Thursday, September 28, 2017

ခရမ်းသီးချိုချဉ်ကြော်

မင်္ဂလာပါရှင်~~~
ကျိုင်းရိုင်းခရီးသွားတာရှေ့မဆက်ခင် ခရမ်းကြော်အုံးမှ..👌 ခရမ်းသီးကို ခရမ်းသီးနှပ် မီးဖုတ်သုပ် သီးစုံ ဟင်းထဲရော..ဒီလောက်ဘဲအစကချက်တတ်တာ။ ခုမှ တရုတ်စတိုင်ဟင်းတွေကြည့်ရင်းတွေ့လာတာ။
သူတို့နည်းလည်းပါ ကိုယ့်နည်းလည်းရော...သက်သတ်လွှတ်ဟင်းတခွက်ရလာရော😋
ရေခဲသေတ္တာထဲက ခရမ်းသီးပိန်ပိန်လေးတလုံးဒေါင့်ကပ်နေတာ အဲ့တာနဲ့ ဆွဲထုတ်ပြီးစီမံရတာပေါ့။
သိပ်အဆန်းကြီးမဟုတ်ပါဘူး..။ ပုံထဲပါတာတွေ ဟင်းသီးဟင်းရွက်ဆီ ကိုးရီးယားငရုပ်သီးအနှစ် ဆား
ငရုပ်ကောင်း ဟင်းချက်အရက် ပဲငံပြာရည် ခရုဆီ ငါးငံပြာရည် နှမ်းဆီ( အင်း..သက်သတ်လွှတ်
ပြောမရတော့ဘူးပေါ့ ခရုဆီနဲ့ငံပြာရည်ပါနေတာ..ဟီး 😂)
 အိုး..မေ့သွားလို့ မပါမဖြစ် ပန်းသီးရှာလကာရည် ထညက်ခဲကိုကျိုထားတာအချိုရည် ပြောင်းဖူးမူန့်
ကိုင်း..အားလုံးနဲနဲစီ ရောနယ်ပါလေ့...ကျမထုံးစံတော့ အချိုမူန့် အသားမူန့်ထည့်လေ့မရှိဘူး..။ ကျမလုံးဝ မစားတတ်လို့ပါ..။ အပြင်စာစားလို့ပါရင် ပါးစပ်ကနေလို့မရဘူး..။ အန်ချင်သလို ခေါင်းမူးသလို ကော်ဖီလို
ချိုချိုပူပူ သောက်လိုက်ရမှနေတာထိုင်တာရှိတော့တယ်။ မြန်မာပြည်က ဟင်းချက်ဆရာကြီးများ ၉၉.၉၉%
ကြက်သားမူန့်သုံးကြတယ်။ ဥပမာ ဒီခရမ်းသီးဆိုပါတော့ အသားမပါတဲ့အတွက် ခရမ်းသီးအရသာထွက်
နေရမှာလေ..ကြက်သားမူန့်သုံးတော့ ကြက်သားအရသာဖြစ်သွားပြီပေါ့နော်..။ဒါကမယ်ငီးအတွေးပါလေ။
 ကဲပါလေ..အရောင်လှအောင် နီနီ စိမ်းစိမ်းတွေထည့်ရအောင်...
ကြက်သွန်ဖြူနီဆီသပ်...ပြီးခရမ်းသီးလောင်းထဲ့၊ ကျမကျားကျားကြီးက နူးမှစားချင်တယ်ဆိုလို့ ခရမ်းသီး ထဲ့ပြီးရေနဲနဲထဲ့ အဖုံးအုပ်ထားရသေးတယ်။ ခရမ်းသီးနူးမှ ရောစပ်ထားတာတွေလောင်းထဲ့ အဖုံးခန ပိတ် ထားပြီးရင် အိုကေပါပြီလေ
ဟော...ခရမ်းသီးချိုချဉ်ရပြီ ချိုချိုချဉ်ပြုံးပြုံးလေး..ငရုပ်ကောင်းပူပူလေးနဲ့ ကိုချုးကျန်လို့ ခေါ်တဲ့ကကြီးငရုပ်သီး
မစပ်တစပ်တခွက်...ထမင်းပူပူလေးနဲ့ ငပိထောင်းစပ်စပ်တခွက်ဆိုရင်..အိုကေပါပြီ...အရည်သောက်
ကကြက်ပေါင်း...
ကျားကျားနလံထခါစ ရာသီအပြောင်းဆိုတော့ ကြက်အနက်ကို တရုတ်ဆေးနဲ့ပေါင်းပြီးသောက် ဒီကြက်
ကအဆီများတယ် အားလုံးခါွတာတောင် အဆီဝေ့နေတာ...ကျမဆီ တဂါလံဆိုရင် ၆လလောက်သုံး
ရတယ်..အဲ့လို..ဆီစားသုံးပုံက...😁😆 ကြောက်တာလေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage

Wednesday, September 20, 2017

ဝက်အူကြွပ်မုန့်တီ ခေါက်ဆိန့်ကျန်

မင်္ဂလာပါရှင်~~~

ခုတလောစိတ်တွေရူပ် လူတွေရူပ် တိုင်းပြည်ကြီးကရူပ် မွေးရပ်ပြည်မှာလည်းရူပ် တလောကလုံး ရူပ်နေ ကြတာ...နားအေးပါးအေးလေး..ဝက်အူကြွပ်ခေါက်ဆိန့်လေး စမြုံပြန်အုံးမှ..ဒါဘဲအကောင်းဆုံးပါဟယ်...
ကျိုင်းတုံမြီးရှည်ကနံမည်ကြီးသလို ဒီခေါက်ဆိန့်ကျန်ဆိုတာလည်း တချို့ကျိုင်းတုံမြို့ခံမဟုတ်ပေမဲ့မြင်ဖူးစားဖူးကြားဖူးကြမှာပါ..။
မြေးလေးတလပြည့်ကျော်နေပြီ နံမည်ပေးကင်ပွန်းတပ်တောင်မလုပ်နိုင်ကြသေးဘူး...ကျမတို့အိမ်မှာ တယောက်ပြီးတယောက်နာမကျမ်းဖြစ်နေကြတာလေ..။ ကိုယ်ကပြန်တုံးက အမေ့ကြည့်ဖို့ဆိုပေမဲ့ အမေကအိမ်မှာကျမ်းမာရေး အကောင်းဆုံးတဲ့..အဲ့အချိန်ကပါ.... ဒါနဲ့ သင်္ကြန်နီးပြီ အမြန်လုပ်မှရမယ်ဆိုတော့ မမ သူ
ငယ်ချင်းဆရာမက သူ့အိမ်နားက ခေါက်ဆိန့်စားကောင်းတယ်ဆိုပြီးမှာပေးပါတယ်။ ဆရာမကအိုးနားမှာဘဲ အားပါးတရထိုင်စားပါရစေတဲ့..။
ရန်ကုန်မှာမုန့်ဟင်းခါးအလူလုပ်သလိုပေါ့။ အပြီးအစီးမှာရင် ထဲ့စရာပန်းကန် ခွက်ယောက်ကအစ သူတို့ ဘယ်လာပေးပြီး ဟင်းပွဲပြင်ပေးပါတယ်။ကိုယ်တို့ဆီမှာ လင်ပန်းတချပ်ဆိုရင် ၃ပန်းကန်ထည့်ပါတယ်။
မီးဖိုကြီးကြီးတော့ ဖိုပေးရတာပေါ့။ သူတို့လိုချင်တဲ့ဆိုဒ်မရှိတော့ အိမ်နားကတိုက်သစ်ဆောက်နေတဲ့ အိမ်မှာအုတ်ခဲတွေသွားတောင်းပြီးခုလိုက်တော့ စပယ်ရှယ်မီးဖိုဖြစ်သွားပါလေရော...
မနက် ၄နာရီခွဲလောက်မှာ ရေနွေးသာဗွက်နေအောင်တည်ထားပေးပါဆိုလို့၊ မယ်ငီး ၂နာရီခွဲကတဲကထပြီးထင်းမီးထဲ့ရတာ...မီးခိုးတွေအူ..မျက်ရည်တွေကျလို့...
ရှမ်းခေါက်ဆွဲမှာမပါမဖြစ်တာက လက်ပံပွင့်ပေါ့ရှင်...ဓါတ်ပုံရိုက်ခါမှဘဲ မုန့်ဖတ်ကနဲနဲတင်နေတာတဲ့😄
ဝက်အူကြွပ်ဆိုတော့ အဓိကပါတဲ့ အဆာပလာကလည်း ဝက်အူကြွပ် ဝက်ဆီချက်(နမ့်မန်းဖူး) ကြက်သွန် မြိတ်အစိမ်းရော အခြောက်လှမ်းပြီး ကြွပ်ကြွပ်ကြော်ထားတာရော အစုံပါတယ်
မြေးကင်ပွန်းတပ် အမကခဏခဏ မကျမ်းမာလို့ သူ့ကို ဇာတာဆက်(ရှမ်းလို ဆစ်စိုင်းတာ) ၂ခုပေါင်းလုပ်ပါတယ်။ လင်ပန်းက ၄ချပ်ထည့်ရတယ်..အဒေါ်ပြောတဲ့အတိုင်းလုပ်ရတာ သူတို့သတ်မှတ်ထားတဲ့ အစားအစာထည့်ပေးရတယ်။ ဝါးချောင်းထောင်ထားတဲ့အောက်မှာ မမနဲ့ခလေးက နေရတယ်..ကျမတို့က ဘုန်း ကြီးကိုင်ထားတဲ့ ပရိတ်ကြိုးအစရဲ့အဖျားပိုင်းကိုလည်းကိုင်ထားရတယ်။ တအိမ်သားလုံးရဲ့ အဝတ်အစား လည်း တစုံစီထည့်ပေးရတယ်။ အော်...ထုံတမ်းစဉ်လာ..တဲ့...လိုက်နာရတယ်ရှင့်...
ပြီးရင် အဲဒီလင်ပန်းထဲကဟာတွေကို ဘုန်းကြီးကျောင်းသွားပို့ရတယ်။
နေ့ယမ်း(ဝက်သားကင်ပြီးပြန်ပေါင်း) ဆားငံဘဲဥ ရှမ်းဝက်အူချောင်း ငါးဒုက္ခ ဝက်ခေါက်ကြော် ကောင်ညှင်းရေ ပဲနို့ရည် လိမ္မောသီး ပန်းသီး...ဒီလိုအစုံထည့်ပေးရတယ်တဲ့...

ပရိတ်တရားတွေ ရွတ်ဖတ်ပြီးနောက် တန်းစီပြီး ကျမတို့ကို လက်ဖွဲ့ချည်မျှင်ပတ်ပေးပါတယ်..။
ကိုင်း..အောက်ထပ်မှာလည်း ဆွေမျိုးမိတ်သင်္ဂဟများရောက်လာကြပါပြီ..။ ခေါက်ဆိန့်ကျန်(ဝက်အူကြွပ် မုန့်တီ) ခပ်မူ(ဝက်ခေါက်) နေ့ယမ်း(ဝက်သားကင်ပြီးပြန်ပေါင်း) နမ့်ဖစ်(ငရုပ်သီးထောင်း).. နမ့်လာခုမ် (ရေနွေးကြမ်း) တကဲ့ ဂုံရှမ်းထုံးစံအစားအစာတွေပါ...။
ကျမက ကိုယ့်ဖာသာကိုယ်သွားထည့်စားတာ..သူတို့ထည့်သလို...မလှတာအမှန်ဘဲ😁
ကိုင်း..ဘာဘဲဖြစ်ဖြစ်..နယ်ဖတ်ပြီးစားကြမယ်..
ရောသမမွှေလိုက်ရင်တော့ ဒီလိုလေးပေါ့....
ဝက်သားမစားသူများ 786 မိတ်ဆွေအတွက် သူတို့ရောင်းတဲ့ဒန်ပေါက်လည်း ၁၅ပွဲစာလောက်မှာထားတယ်
မြေးလေး နံမည်က အွမ်ဖွမ်းတဲ့...ကျမပေးထားတာ.."ဆုတောင်းပေးကြတဲ့ကောင်းခြင်းမင်္ဂလာနဲ့စုထားတဲ့ စုဗူးလေးတဲ့... ကျမဂုံရှမ်းနံမည်လည်းရှိတယ်.. အဖိုးပေးခဲ့တာ  အရင်က မပုတင်အသစ်မရခင်အထိ သုံးပါတယ်။ အသစ်ကိုဘုန်းကြီးကျောင်းမှာ တိုးဝှေးပြီး လုပ်ရတော့ သူတို့က ကိုယ့်နံမည် မရေးတတ်ဘူးလေအေးမြတဲ့ငွေလရောင်လို့ အဓိပ္ပါယ်ရပါတယ်..မမနံမည်က တောက်ပတဲ့ရွှေနေရောင်...😊
ကျမဝေစုမဟုတ်ပါဘူး..ကိတ်ခွဲတော့ နောက်နေ့ဆွမ်းတော်တင်ရအောင်ဖယ်ထားတာပါ....
ခုဆိုမြေးလေးက ၆လကျော်ပါပြီ ပက်လက်ထားရင် အတင်းပြန်မှောက်တယ်တဲ့..အရမ်းအသားဖြူပြီး ချစ်စရာကောင်းတာအမှန်ပါဘဲ....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, September 8, 2017

Chaingrai ကျိုင်းရိုင်း(ထိုင်း)ခရီး


Doi Inthanon ကနေပတ်ချာလည်ရိုက်ကြည့်တာ ရင်ထဲနင့်သွားပါတယ် 
၁၉၉၅ ပတ်ဝန်းကျင်ကသူငယ်ချင်းတွေနဲ့တခေါက်လာတုံးက 
အရမ်းကိုစိမ်းလန်းပြီး တောထူထပ်နေဆဲပါသူတို့လည်း
ကိုယ်တို့လိုပါဘဲ တောစားဘီလူးတွေရှိနေသမျှတော့ ကမ္ဘာကြီးပျက်စီးဖို့နီးလာပါပြီ

မင်္ဂလာပါရှင်~~~
ကျိုင်းတုံအကြောင်းခဏထားလို့..နယ်စပ်ကနေ မယ်ဆိုင်-ကျိုင်းရိုင်း-ကျိုင်းမယ် သွားကြရအောင်...။
ကျိုင်းတုံကနေ ကျိုင်းမယ်အထိ ရှမ်းအရှေ့နယ်စပ်မယ်ဆိုင်ကနေသွားလို့ရတယ်။ တကယ်လို့ ထိုင်းတနိုင်ငံ 
လုံးကိုသွားချင်ရင် ရန်ကုန်မှာဗီဇာယူပြီး နယ်စပ်ကနေဝင်လည်းရတယ်တဲ့..။ ရန်ကုန်ကနေဘန်ကောက်ကို လေယာဉ်နဲ့ဝင်ရင်visa မလိုဘူးနဲ့တူတယ်။ကိုယ်တို့တော့ အစီအစဉ်မရှိ ဘဲလောလောနဲ့ထွက်လာလို့ ကျိုင်း မယ်အထိသွားဖို့ နယ်စပ်ဂိတ်မှာတော့ ဗီဇာခေါ်ခေါ် ခရီးသွားလက်မှတ်ခေါ်ခေါ် စာရွက်စာတမ်း လုပ်လိုက်
ရပါတယ်။(နောက်ဆုံးပြန်တဲ့အချိန်မှစာကိုထုတ်ဖတ်ကြည့်တာ...အတူသွားသူငယ်ချင်းကို လူနာ လုပ်ပြီး 
မယ်ငီးကလူနာစောင့်အနေနဲ့ လုပ်ထားတယ်တဲ့..တယောက်ထဲကြိတ်ရီရတာ...😁😂😄)

တာချီလိတ်နဲ့မယ်ဆိုင်ကိုအသွားမှာတော့ ဖြတ်သန်းသွားရုံမို့ အပြန်ခရီးမှအာလူးပေးတော့မယ်လေ..။
ဒီနေရာပေါ့ကမ္ဘာတဝှမ်းလုံးသိကြတာက မူးယစ်ဆေးဝါးထုပ်လုပ်တဲ့ ကမ္ဘာ့ဒုတိယအများဆုံးနေရာတဲ့
နယ်စပ်က၃နိုင်ငံဖြစ်ပေမဲ့ ထုတ်တာကမြန်မာပြည်ကဘဲ..တဲ့
မယ်ဆိုင်ကထွက်ရင် မဝင်မဖြစ်ဝင်ကြတာကတော့ ဒီနေရာပေါ့ရှင် လူတိုင်းမြင်ဖူးသိဖူးသွားဖူးကြတဲ့ နေ ရာပါ။ Golden triangle ရွှေတြိဂံနယ်မြေပေါ့ရှင်  မော်တော်လေးစီးပြီး ဒီမဲခေါင်မြစ်တလျောက်သွားလည်
ပြီး လာအိုမြေထဲနင်းလို့လည်းရတယ်။ ဒီတခေါက်ကျမတို့မဝင်ခဲ့ကြတော့ပါဘူး။ အချိန်မရှိလို့။
(ကိုယ်တော့
တခါရောက်ဖူးခဲ့ပါတယ်)

မဲခေါင်မြစ်ကမ်းနှဘေးကခန့်ညားညား
အဆောက်အဦကြီးကတော့
မြန်မာပြည်ကကာစီနိုပါ
ဘယ်သူပိုင်သလဲမမေးနဲ့ကိုယ်လည်းခုထိသေးဝူး😂😁😆

အထူးသဖြင့်နိုင်ငံခြားခရီးသွားတွေ အရမ်းများတဲ့နေရာလေးတခုပါ။ ဓါတ်ပုံရိုက်မယ်၊ ပတ်ချာလှည့်ပြီး 
မဲခေါ်မြစ်နဲ့ မယ်ဆိုင်ချောင်းလို့သိကြတဲ့ Ruak မြစ်ချောင်းလေးကိုကြည့်ကြမယ်။ ဒါပါဘဲ တကယ့်ဒီမြစ်
ချောင်းပတ်ဝန်းကျင်မှာ ဖြစ်သွားတဲ့ ဘဝဇာတ်လမ်းပေါင်းမြောက်များစွာ ကြားဖူးခဲ့မယ်ဆိုရင်ဟော်လိဝုဒ်
ကဆရာသမား နှစ်ပေါင်းတရာအထိ ရုပ်ရှင်ရိုက်စရာတွေအပြည့်ဝရသွားနိုင်တယ်။ တရုတ်က လာတဲ့ 
တရက်စုတ်(တရက်ထဲနဲ့စုတ်ပြတ်သတ်သွားနီုင်တယ်တဲ့)တရုတ်လုပ်ပစ္စည်းတင်မော်တော်ဘုတ်၊ နယ်စပ်မှာလောင်းကစားဖို့လာကြတဲ့ တရုတ်စုတ်😂(ကာရံညီအောင်လို့ပါ၊ ပြည်ကြီးကဟာတွေပေါ့၊ တကဲ့ အစုတ်
ပလုပ်တွေ ရိုင်းချက်ကလည်း ကမ်းကုန်)၊ ထိုင်းမြန်မာနယ်စပ်က တိုင်းရင်းသားမျိုးစုံနဲ့ ပြည်မက ဗမာ
တွေအုံနဲ့ကျင်းနဲ့ရောက်လာကြတာ စားဝတ်နေရေးအတွက်ရုန်းကန်ကြ ရူပ်ထွေးပွေလီလွန်းတဲ့ စီးပွားရေး
ကွန်ယက်ကြီးထဲမှာဘယ်သူက ဆရာကြီးလည်း!!! သေချာတာကလက်နက် ကိုင်ထားတဲ့သူမှန်သမျှ
အရာဂီးတွေချည်းပါဘဲ..
ရင်ပူတာလေးပျောက်အောင်အုန်းရေအေးလေးသောက်လို့
ကြားထဲကနေ စကားတခုဖြတ်ပြီးပြောရမယ်ဆိုရင် ရွှေတြိဂံနယ်မြေဆိုတာ တကဲ့ကမ္ဘာကျော်ပါတယ်။
ဒါကြောင့်ကမ္ဘာတဝှမ်းလာရောက်လည်ပတ်တာအများကြီးပေါ့။ ရောက်သမျှ ထိုင်းထိပ်ကနေငေးပြီး 
မော်တော်စီး လာအိုကူးကြ ဒါဘဲရှိတာ။ဒါကို ခရီးသွားတော်တော်များများ မတင်းတိမ်ကြဘူး။ ဒီလောက် 
နံမည်ကြီးတဲ့နေရာ ၃နိုင်ငံပေါင်းစုံပြီး အမျီုးစုံဖြစ်ခဲ့ ဖြစ်နေဆဲမှာ လည်စရာဘာမှမရှိ၊ ကျမ၂ဝဝဝပြည့်နှစ်
ပြန်တော့  ဒီကိစ္စမိတ်ဆွေကိုပြောဖြစ်တယ်။ မှန်တာပြောကျမလည်း အဲ့နေရာမှာ လုပ်ငန်းတခုခု လုပ်ချင် 
လို့ပေါ့လေ။ကျမမိတ်ဆွေက ပြောပါတယ် မဖြစ်နိုင်ဘူးတဲ့။နယ်မြေမအေးချမ်းဘူး..တဲ့။
မောင်းတီးပြီးတောကောင်တွေကိုတောထုတ်ခဲ့ပါတယ်..ဟီး..စကားမစပ်..ခဏခဏ မယ်ငီးဘဲစပ်နေတာချည့် ဓါတ်ပုံအယူအဆမတတ်သူရိုက်ရင်အဲ့လို...ဆင်ကိုယ်ကမပေါ်တံမံသလင်းကဓါတ်ပုံတဝက်လောက်နေရာယူ👀

နယ်မြေအေးချမ်းလားမချမ်းလားမသိ မြန်မာဖက်ကကာစီနိုတော့ ဟီး...ထနေတာဘဲ။ နှစ်ပေါင်းများစွာ ကတဲကပါ။ ပြောတော့လည်း တရားဥပဒေစကား၊ မြန်မာပြည်လောက် တရားတွေ ဥပဒေတွေကို ဖင်ခုထိုင်တာ ကမ္ဘာမှာတော့ ထိပ်ဆုံးကဘဲလို့ပြောချင်တာနော်။ပိုက်ဆံရှိပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ လူတွေများ 
ပိုက်ဆံလိုချင်နေတဲ့သူတွေ အထူးသဖြင့် တရားဥပဒေကိုင်ထားသူတွေကို ဖြတ်သန်းသွားချင်ရင် 
အလွယ်လေးပါ။ အဓိကတော့ လုပ်ချင်စိတ်မရှိတာဘဲဖြစ်တာပါလေ။မဟုတ်တာ လုပ်ပြီး ရလာတဲ့
ပိုက်ဆံပေါနေတဲ့ ကျမတို့နိုင်ငံမှာ နောက်အနှစ် ၂ဝလည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ပဲလှောင် 
ကားဝယ် ချဲထိုး ရွှေဝယ် ငွေတိုးချ ဒါလောက်ကိုဘဲ စီးပွားရေးတခုလို့ ထင်နေကြတယ်။ များသောအားဖြင့် 
လူတွေကအလုပ်တခုလုပ်မယ်ဆိုရင် ဘယ်လောက်မြတ်မလဲအရင်မေးတယ်..။ အင်း...မှန်တာပေါ့ အမြတ်ရမှအလုပ်လုပ်မှာလေမယ်ငီးရဲ့...မယ်ငီးကအဲ့လိုကြောင်တတ်တယ်..အလုပ်ကိုအရင်လုပ်ချင်တယ် ကိုယ်ကြိုက်တဲ့ အလုပ်ဆိုရင် ပိုက်ဆံမရလည်း အိပ်စိုက်လုပ်ချင်သေး..ဟီး ဒါကြောင့်မချမ်းသာနိုင်တာလေ😜😝
မြစ်စုံချောင်းဝ အသာခဏ ရပ်လို့ ကျိုင်းဆိုင်(Chiangsaen) မြို့ဟောင်းလေးသွားပတ်ကြည့်ရအောင်၊ မဲခေါင်မြစ်ချောင်းတလျောက်ကမ်းနားမှာ လေတဖြူးဖြူးနဲ့ လမ်းဘေးတလျောက် ဟိုဖက်ကမ်း လာအိုဖက်
လှမ်းမြင်နေရတာ..။ သာယာတယ်နော်...ကြုံတုံးပြောပြရရင် ကျမရဲ့အဘိုး(အမေဖက်က) သူ့ရဲ့အမေ ဆို
တော့ ဗမာလိုကျမရဲ့အဘေးမကြီးခေါ်လေမလား ဒီမြို့ဇာတိက ယွန်းရှမ်းပါ။ အဘိုးရဲ့အဖေကတော့ ကျိုင်းတုံ
ကဂုံရှမ်းပါ။ သူ့ယွန်းရှမ်းမိန်းမဆုံးတော့ သားတယောက်(ကျမအဖိုး)နဲ့သမီး၃ယောက်ဆွဲပြီး ကျိုင်းတုံကို ထွက်ပြေးလာခဲ့တယ်။ ဟိုဖက်ကအမျိုးတွေက အဘေးကိုပြောတာအသက်လည်းငယ်သေးတယ် ကျိုင်းတုံ
ပြန် နောက်အိမ်ထောင်ပြုပြီးနေ ခလေးတွေကို သူတို့ကိုပေးခဲ့လို့ပြောတာကိုး..။ ဒါနဲ့ဘဲ ကိုယ်တို့တွေ ကျိုင်း
တုံမွေး ယောင်ဆစ်တင်းလေးတွေ ဖြစ်ပေါ်လာကြရတာပေါလေ...😙
နို့မို့ရင်လည်း ဒီမဲခေါင်မြစ်ကမ်းဘေးမှာ ကောက်ညှင်းပေါင်းငါးကင်များထိုင်ရောင်းနေသူဖြစ်လာမလား..😆


သူလည်းမြို့ဟာင်းဆိုတော့ ကိုယ်တို့ကျိုင်းတုံလိုပါဘဲ မြို့ရိုးဂိတ် ၁၁ခုရှိပါတယ်။ ဒါပေမဲ့ပျက်စီးသွားလို့ ခုတော့ ၃ခုဘဲကျန်တော့တယ်တဲ့။ သူငယ်ချင်းနဲ့ လိုက်ပို့သူတွေသွားချင်နေကြတဲ့နေရာက ကိုယ်သွားချင်
တဲ့နေရာမဟုတ်ခဲ့ပါဘူး..။ ဒါပေမဲ့လည်း သူများပြောတဲ့အတိုင်းဘဲ လိုက်ခဲ့ပါတယ်။ သူများနဲ့သွားရင် အလိုက်သိရတယ်ကွဲ့ ။
ကဲ...ရောက်တဲ့နေရာ..ခင်ခင်တချက်ချက်ပေါကြည့်ပါတယ်...လာဟဲ့..ဂဠုန်..မယ်ငီးလည်း Sunday born
ဂဠုန်ငှက်လေးတကောင်ပါ...

မှန်တာပြောရရင် မဟန်ဆောင်တတ်တာက မွေးရာပါ ချို့ယွင်းချက်တခု..။ ခုတော့ စာတတ်လာပြီ ဟန်ဆောင်တတ်လာတယ်တော့ 😜😝 ပင်ပန်းတာရယ် သွားချင်တာကတနေရာ...ဆွေမျိုးတွေ
သွားရှာချင်နေသေးတာလေ..ဟီး...မဖြစ်နိုင်မှန်းသိတော့ မျက်နှာညှိး 😵

မနက်ကျိုင်းတုံကနေထွက်တော့ မမကဆိုင်တိုက်ခံရတယ်။ ကျမကခရီးထွက်ခါနီး..။ သူ့ကိုဆေးရုံသွားပြ ဘာမှမဖြစ်ဘူးဆိုလို့ အိမ်ပြန်ဘယ်။ ပြီးကားဂိတ်ကိုခဏလောက်စောင့်ပေးပါပြောထား..တာ။ ချက်ချင်း ထွက်ခဲ့ရ။ တနေကုန်လည်ပတ်ပေမဲ့တချက်ချက် အိမ်ကိုဖုံးပြန်ဆက်ရ။ ကျိုင်းရိုင်းမှာ ညအိပ်မယ်ဆိုပြီး
ညဈေးမှာဘဲ ညစာစားလိုက်ပါတယ်..။

နေရာတကာမှာတော့ ကိုယ်တို့ ဘီရုမာတွေချည့်ပါဘဲ..။ အကင်တွေ အကြော်တွေစား ပြီးရင် နားကြ တော့မယ်လေ..
 အကြော်စုံ...
ပုဇွန်အစိမ်းသုပ်..
ငါးဆားအုံးမီးကင်...

မိတ်ဆွေအားလုံးကိုအားလည်းနာပါတယ်။ နေ့တိုင်းနီးပါး လာကြည့်ပေမဲ့ ဖတ်စရာတက်မလာနိုင်ဘူး...။
နေမကောင်းတာရယ် အိမ်ပြောင်းတာရယ် ရင်ထဲပူဆွေးဝမ်းနဲခြင်းတွေနဲ့ မရေးဖြစ်တာပါ။ ခုကြိုးစားပြီး
ခရီးစဉ်ဟောင်းလေးတခုကိုရေးလိုက်ပါပြီ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
သီချင်းလေးက လန်းနာရှမ်းရိုးရာအစားအစာအကြောင်းသီဆိုထားတာပါ...သီချင်းလည်းနားထောင်ပြီး
လန်းနားဒေသကို ကျမနဲ့သွားလည်ကြတာပေါ့..