Friday, September 8, 2017

Chaingrai ကျိုင်းရိုင်း(ထိုင်း)ခရီး


Doi Inthanon ကနေပတ်ချာလည်ရိုက်ကြည့်တာ ရင်ထဲနင့်သွားပါတယ် 
၁၉၉၅ ပတ်ဝန်းကျင်ကသူငယ်ချင်းတွေနဲ့တခေါက်လာတုံးက 
အရမ်းကိုစိမ်းလန်းပြီး တောထူထပ်နေဆဲပါသူတို့လည်း
ကိုယ်တို့လိုပါဘဲ တောစားဘီလူးတွေရှိနေသမျှတော့ ကမ္ဘာကြီးပျက်စီးဖို့နီးလာပါပြီ

မင်္ဂလာပါရှင်~~~
ကျိုင်းတုံအကြောင်းခဏထားလို့..နယ်စပ်ကနေ မယ်ဆိုင်-ကျိုင်းရိုင်း-ကျိုင်းမယ် သွားကြရအောင်...။
ကျိုင်းတုံကနေ ကျိုင်းမယ်အထိ ရှမ်းအရှေ့နယ်စပ်မယ်ဆိုင်ကနေသွားလို့ရတယ်။ တကယ်လို့ ထိုင်းတနိုင်ငံ 
လုံးကိုသွားချင်ရင် ရန်ကုန်မှာဗီဇာယူပြီး နယ်စပ်ကနေဝင်လည်းရတယ်တဲ့..။ ရန်ကုန်ကနေဘန်ကောက်ကို လေယာဉ်နဲ့ဝင်ရင်visa မလိုဘူးနဲ့တူတယ်။ကိုယ်တို့တော့ အစီအစဉ်မရှိ ဘဲလောလောနဲ့ထွက်လာလို့ ကျိုင်း မယ်အထိသွားဖို့ နယ်စပ်ဂိတ်မှာတော့ ဗီဇာခေါ်ခေါ် ခရီးသွားလက်မှတ်ခေါ်ခေါ် စာရွက်စာတမ်း လုပ်လိုက်
ရပါတယ်။(နောက်ဆုံးပြန်တဲ့အချိန်မှစာကိုထုတ်ဖတ်ကြည့်တာ...အတူသွားသူငယ်ချင်းကို လူနာ လုပ်ပြီး 
မယ်ငီးကလူနာစောင့်အနေနဲ့ လုပ်ထားတယ်တဲ့..တယောက်ထဲကြိတ်ရီရတာ...😁😂😄)

တာချီလိတ်နဲ့မယ်ဆိုင်ကိုအသွားမှာတော့ ဖြတ်သန်းသွားရုံမို့ အပြန်ခရီးမှအာလူးပေးတော့မယ်လေ..။
ဒီနေရာပေါ့ကမ္ဘာတဝှမ်းလုံးသိကြတာက မူးယစ်ဆေးဝါးထုပ်လုပ်တဲ့ ကမ္ဘာ့ဒုတိယအများဆုံးနေရာတဲ့
နယ်စပ်က၃နိုင်ငံဖြစ်ပေမဲ့ ထုတ်တာကမြန်မာပြည်ကဘဲ..တဲ့
မယ်ဆိုင်ကထွက်ရင် မဝင်မဖြစ်ဝင်ကြတာကတော့ ဒီနေရာပေါ့ရှင် လူတိုင်းမြင်ဖူးသိဖူးသွားဖူးကြတဲ့ နေ ရာပါ။ Golden triangle ရွှေတြိဂံနယ်မြေပေါ့ရှင်  မော်တော်လေးစီးပြီး ဒီမဲခေါင်မြစ်တလျောက်သွားလည်
ပြီး လာအိုမြေထဲနင်းလို့လည်းရတယ်။ ဒီတခေါက်ကျမတို့မဝင်ခဲ့ကြတော့ပါဘူး။ အချိန်မရှိလို့။
(ကိုယ်တော့
တခါရောက်ဖူးခဲ့ပါတယ်)

မဲခေါင်မြစ်ကမ်းနှဘေးကခန့်ညားညား
အဆောက်အဦကြီးကတော့
မြန်မာပြည်ကကာစီနိုပါ
ဘယ်သူပိုင်သလဲမမေးနဲ့ကိုယ်လည်းခုထိသေးဝူး😂😁😆

အထူးသဖြင့်နိုင်ငံခြားခရီးသွားတွေ အရမ်းများတဲ့နေရာလေးတခုပါ။ ဓါတ်ပုံရိုက်မယ်၊ ပတ်ချာလှည့်ပြီး 
မဲခေါ်မြစ်နဲ့ မယ်ဆိုင်ချောင်းလို့သိကြတဲ့ Ruak မြစ်ချောင်းလေးကိုကြည့်ကြမယ်။ ဒါပါဘဲ တကယ့်ဒီမြစ်
ချောင်းပတ်ဝန်းကျင်မှာ ဖြစ်သွားတဲ့ ဘဝဇာတ်လမ်းပေါင်းမြောက်များစွာ ကြားဖူးခဲ့မယ်ဆိုရင်ဟော်လိဝုဒ်
ကဆရာသမား နှစ်ပေါင်းတရာအထိ ရုပ်ရှင်ရိုက်စရာတွေအပြည့်ဝရသွားနိုင်တယ်။ တရုတ်က လာတဲ့ 
တရက်စုတ်(တရက်ထဲနဲ့စုတ်ပြတ်သတ်သွားနီုင်တယ်တဲ့)တရုတ်လုပ်ပစ္စည်းတင်မော်တော်ဘုတ်၊ နယ်စပ်မှာလောင်းကစားဖို့လာကြတဲ့ တရုတ်စုတ်😂(ကာရံညီအောင်လို့ပါ၊ ပြည်ကြီးကဟာတွေပေါ့၊ တကဲ့ အစုတ်
ပလုပ်တွေ ရိုင်းချက်ကလည်း ကမ်းကုန်)၊ ထိုင်းမြန်မာနယ်စပ်က တိုင်းရင်းသားမျိုးစုံနဲ့ ပြည်မက ဗမာ
တွေအုံနဲ့ကျင်းနဲ့ရောက်လာကြတာ စားဝတ်နေရေးအတွက်ရုန်းကန်ကြ ရူပ်ထွေးပွေလီလွန်းတဲ့ စီးပွားရေး
ကွန်ယက်ကြီးထဲမှာဘယ်သူက ဆရာကြီးလည်း!!! သေချာတာကလက်နက် ကိုင်ထားတဲ့သူမှန်သမျှ
အရာဂီးတွေချည်းပါဘဲ..
ရင်ပူတာလေးပျောက်အောင်အုန်းရေအေးလေးသောက်လို့
ကြားထဲကနေ စကားတခုဖြတ်ပြီးပြောရမယ်ဆိုရင် ရွှေတြိဂံနယ်မြေဆိုတာ တကဲ့ကမ္ဘာကျော်ပါတယ်။
ဒါကြောင့်ကမ္ဘာတဝှမ်းလာရောက်လည်ပတ်တာအများကြီးပေါ့။ ရောက်သမျှ ထိုင်းထိပ်ကနေငေးပြီး 
မော်တော်စီး လာအိုကူးကြ ဒါဘဲရှိတာ။ဒါကို ခရီးသွားတော်တော်များများ မတင်းတိမ်ကြဘူး။ ဒီလောက် 
နံမည်ကြီးတဲ့နေရာ ၃နိုင်ငံပေါင်းစုံပြီး အမျီုးစုံဖြစ်ခဲ့ ဖြစ်နေဆဲမှာ လည်စရာဘာမှမရှိ၊ ကျမ၂ဝဝဝပြည့်နှစ်
ပြန်တော့  ဒီကိစ္စမိတ်ဆွေကိုပြောဖြစ်တယ်။ မှန်တာပြောကျမလည်း အဲ့နေရာမှာ လုပ်ငန်းတခုခု လုပ်ချင် 
လို့ပေါ့လေ။ကျမမိတ်ဆွေက ပြောပါတယ် မဖြစ်နိုင်ဘူးတဲ့။နယ်မြေမအေးချမ်းဘူး..တဲ့။
မောင်းတီးပြီးတောကောင်တွေကိုတောထုတ်ခဲ့ပါတယ်..ဟီး..စကားမစပ်..ခဏခဏ မယ်ငီးဘဲစပ်နေတာချည့် ဓါတ်ပုံအယူအဆမတတ်သူရိုက်ရင်အဲ့လို...ဆင်ကိုယ်ကမပေါ်တံမံသလင်းကဓါတ်ပုံတဝက်လောက်နေရာယူ👀

နယ်မြေအေးချမ်းလားမချမ်းလားမသိ မြန်မာဖက်ကကာစီနိုတော့ ဟီး...ထနေတာဘဲ။ နှစ်ပေါင်းများစွာ ကတဲကပါ။ ပြောတော့လည်း တရားဥပဒေစကား၊ မြန်မာပြည်လောက် တရားတွေ ဥပဒေတွေကို ဖင်ခုထိုင်တာ ကမ္ဘာမှာတော့ ထိပ်ဆုံးကဘဲလို့ပြောချင်တာနော်။ပိုက်ဆံရှိပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ လူတွေများ 
ပိုက်ဆံလိုချင်နေတဲ့သူတွေ အထူးသဖြင့် တရားဥပဒေကိုင်ထားသူတွေကို ဖြတ်သန်းသွားချင်ရင် 
အလွယ်လေးပါ။ အဓိကတော့ လုပ်ချင်စိတ်မရှိတာဘဲဖြစ်တာပါလေ။မဟုတ်တာ လုပ်ပြီး ရလာတဲ့
ပိုက်ဆံပေါနေတဲ့ ကျမတို့နိုင်ငံမှာ နောက်အနှစ် ၂ဝလည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ပဲလှောင် 
ကားဝယ် ချဲထိုး ရွှေဝယ် ငွေတိုးချ ဒါလောက်ကိုဘဲ စီးပွားရေးတခုလို့ ထင်နေကြတယ်။ များသောအားဖြင့် 
လူတွေကအလုပ်တခုလုပ်မယ်ဆိုရင် ဘယ်လောက်မြတ်မလဲအရင်မေးတယ်..။ အင်း...မှန်တာပေါ့ အမြတ်ရမှအလုပ်လုပ်မှာလေမယ်ငီးရဲ့...မယ်ငီးကအဲ့လိုကြောင်တတ်တယ်..အလုပ်ကိုအရင်လုပ်ချင်တယ် ကိုယ်ကြိုက်တဲ့ အလုပ်ဆိုရင် ပိုက်ဆံမရလည်း အိပ်စိုက်လုပ်ချင်သေး..ဟီး ဒါကြောင့်မချမ်းသာနိုင်တာလေ😜😝
မြစ်စုံချောင်းဝ အသာခဏ ရပ်လို့ ကျိုင်းဆိုင်(Chiangsaen) မြို့ဟောင်းလေးသွားပတ်ကြည့်ရအောင်၊ မဲခေါင်မြစ်ချောင်းတလျောက်ကမ်းနားမှာ လေတဖြူးဖြူးနဲ့ လမ်းဘေးတလျောက် ဟိုဖက်ကမ်း လာအိုဖက်
လှမ်းမြင်နေရတာ..။ သာယာတယ်နော်...ကြုံတုံးပြောပြရရင် ကျမရဲ့အဘိုး(အမေဖက်က) သူ့ရဲ့အမေ ဆို
တော့ ဗမာလိုကျမရဲ့အဘေးမကြီးခေါ်လေမလား ဒီမြို့ဇာတိက ယွန်းရှမ်းပါ။ အဘိုးရဲ့အဖေကတော့ ကျိုင်းတုံ
ကဂုံရှမ်းပါ။ သူ့ယွန်းရှမ်းမိန်းမဆုံးတော့ သားတယောက်(ကျမအဖိုး)နဲ့သမီး၃ယောက်ဆွဲပြီး ကျိုင်းတုံကို ထွက်ပြေးလာခဲ့တယ်။ ဟိုဖက်ကအမျိုးတွေက အဘေးကိုပြောတာအသက်လည်းငယ်သေးတယ် ကျိုင်းတုံ
ပြန် နောက်အိမ်ထောင်ပြုပြီးနေ ခလေးတွေကို သူတို့ကိုပေးခဲ့လို့ပြောတာကိုး..။ ဒါနဲ့ဘဲ ကိုယ်တို့တွေ ကျိုင်း
တုံမွေး ယောင်ဆစ်တင်းလေးတွေ ဖြစ်ပေါ်လာကြရတာပေါလေ...😙
နို့မို့ရင်လည်း ဒီမဲခေါင်မြစ်ကမ်းဘေးမှာ ကောက်ညှင်းပေါင်းငါးကင်များထိုင်ရောင်းနေသူဖြစ်လာမလား..😆


သူလည်းမြို့ဟာင်းဆိုတော့ ကိုယ်တို့ကျိုင်းတုံလိုပါဘဲ မြို့ရိုးဂိတ် ၁၁ခုရှိပါတယ်။ ဒါပေမဲ့ပျက်စီးသွားလို့ ခုတော့ ၃ခုဘဲကျန်တော့တယ်တဲ့။ သူငယ်ချင်းနဲ့ လိုက်ပို့သူတွေသွားချင်နေကြတဲ့နေရာက ကိုယ်သွားချင်
တဲ့နေရာမဟုတ်ခဲ့ပါဘူး..။ ဒါပေမဲ့လည်း သူများပြောတဲ့အတိုင်းဘဲ လိုက်ခဲ့ပါတယ်။ သူများနဲ့သွားရင် အလိုက်သိရတယ်ကွဲ့ ။
ကဲ...ရောက်တဲ့နေရာ..ခင်ခင်တချက်ချက်ပေါကြည့်ပါတယ်...လာဟဲ့..ဂဠုန်..မယ်ငီးလည်း Sunday born
ဂဠုန်ငှက်လေးတကောင်ပါ...

မှန်တာပြောရရင် မဟန်ဆောင်တတ်တာက မွေးရာပါ ချို့ယွင်းချက်တခု..။ ခုတော့ စာတတ်လာပြီ ဟန်ဆောင်တတ်လာတယ်တော့ 😜😝 ပင်ပန်းတာရယ် သွားချင်တာကတနေရာ...ဆွေမျိုးတွေ
သွားရှာချင်နေသေးတာလေ..ဟီး...မဖြစ်နိုင်မှန်းသိတော့ မျက်နှာညှိး 😵

မနက်ကျိုင်းတုံကနေထွက်တော့ မမကဆိုင်တိုက်ခံရတယ်။ ကျမကခရီးထွက်ခါနီး..။ သူ့ကိုဆေးရုံသွားပြ ဘာမှမဖြစ်ဘူးဆိုလို့ အိမ်ပြန်ဘယ်။ ပြီးကားဂိတ်ကိုခဏလောက်စောင့်ပေးပါပြောထား..တာ။ ချက်ချင်း ထွက်ခဲ့ရ။ တနေကုန်လည်ပတ်ပေမဲ့တချက်ချက် အိမ်ကိုဖုံးပြန်ဆက်ရ။ ကျိုင်းရိုင်းမှာ ညအိပ်မယ်ဆိုပြီး
ညဈေးမှာဘဲ ညစာစားလိုက်ပါတယ်..။

နေရာတကာမှာတော့ ကိုယ်တို့ ဘီရုမာတွေချည့်ပါဘဲ..။ အကင်တွေ အကြော်တွေစား ပြီးရင် နားကြ တော့မယ်လေ..
 အကြော်စုံ...
ပုဇွန်အစိမ်းသုပ်..
ငါးဆားအုံးမီးကင်...

မိတ်ဆွေအားလုံးကိုအားလည်းနာပါတယ်။ နေ့တိုင်းနီးပါး လာကြည့်ပေမဲ့ ဖတ်စရာတက်မလာနိုင်ဘူး...။
နေမကောင်းတာရယ် အိမ်ပြောင်းတာရယ် ရင်ထဲပူဆွေးဝမ်းနဲခြင်းတွေနဲ့ မရေးဖြစ်တာပါ။ ခုကြိုးစားပြီး
ခရီးစဉ်ဟောင်းလေးတခုကိုရေးလိုက်ပါပြီ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
သီချင်းလေးက လန်းနာရှမ်းရိုးရာအစားအစာအကြောင်းသီဆိုထားတာပါ...သီချင်းလည်းနားထောင်ပြီး
လန်းနားဒေသကို ကျမနဲ့သွားလည်ကြတာပေါ့..

0 comments:

Post a Comment