေက Black Berry
ဆိုတဲ့အတိုင်း black ဘဲထွက်လာတယ်..အဟဲ... လက်တုန်လို့ ဘာနှိပ်လို့နှိပ်မိမှန်းလည်းမသိ..။

အဆိုးထဲရောက်ရင် အကောင်းကိုရှာပါဆိုတဲ့အတိုင်း သူများတွေလို ( တောပြန်တော့ ဟိုကမေးကြပါတယ်
အထုပ်အထည်တွေ ဘယ်နှစ်ဆက်လောက်စုမိပြီလဲ..တဲ့) အထုပ်အထည်ဆိုတော့ ဒီ ငဒူကြီး သိပ်နားမ လည်ဘူးလေ 😁 ဒီတော့ ပြန်မေးကြည့်ရပါသေးတယ်..ဟဲ့ အထုပ်က အဆက်နဲ့လာတာလား...ဘယ်လို အထုပ်ကြီးလဲပေါ့ 👀 မေးခွန်းထုတ်တဲ့ချစ်လှစွာသော ဘယ်ရင်းကြီး မျက်စောင်းတလုံး ပစ်သွင်းပြီးမှ မယ် ငီးနင့်ကိုမေးတာ စိန်ရွှေရတနာ ဘယ်လောက်စုမိထားလဲ...တဲ့..။ ကိုင်း..မယ်ငီးတောကြတာများ ကြာလေ အူလေရှင့်...။ အဆက်အထုပ်ကြီးဆိုတာကလည်း မရှိရှာလေတော့ ဆွဲပြေးဖို့ စာရင်းထဲမရှိ၊ ဒီတော့ ရှိတာ
လေးဆွဲပြေးရတာ..အဟဲ အတော်လေးသား..အဆက်ကြီးသာရှိရင် အရေးကြီးတဲ့ ရူရူးဖလားဝါး လုပ်ချိန်
တောင်ရှိမှာဟုတ်ဘူးနော်..တော်သေး..ဒီလိုကောင်းကွက်လေးရှာတွေးလို့ရသေးဗျား...။

သူများတွေတော့ ညှော်နံ့တွေရကြတယ်တဲ့..။ ဒီက မယ်ငီးတော့ တချိန်လုံး နှာစေး နှာမမကြီးဆိုတော့ ဘာ
အနံ့မှလည်းမရ..မီးတောက်လည်းမမြင်ရဘဲနဲ့ ပြေးလွှားနေရတာ..။ နောက် မျက်မှန်းတန်းမိနေတဲ့ အိမ်နီးချင်း
အမဲဆိုပေမဲ့တော်တော်ဖြူတဲ့အမဲဘဲ) သူကအိမ်ထဲဝင်ဖို့လာခေါ်တာနဲ့၊ သူ့အိမ်ထဲခဏဝင်ထိုင်နေရ
သေးတယ်။ နာရီဝက်ကျော်ကြာတော့ ကျားကျားပြန်လာပြီး ကားထဲဝင်ထိုင်စောင့်နေရတာ။ ၁၅မိနစ်
လောက်ပါဘဲ သူတို့တွေဝင်လို့ရပြီဆိုမှ သေတ္တာလေးဆွဲလို့ ပြည်တော်ပြန်ခန်းလေး လုပ်ရတော့တယ်..။
ထမင်းအိုးကလည်း ဆန်က ၂နာရီနီးပါးလောက်စိမ်ထားသလိုဖြစ်နေတာ။ ပြီး ဂစ်နဲ့ချက်တော့ အရမ်းကို
ကောင်းနေရော...ရင်တုန်ပန်းတုန်နဲ့ စားသောက်ပြီး ကုလားသေကုလားမောအိပ်..အဲ့လေ...အဲ့လိုရေးရင်
ပြောခံနေရအုံးမယ်..ရှမ်းသေရှမ်းမော..အိပ်ပေါ့ရှင်....။ တော်ပါပြီမီးရယ်.. ၃ခါရှိပါကောလား..ညည်းလေး
နဲ့တွေ့တိုင်း ခင်ခင်အူကြောင်ကြားဖြစ်ရတယ်...။

ဒီတခါ ဖြစ်တဲ့အိမ်ခန်းပိုင်ရှင်က ဒေါ်နယ်ထရမ့် ဗီဇာပိတ်လိုက်တဲ့နိုင်ငံတွေထဲကလူတွေပေါ့။ မျက်နှာကြီးကို
ရှစ်ခေါက်ချိုးမာန်ချီထားတဲ့ အခန်းကတဲ့...ဟွန့်...သူတို့ကိုမြင်လို့ ရီပြရင် ကိုယ့်ယုန်သွားအအေးမိသွားတာ
ဘဲအဖတ်တင်တာ လူကိုမတူသလိုလိုမတန်သလိုလို လုပ်တတ်လို့ စိတ်ထဲကြိတ်ဆဲနဲ့ကြည့်မရဖြစ်နေတာ
လေ...အဟဲ..။ လူလူချင်းဘဲ ဘယ်နိုင်ငံ ဘယ်လူမျိုး ဘာအသားရောင်ဖြစ်ပါစေ မယ်ငီးတို့ကတော့ အိုကေ
ပါတယ်..။ အားလုံးကိုရင်းနှီးစွာ ပွင့်လင်းစွာနဲ့ ခင်မင်တတ်ပါတယ်လေ...။ အယ်..အထက်လမ်းကလိုလို
အရာကြီးများပုံစံလာလည်း ပေါင်းသင်းဖြစ်ပါတယ်..။ နောက်ကွယ်မှာသာ အူတက်အောင်ရီမှာနော့် 😇😆😂

အရင်မီးလန့်တာ၂ခါကြူံခဲ့ဖူးတာလေး ီနေရာမှာရေးဖူးပါတယ်။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, January 20, 2017

Sriracha ငရုပ်သီးဆော့မူလအစမြန်မာက

မင်္ဂလာပါရှင်~~~
Fb နဲ့ ဒီအမေရိက နိုင်ငံရဲ့သတင်းတွေကို ရှောင်လိုက်ကတည်းက၊ အချိန်တွေပိုထွက်လာတယ်။ စာတွေ
ဖတ်တခြားဗဟုသုတရနိုင်တဲ့ NHK World, History, ခရီးသွားChannels နဲ့ တခြားအိမ်ဆောက်တာ

တွေကြည့်ဖို့ အချိန်တွေပေးလာနိုင်တယ်😂။ ဒီလိုဘဲ ဟိုဟိုဒီဒီကြည့်ရင်း ဒီအမေရိကမှာနံမည်ကြီးတဲ့ ကြက်ဖတံဆိပ် ငရုပ်သီးဆော့အကြောင်းရောက်သွားတယ်။ ဗီယက်နမ်စစ်ပွဲကြောင့် အမေရိကမှာ လာခိုလူံရတဲ့ တရုတ်မိသားစုတခုက ၁၉၈ဝ မှစပြီးထုတ်လုပ်တာပါ။ Sriracha ဆိုတဲ့နံမည်ထဲ့သုံးတယ် ဆိုတော့ မူရင်း ထိုင်းကိုအခြေခံပြီးလုပ်တယ်လို့ယူဆရတာဘဲ။ သူတို့ကတော့ ဗီယက်နမ်မှာကတဲက လုပ်
ခဲ့ဖူးတယ်လို့ပြောတာပါဘဲ။ ထိုင်းက Sriracha sauce ကိုသွားကြည့်ရအောင်..

တခါတုံးက ထိုင်းပင်လယ်ကမ်းစပ်မြို့ Sriracha က ထိုင်းအမျိုးသမီးတယောက်ရဲ့ အိမ်ဆိုင်မှာ အမြဲဈေး လာဝယ်တတ်ပြီး သစ်စက်မှာအလုပ်လုပ်ကြတဲ့ မြန်မာလူမျိုးတွေရှိပါတယ်တဲ့။ သူတို့ဝယ်ရင် ငရုပ်သီး
ဆား ရှာလကာရည် သကြားတွေဝယ်ပြီး ငရုပ်ဆုံထဲ့ရောထောင်းလို့ ငရုပ်ချဉ်(sauce) တယ်တဲ့။ ဒါနဲ့ဆိုင်
ရှင်အမျီုးသမီးကလည်း လိုက်လုပ်ပြီး သူ့အိမ်ဆိုင်မှာတင်ရောင်းပါတယ်။ အဲ့ဒီမှာ သူ့ဖေါက်သည်တွေ
ထဲက အမျီုးသားတယောက်လည်း အားကျမခံ ငရုပ်သီးတွေဝယ် လိုအပ်တဲ့ကုန်ကြမ်းတွေ အများကြီးဝယ်ပြီး
Golden Mountain Brand Si Racha Sauce ရွှေတောင်တံဆိပ်နဲ့ ငရုပ်ချဉ်ရည်စထုပ်ခဲ့တာ..တဲ့။ ကဲ...
ဒီလိုနဲ့တစပြီးတစ ကျယ်ပြန့်သွားတာ ဒီအမေရိကားမှာတော့ ဒီSriracha ငရုပ်သီးဆော့ဟာ ၂ဝဝ၉ အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းအဖြစ်Bon Appétit magazine ကတောင်ဂုဏ်ပြုတယ်တဲ့ဗျား....

ကိုင်း...အဓိကပြောချင်တာ....ဒီလို ကိုယ်တို့ဆီကအခြေခံယူပြီး ကမ္ဘာမှာ သူများတွေ အားပါးတရစား
သုံးနေကြတယ်။ ကိုယ်တို့တွေတော့ မိုတက်နေတဲ့ ငရုပ်သီးနဲ့ အရောင်ဆိုးထားတဲ့ ငရုပ်ချဉ်ရည်တွေဘဲ
စားနေကြရတုံး...ဗျို့... ရင်နာတာနော်....
😭😱😰


ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဆွဲစေ့ပြီး.. ကိုယ်တို့မိုတက်စာတွေ စားနေရတာ... ရင်နာလို့ စာတပိုဒ်
လောက်လာရေးချွတ်မိတာပါ..လေ...


#meemeenage

Saturday, January 14, 2017

အထက်တန်းကျောင်းဘော်ဒါဆောင်သူဘဝ..

မင်္ဂလာပါရှင်~~~
ခုတလော ကျောင်းပေါင်းစုံ တက္ကသိုလ်ပေါင်းစုံ မေဂျာပေါင်းစုံတွေ ဆရာကန်တော့ပွဲ တွေ့ဆုံပွဲတွေ
ဆက်တိုက်ပါဘဲတွေ့နေရတယ်။ အရင်ကသတိမထားမိတာလားတော့မသိဘူး။ နောက်ပိုင်းတော့
နေရာအနှံဘဲ၊
ကိုယ်တော့ ဘယ်ပွဲမှမမှီ ဘယ်ပွဲမှမတက်ဖူးတော့ အတွေ့အကြုံမရှိပါဘူး။ သူများ
ဓါတ်ပုံတွေကြည့်ပြီး
အရမ်းကြီးစိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ရမဲ့ပုံပါဘဲ..။

ကျိုင်းတုံက အလက ၃ ကျောင်းတောင် ဆရာကန်တော့ပွဲလုပ်ကြတယ်တဲ့။ ကြည့်လိုက်တော့ လူငယ်တွေ များတယ်။ သူတို့ဆရာမတွေဆိုတာ ကိုယ့်ရွယ်တူလောက်ဘဲ..ဖယားရေ..ငါကြီးက တော်တော်အသက် ကြီးသွားပြီဘဲ..။ တောင်ကြီး အထက ၁ ကတော့နံမည်ကြီးကျောင်း။ အမြဲတမ်းလုပ်လေ့ရှိတယ်။ ဒီနောက်ပိုင်းမှ
တောင်ကြီးကသူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့ သူတို့ကနေတဆင့် ဓါတ်ပုံတွေမြင်ရတယ်။ မှတ်မိ
တာရှိ
မမှတ်မိတာလည်းရှိပေါ့..။ ၄ နှစ်ထဲနေခဲ့ဖူးတာလေ..။ ၁ဝတန်းရောက်တော့ မှန်တာပြောရင် အမ
နဲ့အကို ၂ယောက်က ၁ဝတန်းအောင်သွားပြီ..။ အဖေတို့မွေးစားထားတဲ့ လားဟူမလေး( အားလော်မွေး)
က ကိုယ်တို့မောင်နှမ ၄ယောက်ကို ချက်ကျွေး အဖွားကကြည့်ရူတာလေ..။ သူကယောက်ကျားနောက် လိုက်ပြေးတာ..။ အဖွားကလည်း အသက်ကြီးပြီ မယ်ငီး ၁ဝကျောင်းသူကြီးကို ချက်မကျွေးနိုင် မကြည့်နိုင်၊
ဒီတော့ တောင်ကြီးကျာင်းကို နူတ်ဆက်ပြီးရန်ကုန်က ကျောင်းအိပ်ကျောင်းစားရှိတဲ့ လသာ(၂) ကိုပြောင်း
ရတာပါ။ အဲ့အချိန်မရမ်းခြံမှာလည်း ကျောင်းအိပ်ကျောင်းစားကျောင်းရှိတယ်။ ကိုယ်တို့လသာ၂ က စိန်ဂျွန်း
ကျောင်းဆိုပြီးနံမည်ပိုကြီးတာလေ..။

၁ဝတန်းတနှစ်ထဲနေခဲ့ရပေလို့ဘဲ..။ ရောက်ကတဲက ကျောင်းဆင်းလွတ်ချိန်ဆို ပြူတင်းပေါက်ကနေသူများ
တွေကျောင်းပြန်တာကိုကြည့်ပြီး မျက်ရည်စက်လက်ဝမ်းနဲပက်လက် လုပ်နေရတာက ၂လလောက်နီးပါး။
ကျောင်းဝင်ဖို့လည်းခက်ခဲတယ်။ အဖေကလိုက်ပို့ရတာ။ ကိုယ်တို့က လမ်း၅ဝထိပ်က ရှေ့နေဦးမျိုးမြင့်အိမ်
(သူ့မြေးမလေးကတော့ကလေးဇာတ်ဆောင်နဲ့အကယ်ဒမီရတယ်တဲ့)မှာတည်းတာ။ အဖေကတော့ ၅၁ လမ်း
ထဲက ကျားပျံဆေးလိပ်ခုံမှာတည်းတာဘဲ။ ညီမဝမ်းကွဲတွေလည်းပါတယ်လေ။ လိုက်ပို့တဲ့ အဒေါ်
တွေနဲ့ဆိုအုပ်စုကတောင့်တယ်လေ။ ကျိုင်းတုံကလာတာအားလုံးလက်ခံပြီး မယ်ငီးက တောင်ကြီးကျောင်း
ဖြစ်နေလို့တဲ့....လက်မခံနိုင်သလိုလိုပြောတာခံရပါသေးတယ်။  အဲဒီအချိန်ကျောင်းအုပ်ကဒေါ်မြူရယ်ထွန်း
ကျော်ပါ။ လက်မခံသလိုလို ဘာလိုလိုနဲ့၊ နောက်တော့ ရံပုံငွေတွေဘာတွေထည့်ရတယ်။ ကိုယ်ထိုင်မဲ့စားပွဲ
ကုလားထိုင်ပါ ဝယ်ရပါတယ်..။ နောက်တော့ ရသွားတာပေါ့လေ။ ကျောင်းတက်ချိန်က June ဆိုရင် ကိုယ်တို့က July လလောက်မှစတက်ရတာ..။ တလကျော်နောက်ကျတယ်..။

ကျောင်းလခလည်း ၁၁ဝ လားမသိ..၊ ဘော်ဒါဆောင်ကြေးပေါ့ စား အိပ် ဒိုဘီခအပါ..။ ဒိုဘီကို သပ်သပ်
အပ်ရင်တော့ ပိုက်ဆံပေးရတယ်။ အဝတ်လျော်တာက ကိုယ့်ဖာသာကိုယ်လျော်လှမ်းလို့လည်းရပါတယ်။
အဝတ်လှမ်းခန်းကတခန်းထဲ အထဲမှာ မိူနံ့မွှေးမွှေးလေးနဲ့ ဘယ်သူ့အင်္ကျီ ဘယ်သူ့ ထမိန်မှန်းမသိရောထွေး
နေတာပေါ့။ လူပေါင်းတရာကျော်ရဲ့အဝတ်အစား..လေ။ လှမ်းထားပြီးမေ့နေလို့ပြန်မသိမ်းမိလို့ပျောက်တာ
လည်းရှိ..။ ဒိုဘီပေးချိန်ဆိုရင် အဝတ်လှမ်းခန်းရှေ့ အဆောင်၂ဆောင်ကြားထဲ ရူပ်ယက်ခတ်နေတာပေါ့။
ကိုယ်တော့ ဒိုဘီကုလားကို စိတ်ဝင်စားတာ အထုပ်ကြီးတွေ နဲတာမဟုတ်ဘူး။ ခေါင်းပေါ်ရွက်သွားကြတာ ကို တအံ့တသြဖြစ်ရတာ..။ ထမိန်သောဘာသော အားလုံးပေါင်းဘဲ။ အဝတ်ဖြူကြီးထဲထည့် စုချည်ပြီးလွယ်
အိတ်လိုတဖက်ကလွယ် ခေါင်းပေါ်ကအထုပ်ကြီးတင်လို့..။ တောသားမယ်ငီး ပါးစပ်အဟောင်းသားနဲ့လိုက် ကြည့်ရတာ အမောပေါ့ရှင်။ ပြန်လာပေးချိန်ကျတော့ အဝတ်တွေကို ကြမ်းခင်းမှာ ဖြန့်ချထားပြီး ကိုယ့်အဝတ် ကိုယ်ပိုက်ဆံပေးရွှေးကြရတာပေါ့..။ အားလုံးဖြူစိမ်းအတူတူဆိုတော့ ဘယ်လိုလုပ်ရတယ်မှတ်လည်း..။ အဆောင် မဝင်ခင် အဝတ်တွေမှာ ကွမ်းရွက်နဲ့ နံမည်ထိုးရပါတယ်။မမြင်သာတဲ့နေရာ ထိုးတာပိုကောင်း
ပေမဲ့များသောအားဖြင့် ခလေးတွေဘဲလေ သိပ်လည်းနားမလည်တော့ ပြူးပြူးပြဲပြဲကြီးတွေ စာလုံး
အကြီးကြီး
တွေရေးလို့.. အဝေး ကနေကြည့်ရင် ဘော်ဒါသူဆိုတာကြော်ငြာစရာမလို..။

လူကလည်းဒေသပေါင်းစုံက လူမျိုးပေါင်းစုံ၊ သူ့အုပ်စုနဲ့သူနေကြတာ။ ဥပမာ ချင်း ကချင် ကရင် ခရစ်ယာန်
တွေဆို တနင်္ဂနွေမှာဘုရားကျောင်းတက်( ကျောင်းဝင်းထဲမှာပါဘဲ) သီချင်းဆိုတော့။ သူတို့ကတအုပ်စုပေါ့။
ဘိတ် ထားဝယ်ဖက်ကသူတွေ ဗမာစကားပြောရင် ရှမ်းမတွေကဘယ်နားလည်မလဲ ၃-၄ ခါပြန်မေးရတယ်
ဒီတော့ သူတို့က အုပ်စုတခု..။ ရှမ်းတောင်မှာ မြောက်ပိုင်းက တအုပ် အရှေ့က တာချီလိတ်ကျိုင်းတုံက တစု၊
ဒီလိုတွေလေ..😁 ဟားဟား..ပြန်စဉ်းစားရင် ရီချင်စရာ ခုတော့ ဘော်ဒါဆောင် gathering မှာ တယောက်နဲ့
တယောက်ချစ်လိုက်ကြတာ..ပြန်တွေ့ရတာကိုဘဲ အရမ်းဝမ်းသာနေလိုက်ကြတာ..တမိုးအောက်ထဲ အတူတူကြီးပြင်းလာကြရတာဆိုတော့ ဘယ်လိုသံယောဇဉ်ရှိကြတယ်ဆိုတာ ပြောမပြတတ်တော့ဘူး။ပျော်တယ်
လေ ။ ဘော်ဒါဆောင်မှာ ဒုကျောင်းအုပ်က အုပ်ချုပ်တယ်။ ပြီးတော့ မေထွင်က အဆောင်မူးပေါ့။ ကရင်
လူမျိုး
သူ့လက်ခုပ်သံကြားရင် မယ်ငီးတို့အားလုံးဗျာနေတာဘဲ..။ မြစန္ဒာနဲ့ မြကလျာဆိုပြီး ၂ဆောင်ရှိတာ။ ဗိုလ်ချုပ် လမ်းမပေါ်ကနေလှမ်းမြင်ရတဲ့ အပေါ်ဆုံးထပ် တတန်းလုံးက မြစန္ဒာပေါ့။ ကိုယ်တို့က မြကလျာမှာ နေခဲ့ရတာ။အဆောင်ပုံစံက Lရှိတ်လိုရှိတာ။ သူက L ထိပ်မြစန္ဒာကနေတဖျောင်းဖျောင်းနဲ့ လက်ခုပ်တီးလိုက်ရင်မြကလျာအဆောင်မှာ အတိုင်းသားကြားနေရတယ်..။

မနက်ဆိုရင် မေထွင်က ခေါင်းလောင်းကိုင်ပြီး ဂလာင်ဂလောင်နဲ့ သူ့အခန်းက(မြစန္ဒာဆောင်)ကနေထွက်ပြီး ဒီဖက်မြကလျာအထိတီးပြီးအားလုံးကိုနိုးတာပေါ့..။ စနေတနင်္ဂနွေကျတော့ အားကစားဆရာကြီးက လာပြီးဝီ
စီမူတ်ပါတယ်။ အောက်ဆင်းလေ့ကျင့်ခန်းယူရတယ်..။ ၂ခုလုံးအရမ်းမုန်းဘဲ။ အဟဲ..ဇိမ်နဲ့နှပ်နေတဲ့အချိန်
လေ..။ ခုတော့ လွှမ်းတာ...ပြန်ကြားယောင်နေပေါ့..။ တခါတလေ အားလုံးတန်းစီပြီး ရွှေတိဂုံဘုရားအထိ
သွားရတယ်။ ဘုရားအသွားလမ်းမပေါ်မှာ အမဝမ်းကွဲရဲ့အိမ်ရှိတော့ ကမန်းကန်းပြေးဝင်ပြီး မုန့်တွေသွား
တောင်းကြတယ်..အဟဲ..ညီမဝမ်းကွဲ၂ယောက်နဲ့လေ..။ အဆောင်နေကျောင်းသူ ဘဝတော့ တကယ်ငတ် ကြီးကျတာ။ မနက်အိပ်ယာကထပြီး မျက်နှာသစ်အိပ်ယာကိုပြန့်အောင်ခင်းရတယ်။ ရှေ့ကုတင် ဘေးကုတင်
နဲ့ညီအောင်ညှိရတယ်။ အိပ်ယာမွေ့ယာကလည်း အုံးဆံဖတ်မွေ့ယာအထူကြီးပါ။ ဒါပေမဲ့နှစ်ပေါင်းများစွာကြာ လာတော့ အလယ်ကခွက်ချိုင့်နေတာပေါ့။ အိပ်ယာခင်းပေါ်ကနေအိပ်ယာဖုံးထပ်ခင်းရင်အရမ်းခွက်လွန်းလို့
တချို့ကလည်း စောင်တွေ အဝတ်တွေခုထဲ့ကြရတယ်။ မေထွင်လက်ခုပ်တီးသံကြားရင် လက်ပိုက်ပြီး ကိုယ့်
ကုတင်ထိပ်ကိုယ်ရပ်နေရပါတယ်။ မေထွင်ကြီးစိတ်ကြည်နေရင်တော့ ဘာမှပြသာနာမရှိ အားလုံးအိုကေ
လို့ စိုပြေပေါ့။ တခုခုဖြစ်ရင်တော့ အိပ်ယာနဲနဲတွန့်တာ ကုတင်မညီတာ အပြစ်ကြီးပေါ့ရှင်..။ ပြန်စစ်ပြန်ညှိ
သူဆုံးမပြောဆိုနေတာ ခံပေတော့..။ သူပြောတာတွေလည်း ထပ်နေတော့ သူပါးစပ်ဟရုံရှိသေး မယ်ငီးတို့
စဆုံး အလွှတ်လိုက်ပြောနိုင်တာပေါ့..😆

ကဲ..မယ်ငီးကဘယ်တစ်ယောက်လဲကျောင်းကပွဲတခုမှာ
တယောက်ကို၁ဝကျပ်စီကောက်ပြီး
ဒန်ပေါက်အအေးစားကြရတာဓါတ်ပုံဆရာဝင်လာတာနဲ့ပျော်လွန်းလို့လေ....

မယ်ငီးလည်းခဏခဏပြစ်ဒဏ်ထိဖူးတယ်။ သနပ်ခါးကျောက်ပြင်ကို ဘီဒိုထဲမှာဘဲထားရတာ။ အပြင်ထုပ်ထားမိလို့၊ အဲ့ဟာကြီးရွက်ပြီးမတ်ရပ်နေဖူးတယ်..။ ခေါင်းရင်းမှာ ဘရာဇီယာကြီးလှမ်းထားမိတာ လူရှေ့မှာ
အပ်ချိတ်နဲ့တွယ်ပြီး မတ်တပ်ရပ်ခဲ့ဖူးတယ်။ အဲခေတ်ကာလာ ဘရာဇီယာဆိုတာ ခေတ်မစားသေးပါဘူး။
(မယ်ငီးတို့ကျိုင်းတုံဒေသကတော့ ထိုင်းနယ်စပ်နဲ့နီးစပ်တာကြောင့် အဝတ်အစားတွေက နဲနဲပိုခေတ်ဆံကြ
တယ်ဆိုပါတော့ ဒါပေမဲ့ကိုယ်က အရမ်းပူလွန်းလို့ ဝတ်တာပါ..😁 နေ့ခင်းကျောင်းတက်ရင်မဝတ်ပါဘူး။
ဒါပေမဲ့ ကျောင်းမှာတနင်္လာနေ့ဆိုရင် လက်သဲဆေးဆိုးထားမထား ဘရာဇီယာဝတ်မဝတ် လာစစ်လေ့ရှိ တယ်။ စစ်ဆေးတဲ့ဆရာမအုပ်စုဝင်လာရင် အားလုံးမတ်တပ်ရပ်လို့ ကျောကုန်းထားပေးရတယ်။ လက်ဆယ်
ချောင်းကိုလည်းရှေ့မှာဖြန့်ပြရတယ်။ လသာ၂ ကတော့ တကယ်စည်းကမ်းကြီးတာပါ။ ဟီးဟီးဟားဟား
အော်ရီရင်လည်း တီချယ်တွေက မေးတာဘဲ ဘယ်အတန်းကလဲ မိန်းကလေးဆိုတာဗိုင်းကောင်းကျောက်ဖိ
ဘာညာကွိကွဆုံးမပြောဆိုခြင်းခံရတာပါဘဲ။ စာတွေလည်းအပြိုင်အဆိုင်ကျက်ကြတယ်။ စာတော်တာများ တယ်လေ။

အဲ..အဆောင်ဖက်ကိုပြန်ခေါ်သွားမှ 😜 ကုတင်စစ်ခြင်းကိစ္စပြီးရင်တော့ အောက်ထပ်ကထမင်းစားဆောင်
သွားကြတာပေါ့။ ၂ယောက်စီ တန်းစီပြီးဝင်ရတယ်။ ထမင်းစားခန်းထဲမှာ လုံးဝစကားမပြောရပါ။ စားပွဲတ ဝိုင်းကို ၆ ယောက်လားမသိ၊ (နဲနဲကြာတော့လည်းသိပ်မမှတ်မိတော့ဘူး..ဟီး) ထိုင်ရတယ်။ ထိုင်ခုံကအထဲ
မှာ မဆွဲထုတ်ရသေးဘူး။ ကိုယ့်ထိုင်ခုံရှေ့မှာလက်ပိုက်မတ်တပ်ရပ်ပြီး အားလုံးအထဲရောက်မှ မေထွင်လက် ခုပ်သံကြားမှဆိုပါတော့ မင်္ဂလာပါဆရာမများ...ဆိုပြီးထိုင်ခုံဆွဲထုတ် ထိုင်ရပါတယ်။ ဟင်းပွဲတွေကချထား
ပေးပြီးသား။ ထမင်းလိုက်ပွဲလိုရင် လက်ညိုးထောင်ရပါတယ်။ စားပွဲထိုးတွေက ကရင်တွေ ချည့်ပါဘဲ 😀
ကျောင်းမှာ အလုပ်သမားတွေ အားလုံးကရင်တွေချည်းဘဲ။ ကရင်နှစ်ကူးနေ့ဆိုရင် မြညီလာခန်းမမှာ သူတို့
ဒုံးယိမ်းကတာ သွားကြည့်ရသေးတယ်။ ထမင်းစားခန်းနှဘေးကအခန်းထဲမှာလည်း  locker လေးတွေထား
ပေးတယ်။ ကိုယ့်ဟင်းပုလင်းတွေ ကိုယ့်ဖာသာကိုယ်သိမ်းဖို့။ မယ်ငီးတို့က ခုံဆွဲထိုင်တာနဲ့စားချင်နေတာ။
ဘာလုပ်လုပ်အရမ်းနှေးကွေးတော့ ဟင်းပုလင်းသွားယူပြီး ပြန်လာမှ ထမင်းပုဂံထဲက စပါးလုံးရွှေးချိန်နဲ့ဆို
ရင် စားချိန်မလောက်မှာစိုးလို့။ ရောက်ခါစ စပါးလုံးစေ့တွေရွှေးလိုက် ဟင်းနမ်းကြည့်လိုက်နဲ့၊ မေထွင် လက်
ခုပ်တီးချိန်ရောက်ရော..။ အဲဒီအချိန်ဆိုရင် စားတာတွေရပ်လိုက်ရတယ်။ တကယ်စားရင် အချိန်လောက်ပါ တယ်။ ခင်ခင်ချေးများပဲများလုပ်တာနဲ့..ငတ်ရောလေ..😢 ဒီတော့ထိုင်ခုံပေါ် ဟင်းဗူးတင်ထားပြီး၊ ထိုင်ခုံကို
သာသာလေးသွင်းထားလိုက်တယ်။ ထမင်းစားချိန် ခုံဆွဲဟင်းဗူးယူ၊ စမတ်ကိုကျလို့..။ တလ ၁၁ဝ နဲ့ ထမင်း
ဟင်းတွေ ဘယ်လိုလုပ်ကောင်းမလဲ..။ ငါးစိန်ဆန်ကြမ်းကြီး ဗူးသီးဟင်းရည်ဆိုရင် ကြည်လင်နေတာဘဲ။
ခုခေတ်သောက်ရေသန့်အတိုင်း..ဟီး..။ တခါခါ ပုဇွန်ကြော် တယောက်ကို ၅ကောင် 😵အံသြသွားလား
ခုခေတ်ပုဇွန်ခြောက်သာသာအကောင်ရယ်...အဟဲ..။ ပြီး ကန်ဇွန်းရွှက်ကြော်..တဲ့။ ဒီတော့ မုန့်ဈေးတန်း
ကျောင်းကင်တင်းကကိုယ်တို့အတွက်မဟာနိဗ္ဗာန်ဘုံလေးပါဘဲ..။

ခေါက်ဆွဲတပွဲမှ ၆၅ ပြားထဲ၊ အဲ့လိုထင်တာဘဲ။ ခေါက်ဆွဲကအရည်လေးနဲ့ ပုဇွန်ခြောက်ပါလေရာလေးနဲ့ ဂျုံခေါက်ဆွဲ၅မျှင်၆မျှင်လောက် ကြက်သွန်ကြော်လည်းဖြူးလို့ ကြိုက်တတ်ရင် ငရုပ်သီးထဲ့ပေါ..။ ဘာအစား
မှန်းမသိပေမဲ့ တကဲ့နတ်သုဒ္ဓါခေါက်ဆွဲ၊ ကော်ပြန့် အသုပ် မုန့်ဟင်းခါး..လုဝယ်စားရတာ..။ လူကလည်းများ
တာလေ။ မိုးတိုးမတ်တပ်နဲ့လုယက်စားခဲ့တာ..တကယ်မမေ့နိုင်ဘူး။ ပဲပြားအသာသွပ်ဆိုတာအသေကောင်း
ပေါ့။ ဓါးလှီးရေခဲချောင်းဆိုတာလည်း မပြတ်အားပေးခဲ့တာဘဲ။ တခါခါ စနေတနင်္ဂနွေနေ့လည်မှာမုန့်ဟင်း
ခါးကျွေးတတ်တယ်။ မုန့်ဖက်ထုပ်ကျွေးရင်တော့ အခန်းထဲသွားစားစရာမလို ၄ယောက်တတွဲတန်းစီအပေါ်
ထပ်အိပ်ဆောင်ကြမ်းပြင်ဆောင့်ကြောင့်လေးထိုင်လို့ ထိပ်ကဝေပေးတာ ကုန်းကုန်းကွကွနဲ့သွားယူပြီးစားခဲ့
ဖူးတယ်။ ပိတ်ရက်ဆိုရင်နေ့လည်အိပ်ရတယ်လေ။ အိပ်ယာထရင် မုန့်စားရတယ် 😋 ထမင်းမကောင်း ဟင်းမကောင်းဆိုတာလည်း မယ်ငီးတို့အားလုံးစိတ်ထဲဘာမှ မရှိပါဘူး။ မစားနိုင်လို့ အိမ်က လမ်း၅ဝ အိမ်ကို
တပတ်တခါ ပုဇွန်ကြော်လုပ်ပြီးလာပို့ပေးဖို့၊ အကူအညီတောင်းထားပေးခဲ့တယ်လေ။ သံပြားထမင်းဗူးနဲ့
အန်တီကလာပို့ပေးတယ်။ တနင်္ဂနွေလာပို့ရင် အင်္ဂါနေ့လောက်ဆိုရင် ပြောင်ပေါ့..ဟီး။ တယောက်ထဲစားတာမှ မဟုတ်တာ။ သူငယ်ချင်းတွေနဲ့မျှစားတာလေ..။ တောသားက ပုဇွန်ကြော်အသေကြိုက်၊ ခုတော့ သိပ်မစား
တော့ဘူး..မုန်းသွားပြီလေ 😊 ထမင်းစားပြီးရင် ပုဂံတော့မဆေးရဘူး။ ကိုယ့်ဇွန်းကိုယ်ဘဲဆေးရတာပါ။
ဇွန်းကိုအစားအသောက်ဘီဒို locker ထဲသွားသိမ်းရတာ။ ကိုယ်တို့တော့ စက္ကူပတ်ပြီး လွယ်အိတ်ထဲ ထည့် ထားလိုက်တယ်အေးရော..။ လွယ်အိပ်ကိုညအိပ်ချိန်နဲ့ ရေချိုးချိန် အိမ်သာတက်ချိန်ဘဲ အဝတ်ဘီဒို locker
ထဲထားတာ။ ကျန်တဲ့အချိန် ကိုယ်မှာစလွယ်သိုင်းလွယ်ထားလိုက်တာဘဲ။ အထဲမှာ ပစ္စည်းအစုံရှိပါ့..😎

စနေနေ့ဆိုရင် လွတ်လပ်တယ်။ တနင်္ဂနွေနေ့ကျတော့ ကျောင်းသူမိဘဆွေမျိုးမောင်နှမတွေလာတွေ့ခွင့်ရှိ
တယ်လေ။ ကျောင်းအပ်ကတဲက လူ ၄ယောက်ရဲ့ဓါတ်ပုံပေးထားရတယ်။ အဲ့ ၄ယောက်ကလွဲလို့ ဘယ်သူမှ
လာတွေ့ခွင့်မရှိပါဘူး။ ဓါတ်ပုံပါသူနဲ့အတူတူလာရင်တော့ရပါတယ်။ တလတခါ အပြင်ထွက်ချိန်ပေးပါတယ်။
အုပ်ထိန်းသူ ၄ယောက်ဓါတ်ပုံနဲ့တိုက်စစ်ပြီး သူတို့ခေါ်မှ ထွက်ခွင့်ရှိတာပါ။ လာတွေ့ရင်လည်း လက်မှတ်ထိုး
ဓါတ်ပုံနဲ့တိုက်စစ်ပေါ့..။ ပြီးရင် ကျောင်းသူတွေကအပေါ်မှာဘဲနေရတာ..၃ထပ်ဆိုတော့လည်း၊ လက်မှတ် ထိုးတဲ့နေရာက ကျောင်းသူစပြီးအော်လိုက်တယ်..ဥပမာ ၉တန်းက စမ်းစမ်း အိမ်ကလာနေတယ်..။ လှေခါး
ထောင့်မှာ နောက်ထပ် တာဝန်ကျ(အလှည့်ကျလုပ်ရတာလေ) ကျောင်းသူက ပြန်အော်ရတယ်၊ အဲ့အတိုင်း
ပေါ့ နောက်ထပ် ဒုတိယထပ်မှာ ကျောင်းသူကထပ်ပြီး အပေါ်ဆုံးထပ်က တာဝန်ကျသူကို ထပ်အော်ပြော ရတာ။ အပေါ်ဆုံးကလူကျတော့ အဆောင်ထိပ်မှာ ထပ်အော်လိုက်ရတာပေါ့..ဒီလိုတဆင့်ချင်းအော်ရတာ..။
ဟီးဟီး...မိုက်လေးနဲ့သုံးလိုက်ပြီးရော..လို့မပြောနဲ့။ ခေတ်အခြေအနေက ဂလိုပါဘဲလေ...အဲ့အသံတွေကို
ကြားယောင်နေတုံးဘဲလေ..။ မှတ်မိတာတခုက ကိုယ်တို့နဲ့တတန်းထဲ ၁ဝတန်း ကသူငယ်ချင်းတယောက်
တမြို့ထဲသားပါ၊။ ရှမ်းစပ်တယ်ဆိုပါတော့။ သူက ဧည့်စာရင်းမှတ်တာဝန်ကျတာကို သူအမြင်ကပ်တဲ့ သူငယ် ချင်း(မယ်ငီးပုံလည်းပါတာပေါ့..ဟီးဟီး) အားလုံးကို ဘောပင်နဲ့ နူတ်ခမ်းမွှေးဆွဲပစ်လိုက်တယ်။ မှတ်တမ်းစာ
အုပ်ထဲမှာလေ..။ စာမေးပွဲကြီးနီးချိန်ကြီးမှာ ဘော်ဒါကျောင်းထုတ်ခံရတယ်။ စာမေးပွဲတော့ဖြေခွင့်ရှိတယ်။
တကဲ့ပရုတ်ကျသူဘဲ..အခုဘယ်ရောက်နေလဲမသိ..။ သတိရတယ်သူငယ်ချင်းရယ်...။

သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ အမကကျိုင်းတုံပြန်သွားလို့၊ တခြားအိမ်တွေမှာ လိုက်မအိပ်ချင်တာနဲ့၊ မယ်ငီးအဆောင်ကနေမထွက်ဘဲနေဖူးတယ်။ ညနေဆိုရင် လေဟာပြင်ဈေးကို သွားကြရတယ်။ ဘော် ဒါဆောင်ရဲ့ ကျမ်းမာရေးမူူးခေါ်မလားဘဲ..သူကခေါ်သွားတာ။ ကျန်ခဲ့တဲ့လူတွေလည်း များသောအားဖြင့် ချင်း ကချင် ကရင် ဒီလိုအိမ်နဲ့အရမ်းဝေးတာတွေပေါ့။ မယ်ငီးအဆောင်မှာ လူ၂ယောက် ၃ယောက်ဘဲကျန် တာကြောက်လို့၊ မြစန္ဒာမှာသွားအိပ်ရတယ်။ လူလေး ၁ဝ ယောက်လောက်ဘဲကျန်ခဲ့တာ။ အသေလွတ် လပ်တယ်။ ထမင်းစားချိန်ဆိုရင် အချိန်ကြည့်ပြီး ထမင်းစားခန်းထဲဝင်သွားရုံဘဲ။ တသက်မမေ့နိုင်တာကလေဟာပြင်ဈေးသွားတာဘဲ။ မယ်ငီးနဲ့ လင်လင်(အခုထိုင်ဝမ်လေယာဉ်မယ်) ဈေးထဲရောက်တာနဲ့ ဆီချက်စားတယ်။ ပြီး ကြေးအိုးစားတယ်။ ဖာလူဒါသောက်တယ်။ ပေါက်စီစားတယ်။ နောက်မုန့်အများကြီးဝယ်ပြန်တယ်။ ပါးစပ်ကပြန်အန်ထွက် မတတ်ကိုစားပစ်လိုက်တာ..။ အဲ့လိုငတ်ကြီးကျပါတယ်ဆို..။

ကျုရှင်လည်း ဘော်ဒါဆောင်ကျောင်းသူအတွက် အပြင်ဆရာတွေလာသင်ပေးတယ်။ တလမှ ၁ဝကျပ်ဘဲ
ပေးရတယ်။ ဆရာတွေထဲမှာ ဦးသီဟဆိုတဲ့ အင်္ဂလိပ်ကျုရှင်ဆရာကိုသတိရတယ်..။ သူမေးသမျှ အင်္ဂလိပ် grammar မယ်ငီးဖြေနိုင်တယ်လေ..။ မယ်ငီးကိုလက်ညိုးထိုးပြီးမေးတယ်။ ဘယ်ကပြောင်းလာသလဲတဲ့..။ ကိုယ့်မှာဒူးတွေ တုန်လို့ကြောက်တာလေ..။ အော်..ပြောဖို့မေ့နေတာ..မယ်ငီးခလေးဘဝ ကကြီးခခွေးသင် ကတဲက ABC သင်ခဲ့ဖူးတယ်။ ကိုယ်တို့ခေတ်က ၅တန်းမှ ABC ရတာလေ..။ ကျိုင်းတုံက အမျိုး ဦးလေး
တော်မလားဘဲ။ သူကအင်္ဂလန်မှာကျောင်းတက်ရင်း ဘိုမနဲ့အိမ်ထောင်ကျတယ်။ ပြီးတော့ ကျိုင်းတုံခေါ်လာ တာလေ။ သူ့သမီး ၂ယောက် ဘိုကပြားနဲ့ ကိုယ်နဲ့က သက်တူရွယ်တူ၊ အတူတူကစား သူ့အမေကစာသင်
ပေးတာ..။မှတ်မှတ်ယယတခုကတော့ ဘိုမက လက်တဖက်ပြတ်သွားတယ်။သူတို့ချိန်းတွေ့ပြီးလျောက် လည်တုံးအက်ဆီးဒင့်ဖြစ်တော့ ယောက်ကျားပီသစွာနဲ့ လက်ထပ်ယူလိုက်တာတဲ့...။ နဲနဲလည်းငယ်သေးတော့
မယ်ငီးလည်းသိပ်မမှတ်မိပါဘူးလေ..။ ကြားဖူးတာလေးပြန်ဝါးချတာ..😹

မယ်ငီးကုတင်ခေါင်းရင်း နဲ့ ရွှေတိဂုံဘုရားကတန်းနေတာဘဲ။ ညညရှိခိုးရင် မီးတွေလင်းလို့ အရမ်း သပ် ပယ်တာ။ ညညကုတင်တွေပူးပြီး အိပ်ကြတယ်။ သူရဲကြောက်လို့တဲ့..။ ကိုယ်တော့ သူရဲမကြောက်ပါဘူး။ အခြောက်ခံလည်းထိဖူးခဲ့တယ်။ကုတင်က ၂တန်း ရှိတယ် အလယ်မှာ ကွက်လပ်ကျယ်ကျယ်နဲ့ ဟိုးထိပ်ကျ
တော့နောက်၂တန်းထားတာ..လူတွေအများကြီးဘဲ ညညအိပ်ရင် တခြားကျောင်းသူတွေ  သွားကြိတ်သံ ကြားရင်တော့အသေကြောက်ထှာ..ဟီးဟီး တုပ်ကွေးဆိုတာလည်းမယ်ငီးကနေစဖျားလိုက်တာ လူတွေ ၁ဝကျော်လောက်ဖျားကြတယ်။ ဘုရားခန်းနေရာမှာ သပ်သပ်သွားအိပ်ကြရတယ်။ ကျောင်းပျက်ရက်အများ
ကြီးဘဲ လိမ်ဖဲလိမ်ဖဲနဲ့ ၁ဝတန်းအောင်သွားတော့ အမှတ်က အောင်မှတ်လေးနဲ့ကပ်လို့.. 😂

အော်..သတိရအောင်းမေ့လွန်းလို့...fb ပေါ်လည်းသိပ်မသွားဖြစ်ဘူး..။ တခါခါမှသွားကြည့်တာ။သူငယ်ချင်း
တွေကမေးကြတယ်...ဘယ်ပျောက်နေတာလဲ..တဲ့။ ငုတ်တုပ်ကြီးများအိပ်ပျော်နေသလားထင်ရတယ်..ဒီက
လည်း..တရက်တရက်ပြီးသွားတာ..အချိန်ကမလောက်ဘူး..။ တခါခါ fbဝင်မိရင် ကြည့်စရာများလွန်းလို့
အချိန်ကုန်သွားရော..ဒါနဲ့..တာတာတာလုပ်ပစ်လိုက်တာ...သူငယ်ချင်းတွေအားလုံးကို သတိရတာပေါ့..

ပျော်ရွှင်လွတ်လပ်တဲ့ဘဝဆိုတာ ကျောင်းသူအရွယ်မှာဘဲရှိတာအမှန်ဘဲ...။
ပကတိဖြူစင်ရိုးသားခဲ့ကြဖူးတယ်လေ...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage

Tuesday, January 3, 2017

ကြုံဖူးခဲ့တဲ့ဂျပန်များ(၃)

မင်္ဂလာပါရှင်~~~


တကယ်ဆိုရင်ဂျပန်များနဲ့ခင်ဗျာယာ..လို့ဘဲနံမည်တပ်ပစ်လိုက်ချင်တာ..ဒါပေမဲ့ရေးလက်စနဲ့လိုက်လျောညီ
ထွေအောင် နံပါတ်သုံးကြီးဖက်ကူးရလေတာပေါ့။ ဂျပန်ဆိုတာ ငယ်ငယ်ကကြည့်ဖူးခဲ့တဲ့ဓါတ်ရှင်တွေထဲက
လက်သည်းခွံခွာတယ်ဆိုတဲ့ စစ်သားကြီးနဲ့ ကင်းကောင် ဂေါ်ဇီလာကောင်တွေထဲက ပြေးလွှားနေရတဲ့ ဂျပန်
ဓါတ်ပုံဆရာနဲ့ အနောက်နိုင်ငံကရွှေမင်းသမီးဇာတ်လမ်း( Princess and photographer) ထဲက  ဂျပန်တွေ
လောက်ဘဲမြင်ဘူးတော့ စိတ်ထဲမယ်..အံမယ်..ဒီဂျပန်ဆိုတာ ပုပုကွကွ ပုံဆိုးပန်းဆိုးနဲ့ သူတို့ရဲ့လှပခြင်းကို ရှာမတွေ့မိပါဘူး။ အဟီး.. မယ်ငီး လူကသာယောက်ကျားလိုလို ဂန်ကြီးလိုလို အလှတော့ကြိုက်တတ်သား။
ထိုင်းရောက်တော့လည်း ဂျပန်ဆရာက ပိန်ပိန်ရှည်ရှည် မျက်မှန်ထူထူနဲ့ သာမာန်ရုပ်ရည်ဘဲ။ အလုပ်လုပ်တုံး
ခဏခဏလာလည်းတဲ့ ဂျပန်အဖိုးကြီးလည်း မျက်မှန်ထူကြီးနဲ့ ခပ်ရိုးရိုးလေးပါဘဲ..ဆိုလိုချင်တာ...သူတို့ကို
စိတ်မဝင်စားခဲ့မိတာကို ပြောပြချင်တာပါ...😛

ထိုင်းမှာဘဲ မနက်အလုပ်သွား ညကျောင်းတက်နဲ့ ရူပ်နေတဲ့ အချိန်မှာ သြဇီကနေ ကျောင်းတက်ပြီး အပြန် ထိုင်းလာလည်တဲ့ ဂျပန်ကောင်လေးတယောက်က ကိုယ်တို့ ဆိုင်လာလည်ပါတယ်။ ညညသင် ထားတဲ့
ဂျပန်စာတွေကို လက်တည့်စမ်းချင်တာနဲ့ သူ့ကို ဂျပန်စကားရေပက်မဝင် မယ်ငီးတို့တသိုက် ဝိုင်းပြောကြ
တာပေါ့..။ ဆရာသမားကလည်း အီးလိုဘဲမူတ်ချင်တာ..။ ဘာရမလဲ ကိုယ်တို့ broken ဂျပန်စကားကြားထဲ
သူတော်တော်စိတ်နောက်သွားရှာတယ်။ ထုံးစံ အနူတောထဲက မယ်ငီးအာအကျယ်ဆုံးပေါ့..။ နောက်တော့ သူ ခဏခဏလာတယ်။ ထူးဆန်းစွာနဲ့ မယ်ငီးကိုထမင်းစားဖိတ်ပါတယ်..။ဒီကလည်း ကျောင်းတဖက်နဲ့ဆို
မသွားပါဘူး..မအားဘူးလို့ပြောလိုက်ပါတယ်။ တကယ်ဆိုရင် တယောက်ထဲလာခေါ်ရင် ကိုယ်တို့က ဘယ်
တော့မှမသွားကြဘူး..အဲ..အုပ်စုလိုက်လာလို့ရတယ်ဆိုရင်တော့ သားဖြဲနားဖြဲ သွားအုပ်ကြတာပေါ့..ဟီး။
နောက်နေ့လည်း ထပ်လာတယ်..ထပ်ဖိတ်ပြန်တယ်။ မသွားဘူးလို့ပြောတာ ဘာပြန်ပြောတယ်မှတ်လဲ..။
မီးမီး..ငါ့ကို ဘယ်သူ့မှ ဒီလိုထမင်းစားဖိတ်ရင် မငြင်းဖူးဘူးတဲ့..မင်းကဘာမို့လဲတဲ့...ဖယားဖယား...လူကို
ပါးတက်မချတာကံကောင်း..သူ့ထမင်းစားမလိုက်လို့တဲ့..။ ကြည့်ရတာသူဋ္ဌေးသားနဲ့တူတယ်...။ တကမ္ဘာလုံး
လျောက်လည်တယ်။ နိုင်ငံခြားမှာကျောင်းတက်တယ်..။ ဒါကြောင့်..ဒီလို မြောက်ကြွကြွစကားပြောတာနေ
မယ်။ နို့မို့ရင် သူတို့နိုင်ငံထုံးစံလားမသိ..။ ထားပါလေ...😁

မြန်မာပြည်ပြန်တော့ သူငယ်ချင်းတယောက်( ဂိုက်သင်တန်းကနေသိပြီးခင်ကြတာပါ )က ဂျပန်ပြန်။ အဲ့
ခေတ်ကာလက ဂျပန်ပြန်ဆိုရင် အိုဂေပဂေးဆန်ဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် ပိုက်ဆံများ သိန်းထောင်ချီပိုက်ပြန်
လာကြတာဆိုတော့ ကြီးကျယ်တယ်ဗျ..။ ကျမသူငယ်ချင်းကိုပြောတာပါ..။ အဟီး.သူများကိုမဆိုလိုပါ..😉
(စကားမစပ် အဲ့ဒီသူငယ်ချင်းကြီး ထူးဆန်းစွာနဲ့ ပျောက်သွားပါတယ်...၊ဂျပန်သွားချင်တဲ့သူတွေကို ဆက် သွယ်ပေးရင်း ပိုက်ဆံသိန်းထောင်ချီပိုက်ပြီးလစ်သွားတယ်လို့ တခြားမိတ်ဆွေတယောက်ပြောပြလို့ သိရ တယ်)😧 ကိုယ်တော့ ခုထိသူ့သတင်းကို နားစွင့်နေတုံးပါ တွေ့ရင်လည်း မေးချင်ပြောချင်ပါတယ်..။သူငယ်ချင်းရယ်..ပြန်လာပါ..ပြသာနာတွေကိုရင်ဆိုင်ပါလို့...။ ဘဝမှာ ပြသာနာရှိတယ်ဆိုတာ မဆန်းပါဘူး။
သတ္တိရှိရှိဖြေရှင်းတတ်ဖို့ဘဲ လိုပါတယ်...။ လောကမှာ ပိုက်ဆံထက်အရေးကြီးတာတွေ
အများကြီးရှိပါတယ်..😶
ကကြီးအကင်ဆိုင်တခုမှာသစ်ကိုင်းလေးတွေကာပြီးမီးသွေးတွေတန်းစီပြီးချထားတယ်ရိုးရီုးမီးသွေးမူန့်ကိုအတုံးပုံစံပုံသွင်းထားတဲ့မီးသွေး

ကဲလေ...ဆက်ရအောင် ကိုယ်က ပစ္စည်းတွေထုပ် ကိုးရီးယားကို export ပို့နေတဲ့အချိန်၊ သူက သူ့မိတ်ဆွေ
ဂျပန်ကြီးသားအဖခေါ်လာမိတ်ဆက်ပေးပါတယ်။ အဖေကြီးကအမြဲ ပုဆိုးဝတ်လို့ ယဉ်ကျေးတဲ့အမူအရာ ရှိတယ်။ သူတို့ကိုပစ္စည်းတခု လုပ်ပေးနိုင်လား..။ သူတို့ဝယ်မယ်။ export လုပ်ပေးပါလို့ လာပြောတာ..။
ချက်ချင်းမလုပ်ပေးပါဘူး..။ ကျမငြင်းပါတယ်..ဂတီးဂတီးလာပြီး အော်ဒါပေးတယ်..။ သူတို့ပြောတာ
နား
ထောင်ပြီး ဗဟုသုတရတာနဲ့ ကဲပါလေ..စမ်းလုပ်ပေးမယ်ဆိုပြီ..စခဲ့တယ်။ အဟဲ..ဂျပန်ကိုဘာပစ္စည်းတွေ
များတင်ပို့တယ်ထင်ကြသလဲ မိတ်ဆွေများ...ကြားဖူးကြရဲ့လား.ဝါးမီးသွေးတဲ့ဗျား....။ အဲ့အချိန်အထိ ဝါးမီး
သွေးကို မယ်ငီးကြားတောင်မကြားဖူးပါဘူး...။ ဘယ်နေရာမှာသုံးမှန်းလဲမသိဘူး..။ မယ်ငီး မိတ်ဆွေများ
ဗဟုသုတရအောင် ပြောပြအုံးမယ်...။ အားလုံးနားလည်တာက မီးသွေးကို မီးဆိုက်မယ်ပေ့ါလေ.။ အဲ့တာ
တခုထဲမဟုတ်ဘူးဗျ...။ ရိုးရိုးလေးကျမနားလည်သလိုပြောပြမယ်လေ..။

အဲ့ဝါးဗူးတဗူးကို ၄၅$တဲ့ဗ်
ဝါးမီးသွေးက ရိုးရီုးမီးသွေးထက် ၃ဆပိုပြီး အနံ့စုပ်ယူနိုင်စွမ်း(Odor absorption)ရှိတယ်တဲ့။ ဒီတော့အသား
ကင်၊ ငါးကင် စားတတ်တဲ့ ဂျပန်၊ကိုးရီးယားတွေ သူတို့စားသောက်ဆိုင်ထဲမှာ တန်းစီပြီးထားလေ့ရှိ တာမြင် ဖူးကြမှာပါ။ အနံ့ပြင်းတာတွေစုပ်ယူဖို့ပါ။ ရေခဲသေတ္တာထဲထဲ့ဖို့ဗူးလေးအထုပ်လေးတွေနဲ့ရောင်းတာဒီအမေရိ
ကားက ကိုးရီးယားဆိုင်မှာရှိတယ်..။ နောက်ပြီးဂျပန်က အားလုံးသိတဲ့အတိုင်း မီးတောင်တွေ ချော်တွေများ
တယ်။ဒီတော့သူတို့မြေတွေက ဓါတ်ငွေ့တွေဘာတွေရှိတယ်ပေါ့။ တောဖက်က လူတွေ အိမ်ဆောက်ရင် မြေ
တူးပြီး အဲ့ဝါးမီးသွေးကို အရင်ခင်းတယ်တဲ့။ မြေကြီးကထွက်တဲ့ အပူငွေ့တွေ ကိုစုပ်ယူဖို့ပေါ့။ ပြီးအပေါ်မှာမှ
မြေကြီးတို့ဘာတို့ ပြန်ခင်းပြီး အိမ်ဆောက်ကြတယ်တဲ့..။ ဂျပန်က ဘာလုပ်လုပ်သဘာဝကိုသေချာစွာလေ့ လာပြီးလုပ်တာ၊ တကယ်ဘဲချီးကြူးဖို့ကောင်းတယ်..။ မီးဖုတ်ဖို့ အပူချိန်လယ်လောက် ဘယ်နှစ်ရက်ဘာညာ
ရှိသေးတယ်။ အဲ့လောက်အသေးစိတ်ကိုတော့ ကိုယ်တို့ဆီက ဘယ်လိုလိုက်နာမလဲ..။ မယ်ငီးလည်း လှည်း ကူး ပဲခူးဖက်မှာ သွားလုပ်ခိုင်းရတယ်..။ ဒေသခံတွေကို အဲ့လိုလုပ်ဖို့ပြော..သူတို့ကိုခေါ်သွားကြည့် မဟုတ် ရင်ပြန်ပြင်နဲ့၊ ဂျပန်စိတ်ဓါတ်အကျင့်စရိုက်နဲ့ မြန်မာနိုင်ငံသားအကျင့်တွေကြားထဲမှာ ဒေါ်ကြီးမယ်ငီး ကိုယ်အ
လေးချိန် ပေါင် ၁ဝဝ ကတက်ကိုမလာတော့ဘူး...။ အရမ်းစိတ်ဖိစီးမူ့တွေဖြစ်တာပေါ့ရှင်...။

တဖက်ကလည်း export ပို့ဖို့ စဆုံးကိုယ်တိုင်လုပ်ရတာ...ပြောရရင်ဖြင့် တထောင့်တညပုံပြင်ပေါ့....။ သေ ချာတာတခုက ကံကြမ္မာက ရှမ်းမမယ်ငီးကို သိပ်မျက်နှာသာမပေးပါဘူး..။ ဂျပန်တွေက အထုပ်အပိုး ထုပ် တာကအစ ဘယ်ဟာကို ဘယ်လိုလုပ်လို့မှာတာ၊ ကိုယ်လက်ခံတယ်..။ ဝယ်သူပြောတာ ရောင်းသူက အဲ့ အတိုင်းလုပ်ပေးရမှာလေ...။ ကတ်ထူစက္ကူကအစ ကျမတို့ဆီမှာ အဲ့လောက်အဆင့်မမြင့်ဘူး။အရမ်းကောင်း ရင် အရမ်းဈေးမြောက်ဘဲလေ...။ သူတို့လာတိုင်း သူတို့နဲ့ဂျပန်အစားအစာသွားသွားစားဖြစ်တယ်။ အဲ့အချိန် ကဘယ်အပေါက်ကနေ ဘယ်လိုဝင်မှန်းတောင်မသိပါဘူး။ အရသာရှိမရှိလည်းမသိဘူး..။ သူတို့မေးသမျှ
ဖြေဖို့ကိုယ့်မှာတာဝန်ကြီးတခုကရှိနေတာကိုး...။ သူများတွေအလုပ်လုပ်ရင် ခဏလေးနဲ့ ပိုက်ဆံတွေအများ
ကြီးရတယ်..မယ်ငီးတော့ အသေပင်ပန်း..ပြီး..ဘာမှမကျန်ခဲ့..ဟီးဟီး..။

တခုတော့ရှိတယ်.. ဘယ်အလုပ်မဆို စေ့စေ့စပ်စပ် သေသေချာချာလုပ်တတ်တဲ့ သူတို့ရဲ့အကျင့်ကို အတုခိုး
မိတယ်။ စကားမစပ် ထိုင်းမှာနေတုံးက ကျမဖေါက်သည် တယောက်က ဂျာမာန်၊ သူလာရင် ယွန်းထည်
ကြေးထည်တွေကို ကွန်တိန်နာလိုက်ဝယ်တာ။ သူရောက်လာရင် ကျမထမင်းငတ်ဘဲ။ အလုပ်မပြီးမချင်း
လုံးဝမနားဘူး..ဘေးကနေတောက်လျောက်လိုက်နေတာ..။ invoice ရေးတာကအစ သူ့ပစ္စည်းတခုချင်းရဲ့
အတိုင်းအတာတိတိကျကျ ပြန်တိုင်းပြရတယ်..။ ပစ္စည်းအမယ်ပေါင်း ၁ဝဝဝ ရှိလို့ ကိုယ်က ရောသောဖော
သောချလို့မရ.. 😬 မယ်ငီးအတွေ့အကြုံအရ ဂျပန်နဲ့ဂျာမာန် ဘာလို့ ထိပ်တန်းစက်မူ့နိုင်ငံဖြစ်သလဲဆိုတာ
သူတို့အကျင့်စရိုက်ပါဘဲ...။ တိတိကျကျ အမှားဆိုတာ လုံးဝလက်မခံဘူး...။လူကမှားတယ်ဆိုတာ လုံးဝမရ ဘူး။ မမှားအောင်လုပ်ရမယ်ဆိုတာချည့်ဘဲ...။ check လုပ်ရင် ကိုယ်တို့တွေက အလွန်ဆုံး ၂ခါပေါ့..။သူတို့
က check 1,ပြီးရင် check 10 အထိရှိတယ်ပြောရင် ယုံကြမလားဘဲ...။

ကိုးရီးယားကိုလည်း ပစ္စည်းတင်ဖူးတယ်။ သူတို့နဲ့အလုပ်လုပ်ဖူးတယ်။ သူတို့စိတ်ဓါတ်နဲ့ ဂျပန်၊ဂျာမာန်စိတ် ဓါတ် မိုးနဲ့မြေလိုကွာခြားတယ်။ အတော် အတင်းပြောတတ်တဲ့သူတွေ၊ ယောက်ကျားရောမိန်းမရော.ဘဲ။
နောက်ပြီး သူများကိုနှိမ်တတ်တယ်..။ ဟိုကလူတွေ တန်းတူဆက်ဆံတယ်..။ အလုပ်လုပ်ရင် အလုပ်ကိုဘဲ
အာရုံထားတယ်..။ ကကြီးတွေက သူတို့ရဲ့ကိုယ်ပိုင် ခံစားချက်နဲ့ရောချတတ်တယ်..။ ကိုယ်နူတ်အမူအယာ
ရိုင်းစိုင်းတယ်..။ ရုပ်ရှင်ထဲကနဲ့တခြားစီဆိုတာ ယုံကြမလားမသိ..။ အဟဲ..ခုပြောချင်တာ ဂျပန်ဆိုတော့ က
ကြီးခဏခေါက်ထားအုံးမှ...။ ဂျပန်တွေ မြန်မာနိုင်ငံကိုစိတ်ဝင်စားတာ သမိုင်းကြောင်းတွေနဲ့လည်း ဆိုင်ပါ တယ်လေ..။ မယ်ငီးဝါးမီးသွေးဆက်မတင်ဖြစ်တာ ဂျပန်ကြောင့်မဟုတ် ကိုယ့်နိုင်ငံသား ဝါးမီးသွေးဖုတ် သမားကြောင့်ပါဘဲ..။ ကျမ ကွန်တိန်နာ တလုံးအပြည့်ဖုတ်ထားပြီးသား စာရင်းရူပ် ခေါင်းနောက်လို့ သွားမ
ယူဘဲပစ်ထားလိုက်တယ်..မှတ်ကရော...ပိုက်ဆံရူံးတာအရေးမကြီးဘူး..ဟိုလိုလိုဒီလိုလိုနဲ့ (အလုပ်ကိုတိတိ
ကျကျတော့မလုပ်တတ် ပိုက်ဆံတခုဘဲမြင်တတ်တဲ့)ကိုယ်တို့နိုင်ငံသားစိတ်ဓါတ်တွေနဲ့ ဒီလိုနိုင်ငံတကာ ဆက်ဆံရေး စီးပွားရေးလုပ်ရင် ခက်ခဲတာ ဟိုးထိပ်ကလူလည်း မသိသလို၊ အောက်ဆုံးကလူတွေလည်း
သိနားလည်မယ်မထင်ဘူး..။ သူများတွေတော့ နိုင်ငံခြားကနေပစ္စည်းသွင်းရောင်း အဆင်ပြေနေကြတယ်။
ကိုယ်ကျတော့တမျိုး ကိုယ့်ပစ္စည်းဘဲ ဟိုကိုပို့ချင်နေတာ...။ ကိုးရီးယားကိုပို့တာ..ဘာပို့တယ်များထင်ပါသလဲ
😏 ကျောက်စိမ်းပန်းပုလေးတွေ ဂမုန်းပန်းတွေ တံမြက်စည်းတွေ..ဟီး..အထင်ကြီးစရာတချက်မရှိ...ဒါပေမဲ့
လုပ်ချင်လို့လုပ်ခဲ့တာ..ခုထိတွေးရင်တောင် ပျော်နေသေး..

ဂျပန်တွေမြန်မာကိုကူညီချင်တဲ့စိတ်ကတော့ အံသြတယ်။ တနေ့က NHK မှာကြည့်မိတယ်။ မြန်မာပြည်က
အသံလွှင့်ဋ္ဌာနတခုက လူတွေဖိတ်ပြီး သူတို့နိုင်ငံအနှံ့ပို့ပြီး Documentary ရိုက်ခိုင်းတယ်။ ရိုက်ပုံအယူအဆ သင်ပေးနေတာ အသံကြားရတယ်။ အဲ့ဒီအကြာင်းကို ဒီလ ၁၇ရက်နေ့မှ မြန်မာပြည်မှာအသံလွှင့်မယ်တဲ့။
သူတို့လည်းတည်းဖြတ်နေတုံးပေါ့...။ ကဲ...နှိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် ကိုယ်တို့ရဲ့ အပျင်းကြော
တွေဖြတ်လို့ တိတိကျကျလုပ်တဲ့အကျင့်မွေးကြပါစို့လေ...။

နှစ်သစ်မှာအားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ...
#meemeenage