Sunday, August 26, 2012

ချဉ်ငံစပ်လို့ ခေါ်တဲ့ခေါက်လန်ဖိန်း

မင်္ဂလာပါရှင်~~~
ခရီးသွားတဲ့ကိစ္စမပြီးဆုံးခင်မှာဘဲ၊တခါကFBပေါ် က ဂိန်းကစားမိတ်ဆွေ  မေးထားတာကို၊
ရုတ်တရက်ကြီးသတိရလာတယ်။(ကိုယ်ကလည်းစားချင်နေတာကိုး....)
အဲဒါကတော့ သူများတွေကတော့ချဉ်ငံစပ်လို့ အမည်ပေးထားတာကိုတောင်ကြီးကနေစကြားဘူးတယ်။
ကျမတို့ အခေါ်တော့ခေါက်လန်ဖိန်းပေါ့၊။ဆန်မှုန့် နဲ့ လုပ်တဲ့ဆန်ထိုဖူးပါ။

ကျမစားရင်တော့အရည်များများထဲ့စားတာကြိုက်တယ်။
ကျမတို့ ကျိုင်းတုံရှမ်းတင်မကပါဘူး။တခြားဒေသကရှမ်းအနွယ်တွေအားလုံးဘဲစားကြပါတယ်။
နေရာဒေသလိုက်ပြီးပြုလုပ်ပုံတွေ၊စားတာတွေတော့၊နဲနဲစီကွဲပြားကြမယ်နဲ့ တူတယ်။
ကျိုင်းတုံမှာတောင်၊နဲနဲမြို့ ပြင်ကျတဲ့ရွာတွေဖက်ကဆိုရင် မြို့ ပေါ်နဲ့ ပုံစံကမတူပါဘူး။
ထဲ့စားတဲ့အစာပလာတွေကွာတာပါ။

ဆန်မှုန့် ကိုတော့ကျမတို့ ဆီမှာကြိတ်ဆုံခေါ်မလားဘဲ။ကျောက်ပြားတွေနဲ့ ကြိတ်ကြတာပါ။
ဆန်တောင်မှ မနော်ဟရီမှကောင်းတာတို့ ဘာတို့ ရှိသေးပါတယ်။

phto creadit
ခုခေတ်မှာတော့အစစအရာရယ်ဒီမိတ်ဆိုတော့ ဆန်ရေစိမ်၊ကြိတ်ဆုံရှိတဲ့နေရာသွား၊ကြိတ်၊
ကျောက်တုံးနဲ့ ဖိ..ဆိုတဲ့ဒုက္ခတွေကိုသိစရာမလိုတော့ဘူးလေ။
ကဲလေ..ပြောပြမယ်နော်၊ခပ်လွယ်လွယ်လေးနည်း(ကျမတော့တခါမှမစမ်းပါ။ညီမလေးတွေ၊အဒေါ်တွေ၊
လုပ်တာကြည့်ပြီး၊ချွေးပြန်ပါတယ်)။ကိုင်း...သူတို့ နည်းပြန်ပြောပြတာပေါ့နော်...။
Skype ကနေပြတာကို ကျမပြန်ရွှီးရတာပေါ့:))))

ဆန်မှုန့် (ဘာဆန်ဖြစ်ဖြစ်တဲ့) တခွက်(ဘယ်ပုံစံခွက်နဲ့ ထဲ့ထဲ့၊ရေကို၂ခွက်ခွဲထည့်ရပါတယ်)။
သူတို့ ကတော့ ဆန်မှုန့် တခွက်ခွဲ၊ပြောင်းဖူးမှုန့် ခွက်ဝက်ထဲ့ပါတယ်။(ပိုစေးပြီးအိတယ်တဲ့)
ဆီနဲနဲလေးထဲ့ပါ(အိုးဖင်မကပ်အောင်..တဲ့)
အဲ..ကျိုတဲ့အထဲမှာတော့ဆားတို့ ဘာတို့ မထဲ့ပါနဲ့ ။
ထုံး... မကျဉ်းစေ့ တဝက်တဲ့။အင်း..သူတို့ ပြောတို့ အတိုင်းဘဲ..ဆရာ...။
ထုံးကိုရေဖျော်ပါ။ထုံးများရင်ခါးတတ်ပါတယ်။
ကျမခေါက်ဖိန်းဆရာမတွေက ဂျပန်မှာတယောက်၊စင်ကာပူမှာတယောက်။
(ကွမ်းယာဆိုင်ကထုံးတထုပ်ဝယ်ပြီး၊ထမိန်ကြားထဲခိုးထဲ့ယူသွားကြတယ်တဲ့...:P )
ကျမမှာထုံးမရှိလို့ မထဲ့ဘဲနဲ့ ကြိုမယ်ဆိုတော့၊ကိုယ့်လူတွေကမရဘူးတဲ့ဆရာ...။

အိုးစဗွက်တာနဲ့ မွှေပေတော့..တလစပ်။နို့ မို့ ရင်အခဲအခဲလိုက်ဖြစ်နေတတ်တယ်။စားလို့ ကောင်းဘူး။
မွှေတံကိုပါ သူကညွှန်လိုက်ပါသေးတယ်။အလုံးလေးကပိုကောင်းတယ်တဲ့။ယောင်းမနဲ့ ဆိုကောင်းဘူးတဲ့။
ပြီး..၂၀ မိနစ်လောက်ရှိမှ ရေဖျော်ထားတဲ့ထုံးကိုထဲ့ပါ။နောက်ထပ် ၁၅ မိနစ်လောက်စေးပိုင်လာပြီဆိုမှ၊
ကြွေဇလုံရှိရင်ကြွေဇလုံထဲထဲ့။သံဇလုံရှိရင်သံဇလုံထဲလောင်းထဲ့တာပေါ့။
(ပလပ်စတိတ်တော့ရဘူးနော်..) စကနေဆုံးအထိ တောက်ရှောက်မွှေနေခဲ့ဖို့ လည်းမမေ့နဲ့ နော်။
အားလုံးပြီးရင်..ဒီလိုလေးလေသလပ် အအေးခံရုံပါဘဲ။

တယောက်နဲ့ တယောက်လုပ်ပုံလေးတွေနဲနဲကွာကြပါတယ်။

photo credit 
လာအိုကရှမ်းတွေလည်းစားကြတာပါဘဲ။သူတို့ လုပ်တာကတော့ ကျမတို့ ဆီကလိုပါဘဲ။
စားတာဘဲကွာတာ။ကျမတို့ ဆီကရွာတွေဖက်ကစားသလိုပါဘဲ။ရိုးရိုးလေးဘဲထဲ့ကြတယ်။
တချို့ ရွာတွေဖက်မှာစားဖူးတာ၊ခရမ်းချဉ်သီးပြုတ်ရည်နဲ့ ဂျင်းငရုပ်သီးထောင်းဘဲပါတယ်။
ပဲပုပ်တောင်ပေးဘူး..:((((

photo credit 
အဓိကတော့ ပဲပုပ်ပါဘဲ။ကျမတို့ ဆီကဂျင်းများများနဲ့ စပ်စပ်ပဲပုပ်တွေသုံးကြတယ်။
ပြီး..ဂျင်းနဲ့ ငရုတ်သီးချဉ်လည်းပါသေးတယ်။နောက်ငရုပ်သီးကြော်ကသပ်သပ်။ကော်ဖီထုပ်ပါးပါးလေး၊
နံနံပင်ရိတ်ရိတ်လေးလှီးထားတာလည်းထဲ့။အချဉ်ရည်က ခရမ်းချည်သီးပြုတ်ရည်၊မုန်ညင်းချည်ရည်
(ဆန်ဆေးရည်၊ထမင်းရည်နဲ့ ချည်တဲ့ဟာ)၊ကြံသကာကိုအချည်ဖေါက်ထားတဲ့အရည်ကြံသကာအချိုရည်
ဒီ ၄ မျိုးလုံးဆိုင်မှာသွားစားရင်တွေ့ ရမယ်။

ဒါလည်းဒီကနေကျေးဇူးပြုပြီးယူခဲ့တာပါဘဲ
ဒီလိုလေးပေါ့...။ကျမတော့အချိုရည်ပါနဲနဲထဲ့တတ်တယ်။ချိုချဉ်ချဉ်လေးစပ်စပ်လေးနဲ့ ..လေ။
ဂျင်းနံမွှေးမွှေးလေးနဲ့ ..အောင်မငီး...ခုဘဲစားချင်လာပြီ။

photo credit 
အရည်နဲ့ မစားချင်ရင် ခေါက်ဖိန်းကိုအံစာတုံးပုံလေးလှီးပါတယ်။
တို့ စရာက ကိုယ့်ဖာသာစိတ်ကြိုက်ထဲ့တာပေါ့။ပဲပုပ်ချဉ်၊ငရုပ်သီးကြော်ဆီချက်၊ဂျင်းငရုပ်သီးချဉ်၊ဆား...
အိုး....ကောင်းမှကောင်း...။
အားလုံးပြီးသွားရင်၊ခေါက်ဖိန်းဇလုံအပေါ်ကမာမာအခေါက်လေးကိုတလွှာလောက်၊အဆစ်ပေးပါတယ်။
စပ်နေတာကိုး..ဆားလေးနဲနဲတို့ ပြီး၊ပါးစပ်ထဲကမန်းကတန်းသာဝါးလိုက်ကြတာဘဲ...။
တချို့ ဆိုင်ကဆို ခေါက်ဆိန့် ဝှစ်(မုန့် ဟင်းခါးဖတ်၊အချဉ်ဖောက်ထားတာ)ပါတွဲရောင်းတယ်။
ဒီတော့ ၂ပွဲလောက်စားရတာပေါ့။ တပွဲက ခေါက်ဆိန့် နဲ့ ။အစာပလာထဲ့တာတော့အတူတူပါဘဲ။
ဒီမှာခေါက်ဖိန်းမလုပ်နိုင်တော့ ခေါက်ဆိန့် လေးနဲ့ ဘဲဖြေသိမ့်လိုက်တော့မယ်လေ။
ချဉ်ချဉ်ငံငံစပ်စပ်လေးနော်..:P


ကိုင်း....စပ်လွန်းလို့ ပွင့်ကုန်ပြီလား...။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး

20 comments:

  1. အစားအသောက်ဆန်းဆန်းလေးတွေကို လာကြည့်သွားပါတယ်..

    ReplyDelete
    Replies
    1. ကိုယ်တို့ မြို့ က၊
      ရိုးရာနေ့ လည်ခင်းမှာစားကြတဲ့၊မုန့် ပဲသရေစာတွေပါ။

      Delete
  2. ပဲပုပ်နဲ့ မုန်ညင်းချဉ် ငရုတ်သီးအရမ်းကြိုက်တော့ကြိုက်မှာသေချာတယ်။
    စားချင်လိုက်တာနော်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ပဲပုပ်ချဉ်စားတတ်ရင်၊အရမ်းကောင်းပေါ့။
      မအိုင်အိုရာကြိုက်မှာပါ။
      မုန့် တီဖတ်နဲ့ အရင်စားကြည့်လေ..:))

      Delete
  3. Yummy Yummy..
    Is it similar to Thai Kway Ket?

    ReplyDelete
    Replies
    1. It is not similar to"Kway Ket",
      and very different from that kind of food.
      It is like Tofu salad,our KengTong Shan vision.
      Base on rice-jelle and soy bean paste(with giner and chille).I saw they sold in NJ Nippan Zay.

      Delete
  4. လုံးဝ စားဖူးပါဖူး
    အရမ်းစားကောင်းမယ်ထင်ပါတယ်
    ဆန်ပြားခေါက်ဆွဲသုတ်တော့ အရမ်းကြိုက်တယ်

    ReplyDelete
    Replies
    1. စားကြည့်ပါ ဂင်ချီဘုရင်မလေးရေ...
      ဆန်ပြားခေါက်ဆွဲသုတ်ဆိုတာ ဘယ်ပုံစံမျိုးသုတ်ထားတာလဲ။
      မုန့် တီဖတ်နဲ့ သုတ်စားကြည့်လေ။
      ရှင့်ကိုးရီးယားပဲပုတ်လေးနဲ့ ဆို..ကောင်းပါ့ဗျားးးး

      Delete
  5. ဟီး သတိရသားပဲနော်... ကျေးဇူးတင်ပါတယ်။
    အိမ်မှာထုံးတဗူး အာရှဆိုင်က ဝယ်ထားတယ်။ ပဲပုပ်ကင် ထောင်းပြီးသား ယူလာတာလည်း ရှိတယ်။ အချိုရည်နဲ့ ခရမ်းချဉ်သီးရည်ကလွယ်တယ် တခြားအချဉ်ရည်အစား ရှာလကာရည် ထည့်မယ်လေ။ စမ်းကြည့်ရသေးတာပေါ့။ အရင်ကတော့ တိုဖူးမကျိုတတ်တာနဲ့ မုန့်ဟင်းခါးဖတ်နဲ့ လုပ်လုပ်စားတယ်။ တို့ တိုဖူးကျိုရင် ပျက်သွားတာချည်းပဲ။

    ReplyDelete
    Replies
    1. သတိရပါတယ်။
      ကိုယ်တိုင်ကမလုပ်ထားတော့၊
      ဘယ်လိုပုံစံနဲ့ တင်ပေးရမလဲဆိုတာ။
      ချိန်နေတာနဲ့ ..ဟီး...
      ဟိုက..ဒီက..ဒါတ်ပုံတွေနဲ့ ရောကြိတ်လိုက်တယ်လေ...။
      ပဲပုပ်ကင်အစား...ပဲပုပ်ချဉ်ကပိုလိုက်တယ်..စူးနွယ်လေးရေ..
      ကျမရန်ကုန်မှာတော့တရုတ်တန်းကပဲပုပ်ချပ်ထူထူ
      (တရုတ်ပဲပုပ်လို့ ခေါ်တယ်လေ)။
      လက်တဝါးသာသာအရွှယ်လောက်ရှိမယ်။
      အဲဒါဝယ်ပြီးထောင်း၊ပြန်ပြုတ်ပြီး.ပဲပုပ်ချဉ်လုပ်လိုက်တယ်..အဟဲ
      မုန့် လက်ဆောင်းဖိုမှာ သံဇလုံလေးယူသွားပြီး၊
      အဲ..ထဲထည့်ပေးပါလို့ ..ကျသလောက်ပေးမယ်လို့ သွားငတ်ကြီးကျခဲ့ဖူးတယ်။
      ၁၉၈၈ မတိုင်မှီကာလကပေါ့။သူငယ်ချင်းရှမ်းမတွေနဲ့ လေ။
      ကျမတို့ တသိုက်ဘရုတ်ကျခဲ့ဘူးတယ်...:))))

      Delete
  6. မစားဖူးဘူး။မီးမီးကိုယ်တိုင်လုပ်တာဘဲပိုစားချင်တယ်။
    ဆီမပါတော့ကျန်းမာရေးနဲ.ညီညွတ်တာပေါ.

    ReplyDelete
    Replies
    1. အန်တီရေ...
      ထုံးမရှိတော့လုပ်လို့ ရဘူးတဲ့..:P
      ရန်ကုန်မှာနေတုံးကတော့လုပ်ဖူးတယ်။
      အိမ်မှာညီမဝမ်းကွဲတွေလာလုပ်ကြတာပါ။
      ကျမကပွဲကြည့်ပရိသတ်...။

      Delete
  7. မမီးပုံကိုကြည့်ပြီး သရေယိုလာလို့ ခုပဲ 19လမ်းကဆိုင်ကို ဖုန်းဆက်ပြီး အော်ဒါမှာနေတာ ဆန်မရှိသေးလို့ လကုန်မှရမယ်တဲ့ ဟင့်...စားချင်ပါတယ်ချိုမှ...။

    ReplyDelete
    Replies
    1. ၁၉ လမ်းကဆိုင်ဆိုတာကျမအဒေါ်ပြောနေတဲ့ဆိုင်များလားမသိဘူး။
      ၅၂ လမ်းထိပ်မှာလည်းကျိုင်းတုံအစားတွေရောင်းတယ်လေ။
      အဲမှာလည်းရောင်းတယ်။
      ကျမကလမ်း၅၀ မှာနေခဲ့ဖူးတော့ဝယ်စားဖြစ်တယ်။

      Delete
  8. နောက်ထပ်ပြန်လာကြည့်တယ်... အပေါ်ဆုံးပန်းကန်ကိုကြည့်ရင်း စားချင်စိတ်တွေ တဖွားဖွား... ပဲပုပ်ချဉ်မရှိဘူး.. ပဲပုပ်နဲ့ပဲလုပ်မယ်ကွာ..:D

    စူးနွယ်လေး

    ReplyDelete
    Replies
    1. အော်...ဇွတ်...ဟိဟိ
      ကိုယ့်လက်ထဲမှာရှိရင်ပို့ ပေးတာပေါ့ကွာ
      သူများတွေတော်တော်ခေါက်လန်ဖိန်းကြိုက်ကြတယ်နဲ့ တူတယ်။
      လာကြည့်ကြတာတအားဘဲ...
      ဟို..ဒါတ်ပုံယူသုံထားတဲ့ကိုယ်တော်လည်း ခဏခဏလာကြည့်နေတယ်။
      လင့်ပေးထားလို့ သူ့ ဆီအများကြီးသွားတော့လန့် သွားတာနဲ့ တူတယ်။
      ဒင်း... တူရကီကနဲ့ တူတယ်။
      လေးထောင့်ကွက်တွေနဲ့ ခေါင်းစားသွားရှာပေါ့...ဟီး
      ဒေါ်စူးနွယ်ရေ..ကျုပ်သူများပုံလေးသုံးထားတာလေ...:P

      Delete
  9. တစ်နေ့နှစ်ခါလောက် လာလာကြည့်မိတယ်။ စားချင်တာ !!! လုပ်စားမယ့် စာရင်းထဲ ထည့်လိုက်ပြီ။ ထုံးလိုက်ရှာရဦးမယ်.. thanks for the recipe!

    ReplyDelete
  10. သဉ္ဇာလေးရေ...
    welcome ပါ။
    ချန်ထားတဲ့လင့်နဲ့ လိုက်သွားလည်ခဲ့ပါတယ်။
    ကြည့်ရတာ တောင်ကြီးက ပန်းသေးတရုတ် လူမျိုးဖြစ်မယ်ထင်တယ်။
    တောင်ကြီးညဈေး အပေါ်ဖက်ကလမ်း(နံမည်ကမေ့နေတယ်)ကျမသိတဲ့၊
    ပန်းသေးတရုတ်အမ တယောက်ထိုဖူးနွေးရောင်းတာရှိတယ်။
    သူ့ ဆိုင်ကမနက်ဖက်ဘဲရတယ်။ တအားစားကောင်းတာဘဲလေ..။
    ကျမအဖေကတောင်ကြီးဇာတိအင်းသား၊
    ကျမတောင်ကြီးမှာ ၄ နှစ်လောက်ကျောင်းတက်ဖူးတယ်။
    တောင်ကြီးကို တကယ်လွှမ်းမိတယ်။
    ခေါက်ဖိန်းလုပ်စားကြည့်လေ..ကြိုက်သွားမှာ.:)))

    ReplyDelete
  11. မမီးငယ် >> aha..ဘလော့ကို ကြည့်လိုက်တာနဲ့ ဘာလူမျိုးလဲ တန်းခန့်မှန်းနိုင်တာ လေးစားသွားတယ် :) ညဈေးအပေါ်ဘက် အထက ၄ နားက ထိုဖူးနွေးဆိုင်လား? အဲဆိုင်တော့ တောင်ကြီးမှာ တော်တော်နာမည်ကြီးတယ်.. ခုထိရောင်းနေသေးတယ် :) ချဉ်ငံစပ်ကို တစ်အားကြိုက်တာ.. ငယ်ငယ်ကဆို အမေဈေးသွားရင် အတင်းလိုက်ပြီး ဝယ်ဝယ်ကျွေးခိုင်းတာ။ အစ်မရေးထားသလိုဆို အဲဒီ ထိုဖူးကျိုရတာ လွယ်သွားမယ် :)

    ReplyDelete
    Replies
    1. ဟဟ..
      ရှားလော့ဟုမ်း...ကွ...
      အဲ...ဒီလိုပါဘဲ၊ လူတယောက်ရဲ့ အသွင်အပြင်၊ ပြောတဲ့စကား၊
      သူ့ စာတွေဟာ..သူ့ ဘဝကိုပြောပြတာလေ..။
      ကျမ အတ္တုပတ္တိတွေဖတ်ရတာ ကြိုက်တယ်။
      သူများဘလော့ထဲဝင်သွားရင်လည်း သူကဘယ်လိုလဲဆိုပြီး အရင်ဆုံးရှာလိုက်တယ်။
      သူတို့ ကိုပုံဖော်ပြီးမှ စားစရာလေးတွေလိုက်ရှာတယ်။
      ဟား...စိတ်ကူးထဲမှာတော့မိတ်ဆွေအပေါင်းအသင်းတွေအများကြီးဘဲ...။
      တဖက်သတ်ကြီး ခင်မိတဲ့သူတွေမှ အများကြီး:P
      တောင်ကြီးညဈေးထဲက ထိုဖူးနွေးတွေလည်းကောင်းတယ်နော်...။
      တောင်ကြီးမှာချဉ်ငံစပ်ဆိုင်တွေအများကြီးရှိနေပြီနော်..။
      :)))))

      Delete