Saturday, July 26, 2014

ထိုင်းတို့မွေးစားတဲ့မြန်မာ့အစားအစာ..

မင်္ဂလာပါရှင်~~~
ဒီတခါတော့ခပ်တည်တည်နဲ့ဘဲ ပြောပြရအုံးမယ်..။ ထိုင်းစားသောက်ဆိုင်ဆိုရင်ဈေးကကြီး၊ ထိုင်းအစား အစာဆိုရင်လူတွေကကြိုက်ကြနဲ့ ။သူတို့လည်း ကျမတို့ဆီကနေ မှီငြမ်းတုပမွေးစားတာတွေရှိပါတယ်လေ။
ကျမသိသလောက်တော့ ၃ ခုလောက်ရှိပါတယ်။ သူတို့ဆီမှာတော့ ထိုင်းမြောက်ပိုင်းအစားအစာအနေနဲ့ လူသိများပါတယ်။ ကျိုင်းမယ် ကျိုင်းရိုင်း မယ်ဆိုင်ဖက်ရောက်ရင် ဒီအစားအစာစားမှပြည့်စုံတယ်လို့ပြော စမှတ်ပြုကြတာပါဘဲ။ ကျမတို့မန္တလေးရောက်ရင် မန္တလေး မြီးရှည် မုန့်တီမစားရရင်မနေနိုင်သလိုပေါ့လေ။
credit to google
အဲဒီအထဲမှာ သူတို့လည်း ခေါက်ဆွဲလို့ခေါ်တဲ့ သူတို့အုန်းနို့ခေါက်ဆွဲကို ကြည့်ရအောင်..။ဒီအစားအစာကို
သူတို့လူမျိုးကိုယ်တိုင်ရေးရင်တော့ တရုတ်ယူနန်ဖက်က လာတဲ့ပန်းသေးတရုတ်တွေ ထိုင်းဘုရင် ရာမာ

King Rama V လက်ထက် 1877 ခုနှစ်ကတည်းကတဲ့ ခိုလူံလာကြတာ။ ဘုရင်က ကျိုင်းမယ်အနီးက လန်ပန်းဒေသဖက်မှာနေထိုင်ခွင့်ပြုထားတယ်။ သူတို့ဆီကပါလာတဲ့ အစားအစာလို့ပြောတယ်။ နောက်တခု
နိုင်ငံခြားသားတယောက်ရေးတာကြတော့ တရုတ်ကမြစ်ဖျားခံလာပြီး မြန်မာကနေဆင့် ထိုင်းကိုခိုလူံလာတဲ့ ပန်းသေးလူမျိုး(မွတ်စလင်တရုတ်)တွေက မြန်မာ့အစားအစာဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲကို သူတို့နည်းနဲ့ပြန် လည်ပြုပြင်ထားတယ်လို့ဆိုပြန်တယ်။(အဲ..လူရေးထားတဲ့စာ ပြန်ရှာတာမတွေ့လို့ လင့်ပေးချင်လို့ပါလေ)


ဘာဘဲဖြစ်ဖြစ် အခေါ်အဝေါ်တောင် မကွဲဘူး တုပထားတာပြောတော့ ဘာဖြစ်သွားမှာလဲနော့်..ဟွန့် ^_^
ထားပါလေ..လွန်လေပြီးသော ကာလတခု(၂၅ နှစ်လို့တောင်ပြောလို့ရနေပါကောလား) တုံးက ကျမတို့အမြဲ
စားလေ့ရှိတဲ့ဆိုင်က ကျိုင်းမယ်ကနံမည်အကြီးဆုံးနဲ့ အစောဆုံး ပန်းသေးခေါက်ဆွဲဆိုင်..တဲ့။ အဲကတည်းက နံမည်ကျော်ကြားပါတယ်။ ကျိုင်းမယ်ညဈေးနားကလမ်းကြားလေးတခုလွယ်လွယ်မှတ်မိတာ
က Islam Mosque ရှိတဲ့လမ်းသွယ်လေးပါ။

credit to google
လမ်းလေးကကျဉ်းကျဉ်းလေး ခုတော့ဘေးတဖက်တချက်မှာ ညဈေးရောင်းတဲ့လူတွေရဲ့ လက်တွန်းလှည်း
တွေညအိပ်ရပ်နားတဲ့နေရာအဖြစ်တွေ့ရတယ်။ သူတို့ဘုရားကျောင်းရှေ့တည့်တည့်မှာ မနက်ဆိုရင် ထိုဖူး
သုပ် ထိုဖူးနွေး ဆိုပါတော့ရတယ်။ လာစားတဲ့သူလည်း အသိသာကြီးပေါ့ ကိုယ်တို့ ရှမ်းမတသိုက်နဲ့ မြန်မာ
ပြည်ဖွားညီနောင်များပေါ့။ ခုတော့ ဈေးသေးသေးလေးပါရှိတယ်ပြောတာဘဲ။ တန့်ယန်းဖက်က လာတဲ့ ပန်းသေးတရုတ်တွေရောင်းတာလေ။

credit to google
ဆိုင်နံမည်လည်း ရိုးရိုးလေးပါဘဲ..ကျမတို့စားတုံးက သူများအုတ်တံတိုင်းကို အဖီလေးချလို့ရောင်းတာပါ။
စားပွဲထိုင်ခုံလည်းနဲနဲဘဲရှိတယ်..။

credit to google
ကျမတို့လည်းတခါတလေမှထိုင်စားတာ များသောအားဖြင့်ပါဆယ်လာဆွဲတာပါ။ နေ့လည်ဖက် အလုပ်ထဲက
တယောက်ယောက် အဲနားပတ်ဝန်းကျင်သွားမယ်ဆိုရင် အားလုံးဝိုင်းမှာကြတာဘဲ။ တခါခါဝယ်ရင် ၁ဝ ထုပ်
လောက်ဝယ်လာရတယ်လေ။

credit to google
ခေါက်ဆွဲကိုစားဖို့မှာမှ နယ်ထားတဲ့ဂျူံခေါက်ဆွဲအစိမ်းတွေကို ရေဗွက်ဗွက်ဆူထဲမှာ ပြုတ်ပေးတာ။ ပြင်ထား
တဲ့ပုဂံထဲမှာ ပြုတ်ထားတဲ့ခေါက်ဆွဲကို အရင်ထည့် ပြီးမှ ကြက်သားဟင်းထည့် နောက်ကြက်သွန်မိတ်ခေါက်
ဆွဲအကျွပ်ကြော် နောက်ဆုံးမှ ဟင်းရည်လောင်းထဲ့တာပါ။ သူတို့အုန်းနို့ခေါက်ဆွဲက ပဲမုန့်တို့ ကုလားပဲတို့
ပဲသွေးတို့မပါဘူး..။အုန်းနို့ကလည်းသိပ်မပြင်းပါဘူး..အဲဒီဆိုင်ကနဲနဲတောင်အရည်ကြဲပါတယ်။ တချို့နေရာ
ကတော်တော်ပြစ်ခဲတယ်။

credit to google
နောက်တော့ ကြက်သွန်နီနဲ့ ရှမ်းချဉ်ခေါ်မလား  မုန်ညှင်းချဉ်(သူတို့ကရှာလကာရည်နဲ့စိမ်တယ်) သံပုရာသီး
ခြမ်း တခွက်ချပေးပါတယ်။ နောက်မပါမဖြစ်က ငရုတ်သီးဆီကြော်ပေါ့..နီနီရဲရဲ..ဆီများများလေး..း)))

credit to google
ပေးထားတာတွေ အားလုံးသာထဲ့လိုက်တာဘဲ..စားကောင်းတာကအမှန်ပါ..ပုံတွေအားလုံးကို ဒီက
နေကျေးဇူးပြုခဲ့တာပေါ့ရှင်..။
credit to google
နောက်ဆုံးပုံက ချက်နည်းကို ဘယ်လိုပြောရပါ့..ဆိုပြီး Google တံခိုးနဲ့အပ်ချလောင်းလိုက်တာ သူ့ဆီကပုံ
နဲ့ချက်ပြထားတာလေး သဘောကျလို့ မိတ်ဆွေများကိုဝေမျှပေးလိုက်ပါတယ်ရှင်... @_@
ချက်တာက အမဲသားနဲ့လည်းရတယ် ကြက်သားနဲ့လည်းရပါတယ်။


ကဲ..နောက်ထပ် ၂ခုက ဘာဖြစ်မယ်ထင်လဲ.. ပဟေဠိလေးထားလိုက်အုံးမယ်လေ..ဟီး..
မှန်အောင်ပြောရင် ဆုတွေဘာတွေပေးမှ..ကောင်းမယ်ထင်တယ်နော့် :P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီ

4 comments:

  1. သုံးခုတောင်မကဘူးထင်တယ်မီးမီးရဲ့ ။
    ကိုယ်မှတ်မိသလောက် အဲဒီခေါက်ဆွဲရယ်
    ငပိဖျော်ရယ်
    ချဉ်ရည်ဟင်းတွေရယ်ဖတ်ဖူးကြည့်ဖူးတယ်။
    အထူးသဖြင့်မွန်တွေကရင်တွေကနေတဆင့်ကူးသွားတာတွေကိုယ်ဖတ်ဖူးမြင်ဖူးတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာ...
      ငပိဖျော်နဲ့ချဉ်ရည်ဟင်းတော့မသိဘူး..
      ဟီး..ကျမလည်းကျမသိသလောက်ပြောကြည့်တာ..
      ကိုယ်တို့နဲ့နီးစပ်တဲ့မယ်ဆိုင်(တာချီလိတ်)ကနေတဆင့်၊
      သူတို့မြောက်ပိုင်းအစားအစာလောက်ဘဲ၊
      ရင်းနှီးကျွမ်းဝင်ခဲ့တာကိုး..
      ကျမပြောပြတဲ့ ၃ခုကတော့၊
      ကမ္ဘာကထိုင်းအစားအစာလို့သတ်မှတ်ပြီး
      နံမည်ကြီးတာတွေပါ...

      Delete
  2. အဲဒိအုန်းနို့ခေါက်ဆွဲ ပြောမလု့ဟာ... တခြား ၂ခုတော့ မသိတော့ဘူး

    စူးနွယ်လေး

    ReplyDelete
    Replies
    1. အဟမ်းဟမ်း..
      ဟီး..နဲနဲမူကြည့်တာလေ..
      စူးနွယ်ရာ တခုက ထမင်းနဲ့စားတဲ့ဟင်း..
      နောက်တခုက မုန်ပဲသားရေစာပါ၊
      ရှမ်းမုန့်ပါ..ဒါပေမဲ့ခုတော့
      သူတို့မုန့်လိုလို.. :(((

      Delete