Friday, November 18, 2016

မဆုံးသောလမ်းခရီးမှကြုံတွေ့တဲ့သူငယ်ချင်းများ

မင်္ဂလာပါရှင်~~~
ကျမတို့လူမှန်းသိတတ်စကတဲက သွားလိုက်ရတဲ့ ခရီးလမ်း၊ဆုံးကိုမဆုံးနိုင်ပါဘူးရှင်။ အသက်ဝိဉာဉ်ဆုံးသွား
တောင်မှ ဆက်သွားနေရသေးတယ်လို့ ယုံကြည်တဲ့ လူတွေလေ။ လမ်းမှာသွားရင်း ကြုံဆုံခဲ့သမျှ ပြောပြရင်
တယောက်နဲ့တယောက် ဘယ်တူနိုင်မလဲနော့်..။ ဒီတော့ မယ်ငီးကြုံခဲ့တာတွေ မိတ်ဆွေများသိအောင်ပြော
ပြရင်းနဲ့ ဒီဘလော့လေး အသက်ဆက်လိုက်အုံးမယ်လေ..။


၁ဝ တန်းရောက်တော့ ကျောင်းပြောင်းတာ ၃ခါ၊ ၃မြို့ပေါ့လေ..ကောလိပ်က ၁ခု၊ တက္ကသိုလ်က ၁ နေရာ၊
ကျောင်းပြီးသွားတော့ သူငယ်ချင်းမိတ်ဆွေတွေ တနိုင်ငံလုံးမှာရှိတယ်။ ဒါတောင်မယ်ငီးကသာမာန် မိသားစု
ဝန်ထမ်းမဟုတ်လည်း ဘဝပေးအခြေအနေအရ ပြောင်းရွှေ့ရတာပေါ့။ဝန်ထမ်းသား သမီးတွေဆိုပိုဆိုးတယ်။ တချိန်လုံးပြောင်းနေရတာ။ တခုတော့ကောင်းတာပေါ့။ အတွေ့အကြုံပိုများလာတယ်။ 

ဟော..ခုအချိန်ရောက်တော့ gathering တွေ၊ ဆရာပူဇော်ပွဲ၊ ကျောင်းသားဟောင်းတွေ မိတ်ဆုံပွဲ ဘာပွဲညာ
ပွဲ၊ အဓိကတော့ သူငယ်ချင်းဟောင်းတွေ ပြန်တွေ့ကြရင်း တစုတဝေးထဲ အမှတ်တရလေးတွေပြန်ပြောကြ
ငယ်ကျောင်းသားဘဝကို ပြန်လည်ရင်ခုံကြဖို့ ကျောင်းပေါင်းစုံ ကောလိပ် တက္ကသိုလ် ဘာသာရပ်အလိုက် 
ကျင်းပလာကြတာ၊ အရမ်းကြီးခေတ်စားလာတယ်။မယ်ငီးသူငယ်တန်းကနေ ၅တန်းအထိတက်ဖူးတဲ့ နယ်
ကအလယ်တန်းကျောင်းတောင် ပထမအကြိမ် ကျင်းပကြတာတဲ့။ ကိုယ်တို့တောင် ၅ဝကျော်ပြီဆိုတော့ ဆရာ ဆရာမတွေလည်း အတော်အသက်ကြီးကုန်ပြီပေါ့။ တချို့လည်း ဆုံးပါးသွားကြပါပြီ။ သူတို့တင်ထားတဲ့
ဓါတ်ပုံထဲ သူငယ်ချင်းတွေလည်းတယောက်မှမတွေ့မိဘူး။ ပြောမဲ့သာပြောရတာ ရင်နာစရာ တခုကကိုယ်က
သာမှတ်မိတာ တော်တော်များများက ကိုယ့်ကိုမမှတ်မိကြဘူးတဲ့။ သူများပြောပြောနေကြတဲ့ ခွေးချီတောင်
မှတ်မိတယ်ဆိုတဲ့ကြောင်ချီးရုပ်ကိုနော်..အဟဲ...ထားပါလေ...။ အားလုံးက အရွယ်ကောင်း တဲ့ ၃ဝ ပတ်ဝန်း ကျင်လေးတွေဘဲတွေ့မိတယ်။ ပြောမဲ့သာပြောရတာ ဆရာဆရာမဆိုတာလည်း ကိုယ်တို့နေ တုံးကသူတို့
တွေက ကျောင်းသားကြီးတွေ၊ သူတို့နံမည် မယ်ငီးပြောလိုက်တော့လည်း တလွဲ....😁 ဈေးသွားရင်း ပြန်
တွေ့တော့ သူတို့က မြေးတွဲလောင်းနဲ့ ကိုယ့်ကိုမမှတ်မိ..။ ကျိုင်းတုံမှာ ၁၆ နှစ်ဆို အိမ်ထောင်ကျပြီလေ..။
ကိုယ်ကတော့ အသေမှတ်မိတာ...။ အော်..သူ့မြေးတွေနဲ့ သူပျော်နေတာ..ပျော်ပါစေသူငယ်ချင်းရေ..။ ထိုင်
ဝမ်ကပြန်တွေ့တဲ့ လေယာဉ်မယ်သူငယ်ချင်းကပိုဆိုးတယ်။ ၃၆ နှစ်လောက်ကြာခဲ့ပြီဆိုတော့ သူကဘာမှမ မှတ်မိ။ ကျိုင်းတုံစားစရာကလွဲလို့ သူ့ခေါင်းထဲဘာမှမရှိတော့ဘူးတဲ့..။

နောက်တယောက်ကတော့ အိမ်နီးချင်းတတန်းထဲကျောင်းတက်ခဲ့ပြီး အတူတူ လမ်းဘေးပြေးလွှား ကစား ခဲ့ကြပေမဲ့  ကိုယ်ကအပျိုပေါက်စ ဘဝမရောက်ခင်တောင်ကြီးပြောင်းတော့ ပိတ်ရက်ပြန်ရင်တောင် သူ့ကို စကားမပြောဖြစ်တော့ဘူး။ အဟီး..အပျိုဖြစ်ပြီး သွေးကြီးသွားတာလေ..ကျောင်းပြီးလို့ အလုပ်လုပ်နေတုံး
ကလည်း သူ့ကိုတခြားသူငယ်ချင်းတွေနဲ့တရုံးရုံးမြင်နေခဲ့တာဘဲ။ ခု..ပြန်တော့ အိမ်ကိုလာနူတ်ဆက်တယ်။
လူကပုံစံလုံးဝပြောင်းသွားတာဘဲ။ ဝဝထောင်ထောင်မောင်းမောင်းနဲ့ အိုး..သူလေးက မိုင်းလားဖက်မှာ ဗိုလ်မူးကြီးအဆင့်တဲ့။ ဗမာစစ်တပ်က မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ကပေါ့..။ သူ့ဆီလာလည်ပါအုံးလို့ဖိတ်ခေါ် ပါတယ်။ အခြေအနေပေးရင် သွားချင်တာ...။ အပြတ်ဓါတ်ပုံတွေ
ရိုက် အင်တာတွေဗျုးပြီး အားပါးတရလာပြောပြချင်တာပေါ့..။😎

တောင်ကြီး အထက ၁ ကတော့နံမည်ကြီးကျောင်း။ မြန်မာပြည်က ရန်ပုံငွေအတောင့်ဆုံး ဆရာပူဇော်ပွဲ လုပ်တဲ့ကျောင်း...တဲ့။ ကျင်းပလာတာလည်း သတ္တမအကြိမ်မြောက်တဲ့။ အစပိုင်းနှစ်ကတော့ ကျောင်းသား
ဟောင်းတွေဆီ အလှုလိုက်ခံတယ်။ ကျောင်းသားဟောင်းတွေကလည်း နယ်ပယ်အသီးသီးမှာ ထိပ်ပိုင်း
အောင်မြင်နေတာတွေရှိတော့ ထည့်တာများအားကျစရာ သိန်း၁ဝဝ သိန်း၅ဝ ဒီလိုထည့်ကြတယ်တဲ့၊ ဗိုလ်ချုပ်ဟောင်းက ၂ယောက်တောင်ရှိတယ်ဆိုဘဲ။ တောင်ကြီးကနံမည်ကြီးသူဋ္ဌေးတွေ အဆိုတော်တွေထွက်တဲ့
ထ ၁ ပေါ့..။ အဲ့ထဲရောက်ပြီး ရှာမှ သူငယ်ချင်းတွေပြန်တွေ့တယ်။ ၁ဝ ယောက်ထက်မပိုပါဘူး။ နံမည်တွေ့
ရင်စာပို့လိုက် မယ်ငီးကိုယ့်ကိုယ်ကိုပြန်မိတ်ဆက်လိုက်နဲ့၊ လုံးချာလိုက်နေတာ ၂နှစ်လောက်ရှိပြီ။ မှတ်မိ
တာလည်းရှိ မမှတ်မိကြတာလည်းရှိပေါ့...။ တချို့လည်း အခြေအနေတခုမှာ ရောက်နေတော့ အောက်ငုံ ကြည့်ရင် လည်ပင်းနာလို့ မကြည့်ချင်တာလားမသိ...အဟိ...စလာပြီ..မဟုတ်တာတွေပြောဖို့😝
တနေ့ကဘဲ အချစ်ဆုံးသူငယ်ချင်းထဲကတယောက်နဲ့ပြန်တွေ့တယ်။ စကားပြောဖြစ်တယ်။ သားတောင်
လူကြီးဖြစ်နေပြီတဲ့..။ ကျေနပ်ပါပြီလေ..။ ကဲ..ဒီနှစ်တော့ နောက်ဆုံးဘဲ...ဆက်ပြီးအတင်းမရှာတော့ဘူး။

တောင်ကြီးအတိတ်ကို သာသာလေး ခေါက်ထားလိုက်အုံးမှ...မခေါက်ခင်ပြန်တမ်းတ ကြည့်အုံးမယ်လေ..။ ၄နှစ်တက်ခဲ့တဲ့ကျောင်းဆိုတော့လည်းသူငယ်ချင်းမနဲပါဘူး။ အကို၂ယောက်ကိုလည်း အရမ်းသတိရနေမိ တယ်...။စက်ဘီးသေးသေးလေး နင်းပြီးဘေးက အကို၂ယောက်ကတစီး (အသွားတယောက် နင်းရင်
အပြန်တယောက်ကနင်းရတယ်) ဒီလိုသွားရတာ။ ကျောင်းအထိစီးသွားဖူးတယ်။ ကောင်လေးတွေကမယ်ငီး စက်ဘီးကို လေလျှော့ထားတတ်လို့၊ နောက်ပိုင်းမစီးရဲတော့ဘူး။ မင်းလမ်းတလျောက်စက်ဘီးစီးတာ မှတ်မိ တယ် ညဈေးနဲ့ဈေးကြီးနားအဖြတ် တေးသံသွင်းဆိုင်တခုက စိုင်းထီးဆိုင်သီချင်းအမြဲဖွင့်တာကိုလည်း ကြားယောင်မိတယ်။ တရုတ်ဘုံကျောင်းရှေ့က တဲလိုအဝတ်တွေကာပြီးနေပြီး ဗေဒင်တွက်နေတဲ့လူကြီး ကနောက်တော့ နံမည်ကျော် မင်းသိင်္ခဖြစ်သွားလေရဲ့...ကျောင်းပြီးတော့ အကိုတို့နေခဲ့တဲ့ ဝန်ကြီးလမ်းအိမ်
မှာလိုက်နေတုံးက (မှတ်မှတ်ရရအရေးအခင်းဖြစ်တုံးကပါ) အကိုကြီးနဲ့ ၂ယောက်ထဲ။ သူ့အလုပ်က တောင်
အောက်ဆင်းပြီးကုန်တွေသွားထဲ့ရတယ်။ ကျိုင်းတုံကိုသွားမဲ့ ကားကောင်ဗွိုင်မှာ ပြီးမှပြန်လာရတယ်။ မိုးချုပ် တယ်။ အဲ့အချိန်လည်း နေဝင်မထွက်ရအမိန့်ရှိလေတော့ အကိုပြန်မလာရင် တညလုံး တယောက်ထဲ မနေရဲ
ဘူးအရမ်းကြောက်တာ။ ပြူတင်းပေါက်နားတနေကုန်ထိုင်ပြီး လမ်းကိုဘဲကြည့်နေရတယ်။ ကပ်ရပ်ခြံထဲမှာ
နေ့လည်ဆိုအသံမကြားရပေမဲ့ ညညဆို အသေအော် သီချင်းဆို တဒေါင်ဒါင်တဒင်ဒင်နဲ့ အရမ်းမုန်းဘဲ။ ခဲနဲ့
သွားထုဖူးတယ်။ နောက်အကိုပြောပြတယ်.. ဒင်းတို့လည်း နံမည်ကျော် အင်းစကူးအဆိုတော်ကြီးတွေတဲ့။
မြန်မာပြည်မှာတော့ နံမည်အကြီးဆုံးတဲ့...။ သူတို့အင်တာဗျုးမှာဖတ်ဖူးတာက အဲ့အချိန် သီချင်းသွင်းဖို့
သူငယ်ချင်းတယောက်ရဲ့ခြံထဲမှာ လေ့ကျင့်နေကြတာတဲ့..။ ဘယ်သူတွေဘယ်လောက်ကြိုက်ကြိုက်။ ငီးငီး
တော့ ဘဲဒီးဆော်ဒီးဘဲ..အမြင်ကပ်တယ်ရှင့်...။ တညလုံးမအိပ်ရဘူး...။ ညပေါင်းများစွာ..။😤

ပြီးတော့ လသာ ၂ ပေါ့..။ ဒီမှာတော့ Day နဲ့ဘော်ဒါဆိုပြီး ၂ခုတောင်ရှိတာ။ ကိုယ်တို့ကတော့ ၁နှစ်ဘဲတက်
ဖူးတာပါ။ ရန်ကုန်ကနံမည်ကြီးကျောင်းတခုပေါ့..။ ကိုယ်တို့ခေတ်ကတော့ ဘော်ဒါဆောင်ရှိတယ်လေ။ ဆရာ ပူဇော်ပွဲကျင်းပပြီး နောက်ရက်ဆို ဘော်ဒါဆောင်ကျောင်းသူဟောင်းတွေ တွေ့ဆုံပွဲလုပ်ကြတယ်။ အရမ်းပျော် စရာကောင်းတယ်တဲ့ ။ ဘော်ဒါနေတုံးကတော့ တယောက်နဲ့တယောက်မတည့်တာ မခေါ်တာ
တွေရှိကြပေမဲ့၊ ခုတော့ အသေခင်ပြီး ချစ်နေကြတာ စုပြီးခရီးတွေအတူတူထွက်ကြနဲ့၊ (မယ်ငီးတောင်သူတို့
နဲ့ငွေဆောင်လိုက်သွားဖူးတယ်လေ) ရီရလွန်းလို့ပါးစပ်တောင်ညောင်းပါတယ်ဆို ။ များသောအားဖြင့်
ပွင့်လင်းတယ်..ဖြတ်သန်းလာတဲ့ဘဝ အကြောင်း ကောင်းဆိုး ၂မျိုးလုံး သူငယ်ချင်းတွေအားလုံးကိုချပြရဲ တယ်။ သားသမီးတွေလည်း ကြီးကုန်ပြီ တည်ငြိမ်တဲ့ဘဝတွေရောက်နေကြပြီလေ...။ ဒီနှစ်ရအောင်ပြန် လာဖို့ခေါ်ကြတာ ဒီကလည်း သွားချင်လိုက်တာ တပိုင်းကိုသေလို့...။ အမေရိကားအနောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့လက လသာ ၂ ကျောင်းသူတွေ gathering လုပ်ကြတယ်။ အသက် ၇ဝ ပတ်ဝန်းကျင် ကျောင်းသူ
၂ယောက်တောင်လာတယ်။ ပြည်နယ်အသီးသီးကသွားကြတယ်။ မယ်ငီးတော့ ဓါတ်ပုံကြည့်ပြီး လိုက်ပျော်
ရတာပါ။သေချာတာတခုက ဘော်ဒါဆောင်နေခဲ့တဲ့သူငယ်ချင်းတွေ ခုထိအရမ်းချစ်ခင်နေကြတာဘဲ..။
တယောက်အဆင်မပြေရင် ပိုက်ဆံစုပြီး သွားပေးကူညီကြတာ...။💖💕💛💜💚💙

ကိုယ်တို့က ဒေသကောလိပ်ကြီးဆိုတာလည်း တက်ခဲ့ရသေးတယ်လေ..။ အင်းယားလေးက ဒေသကော
လိပ်(၂) ဆိုတာ အန်မတန်မှပျော်စရာကောင်းခဲ့တာပေါ့..။ နေရတာက ပြည်လမ်းနဲ့အေဒီလမ်း(ခုတော့ နံ
မည်ပြောင်းသွားပါပြီ) ထိပ်ကအပြင် ဘော်ဒါဆောင်။ အဆောင်ကျောင်းသူတွေ ရာဂဏန်းနီးပါးတောင်ရှိ မလားမသိ..။ ဝင်းထဲကရှိသမျှ နေရာအဆောင်တွေအားလုံး အခန်းဖွဲ့ လူထဲ့ဘဲ။ မယ်ငီးတော့ အန်မတန် ဘရုတ်ကျခဲ့တာ ပြန်စဉ်းစားရင် တခါခါ အော်ရီချင်တယ်။ အခန်းဖော်သူငယ်ချင်းက သရက်သီးသုတ် စား ချင်တာ၊ ၂ယောက်လုံးပိုင်ဆိုင်တာက ပုဂံပြား၂ချပ်နဲ့ဇွန်း ၂ချောင်း။ တော်တော်များများကချက်စားကြတာ။
လှည်းကူး ပဲခူးကနေလာတဲ့သူတွေလည်းရှိတယ်။ အနယ်နယ်အရပ်ရပ်ကပါဘဲ။ မယ်ငီး ပုဂံပြားလေးကိုင်
ပြီးတခန်းဝင်တခန်းထွက် သရက်သီးသုတ်စားမလို့ သရက်သီးမလောက်လို့ နဲနဲလောက်မျှပါလား..ဆိုပြီး
လိုအပ်သမျှ သွားတောင်း၊ သူငယ်ချင်းကအခန်းထဲကနေ သုပ်ဖို့ပြင်ဆင်တာ၊ နောက်တော့ဇလုံအပြည့်နီး
ပါးသရက်သီးသုပ်တခွက်ရပါတယ်။ဆီဆားကြက်သွန်ငရုပ်သီးပုဇွန်ခြောက်..ဘာမှမရှိတဲ့သူဆိုရင် အချို တည်းဖို့ တခုခုကြံဖန်တောင်စားခဲ့ဖူးပါတယ်ဆို..။ သူငယ်ချင်းကတော့ ပုဝါ၂စအသာချတဲ့ တိုင်းမူးကတော်
တွေဖြစ်လို့တဲ့။ သူ့မျက်နှာပြန်တွေ့တော့ ရီချင်တာ..၂ယောက်သားတဟားဟားအော်ရီနေရတယ်။😹

နောက်တယောက်တော့ မယ်ငီးတို့ထက်အသက်အများကြီးကြီးပါတယ်။ သူ့နံမည်ကိုလည်း အရှည်မမှတ်မိ။
မဝေ..လို့ဘဲခေါ်တာ။ မယ်ငီးတို့ ကောလိပ် ပထမကျောင်းသူဘဝမှာ သူကကျောင်းပြီးလို့ ကျောင်းဆရာမ
လုပ်နေတာ။ မဟာဆက်တက်တာမဟုတ်ဘဲ ထူးထူးဆန်းဆန်း တက္ကသိုလ်ဝန်းကျင်အဆောင်မှာ နေတယ် ဆိုပြီး ခင်စပ်စုက ထုံးစံစပ်စုပါတယ်။ သူနဲ့တခန်းထဲနေတာလေ။ မဝေကအေးတယ်။ ညိုချောလေး..။ စကား
သိပ်မပြောဘူး။ ကျမရဲ့ပေါက်ကရလေးဆယ်စကားသံကြားရင် ရီနေတာ..။ ညနေညနေဆိုရင် မယ်ငီးကို လက်တို့ပြီး ခြံဝင်းထိပ်ထွက်တယ်။ ခြံတံခါးကလည်း အချိန်နဲ့ပိတ်တာလေ။ အဲ့အချိန်မှာ ဦးနေဝင်းကြီးဂေါက်
ရိုက်ပြန်လာတတ်တယ်။ သူက လက်ပြလို့။ ကျမကအံသြတာပေါ့...။ အမဘာလို့လက်ပြတာလဲ..။ အမြင် ကတ်စရာကောင်းတဲ့လူကြီးကို..ဆိုပြီးကျမကသူ့ကိုစိတ်ဆိုးတာ..။ ဘာမှမပြောဘူး။ တနေ့ကျတော့ သူ့ဆီ
ဧည့်သည်လာတယ်။ အထုပ်လေးတခုပေးသွားတယ်။ ထုံးစံမုန့်လေးပေါ့။ အဲ့မှာ တိုးတိုးတိတ်တိတ်လေး
ကျမကိုကျွေးပါတယ်။ အသီးပါ..။ မွှေးနေတာဘဲ..ပန်းသီးသစ်တော်(ခုတော့အများကြီးရှိပါတယ်)၊ ကျွတ်
ကျွတ်လေးနဲ့စားလို့လည်းကောင်းတခါမှမစားဘူးဖူး မြင်လည်းမမြင်ဖူးဘူး။ သူကကျမကိုအပြင်ခေါ်ပြီးမှ
ပြောပြပါတယ်။ သူ့အဖေက ဦးနေဝင်းကားရှေ့ခန်းမှာ ထိုင်တဲ့တယောက်တဲ့ ကားမောင်းသမားမဟုတ်တဲ့
တယောက်တဲ့။သက်တော်စောင့်လား..ဆိုတော့..အင်း..တဲ့။ ဒီကတောသားလည်းသိပ်နားမလည်ပါဘူး။
ဆရာသမားက ဒီအသီးကိုသိပ်ကြိုက်တော့ စပယ်ရှယ် နျိုင်ငံခြားကနေဝယ်လာတာ..လို့ပြောပါတယ်။ သူပြောပြလေ့ရှိပါတယ်..အဖိုးကြီးအကြောင်း..၁၆-၁၇ နှစ်မမလေး မယ်ငီး ဘယ်စိတ်ဝင်စားမလဲ..။ ပြော
ရင် အင်းအင်း..သာလိုက်တယ်..ကျွေးရင်အသေစားတာပေါ့..။ နောက်ပိုင်းသူလည်း သိပ်မပြောပြတော့
ဘူး။ ယောက်ကျားယူဖို့ အဆောင်ကနေထွက်သွားတာဘဲ။ သူ့ယောက်ကျားလည်း စစ်တပ်ကဘဲ..
ခုဘယ်ရောက်နေလဲတော့မသိ...။ တွေ့ချင်ပါသေးတယ်..မမဝေရယ်..သတိရတယ်..။

တက္ကသိုလ်ရောက်တော့ လှည်းတန်းနားမှာနေတယ်..။ မှတ်မှတ်ရရမင်္ဂလာလမ်း..ဆိုလား..ဘဲ..။ အဆောင်
ပိုင်ရှင်မှာ သမီးချော ၄ ယောက်တောင်ရှိတာ...။ သူတို့အိမ်နားမှာ ရပ်ကွက်စာကြည့်တိုက်လိုလိုရှိတယ်။ အဲ့
မှာစာအုပ်တွေဖတ်တာ ဘယ်လောက်တောင်ဖတ်လည်းဆို နွေရာသီကျောင်းပိတ်မပြန်ဘဲနဲ့ကိုဖတ်တာ။
သူတို့နဲ့နေ...အပြင်ထွက်မစားဘူး..အိမ်ရှေ့လာရောင်းတာကို ဝယ်စားတယ်..လေ။ အဟဲ...။ နေ့လည်ခေါင်း
ရွှက်ဈေးသည်တဦးက မုန့်ဟင်းခါးလေးလာရောင်းတယ်။ မြေအိုးလေးနဲ့ စကားပြောလည်း အရမ်းဝဲတယ်။
တကယ့်ဗမာစကားဖြစ်ပါလိမ့်မယ်လေ..။ သူ့မုန့်ဟင်းခါးလေးကမွှေးနေတာဘဲ ငရုပ်ကောင်းများများလေးနဲ့
ပေါ့။ တခါတော့ မယ်ငီးတို့အပြင်ထွက်ကြမလို့ သူ့နဲ့ကြုံတာ..။ သူကမုန့်ဟင်းခါးလို့..အသံလေးစွဲပြီးအော်ရ
တာလေ..။ မယ်ငီးကပြောတယ်..ဒီတခါ အော်ပေးမယ် တလမ်းလုံးလိုက်သွားမယ်..ဆိုတော့ သူကမ ယုံဘူးလေ..သူငယ်ချင်းတွေလည်းဝိုင်းဟားကြတယ်..။ ဘာရမလဲ နဂိုကတည်းက ဘရုတ်ကျပါတယ်ဆို
ရှမ်းမသံနဲ့ဟောဒီကမုန့်ဟင်းခါးဗျို့..လို့တလမ်းလုံးလိုက်အော်ပေးတယ်။ သူများတွေထွက်ကြည့်ကြတယ်။ ဝယ်စားကြတယ်..။ ဟီးဟီး..နောက်တော့ သူကအဆောင်ကခေါ်ခေါ်မခေါ်ခေါ်..နေ့တိုင်းဝင်ပြီး မယ်ငီး
အတွက်မုန့်ဟင်းခါးတခွက်အမြဲလာပေးတယ်။ မယူဘူးပြောလည်းမရဘူး..။ ခင်လို့တဲ့..သူ့ယောက်ကျား
ကပန်းချီဆရာဆိုပြီး ပန်းချီကားတွေလာပေးတယ်။ ပိုက်ဆံပေးလည်းမယူဘူး..။ အော်..ခုတော့လွှမ်းစရာ
လေးပေါ့ရှင်...ဘယ်ရောက်နေကြလဲမသိတော့ဘူး..။

ဒါတွေကကျောင်းတက်တုံးက ကြုံတွေ့ခဲ့တာလေးတွေပါ ..။ကျောင်းပြီးတော့ နောက်အများကြီးကြုံခဲ့ကြရ
သေးတယ်..။ တွေ့ကြခင်ကြ..ပြီးကွဲသွားကြရတာဘဲ..တွေ့တုံးခဏလေးဘာလို့ တယောက်နဲ့တယောက်
နားလည်မူ့တွေ ကြင်နာမူ့နဲ့ မချစ်နိုင်ကြတာလဲ..နော်...။ ပြီးရင်ခရီးဆက်ကြမဲ့သူတွေချည်းဘဲ။ နောက်ပြန်
ဆုံဖို့ဆိုတာ...ခဲယဉ်းပါတယ်...ကဲ...မိတ်ဆွေများနဲ့လည်း ရေစက်ရှိလို့ ခုလိုဒီနေရာမှာလာတွေ့ကြရတာ
ပေါ့...ရှေ့ဆက်ကြမဲ့ခရီးလမ်းမှာ ချစ်ခင်သူများနဲ့ သာသာယာယာဖြောင့်ဖြူးကြပါစေလို့...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ
မီးမီး😉

Friday, November 4, 2016

ကြုံဖူးခဲ့တဲ့ဂျပန်များ...

မင်္ဂလာပါရှင်~~~
ခေတ်မှီချင်ရင်ခေတ်နဲ့အညီလိုက်လျောညီထွေစွာနေတတ်ရမယ်တဲ့...အရင်ကတော့ ကမ္ဘာကြီးထဲ ဘာလုပ်
လုပ် နေသာသပါ့ခြုံထဲက လုပ်နေတာအကျင့်ကြီးကိုဖြစ်လို့..။ ချစ်သူများနေ့ ဟော်လဝင်နေ့ အမေနေ့ အဖေ
နေ့ အကိုနေ့ အဘနေ့....ဘာညာကွိကွကျင်းပနေတာ fb မှာမြင်ပေမဲ့ လိုက်မလုပ်တတ်ဘူး..အဟီး..ကိုယ့်
ယူဆချက်နဲ့ကိုယ်ပေါ့လေ....။

အနောက်ကမ္ဘာရဲ့ အမူအကျင့် ဓလေ့ထုံးစံတွေကိုတော့ တသွေမတိမ်း ပုံတူကူးချတဲ့နေရာမှာမြန်ဆန်လက် သွက်ကြပေမဲ့ သူတို့ရဲ့ စည်းကမ်းရှိတတ်ပုံ လူကြီးလူကောင်းဆန်ပုံ ကျမ်းမာရေးအတွက် ပတ်ဝန်းကျင် အတွက် ကြိုးစားနေကြပုံကို ဘာလို့များအတုမယူကြဘဲ ကျော်သွားကြလဲမသိ..နော်..တခါခါအတွေးပေါက်
ကြည့်မိတာပါ..။ ဒီမှာလူငယ်တွေတွေ့ကြရင် ဘာအားကစားလိုက်စားလဲလို့ အချင်းချင်းပြောဆိုပြီး စကား
လက်ဆုံကြတယ်..။ ကောင်မလေးတွေ ကောင်လေးတွေကြည့်လိုက်ရင် fit ဖြစ်နေတဲ့ ကျစ်လစ်တဲ့ ခန္ဓာ ကိုယ်နဲ့။ ဝတုတ်ပုံပျက်နေတဲ့ လူတန်းစားကိုတော့ သူတို့က လူတန်းစားတရပ် လို့သတ်မှတ်တယ်။ ပြော
ချင်တာက နေ့စဉ်လူနေမူ့ဘဝမှာ ကျမ်းမာရေးလိုက်စားတာကအရေးပါတဲ့ အခြေခံအကြောင်းတရပ်ဆိုတာ
လူတိုင်းနီးပါးနားလည်သဘောပေါက်ကြတာပါ။ မြန်မာပြည်ကြီးမှာ တချိန်လုံး ဖုံးကို ပွတ်ဘဲပွတ်နေကြတာ တနေ့မှာတော့မျက်စိဆရာဝန်ဈေးအကောင်းဆုံးဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး။ မြန်မာပြည်မှာ ပွတ်မယ် fb မှာ ဆဲကြမယ်...မွေးရာပါ ပစ္စည်းလေးတွေ တတပြီးကြွားကြမယ်...ဒါဘဲ...။ နောက်ပြီး မတိုး
တက်ဘူး မပြောင်းလဲဘူး..အော်ကြမယ်..။ အဟဲ...မယ်ငီးလည်း ခေတ်မှီတိုးတက်လာပြီနော်...။ လက်ရှိ
အခြေအနေကို လိုက်ပြီး အာတတ်လာပြီဗျို့

ကဲ..ခုတလောတော့ ဂျပန်အကြောင်းဘဲကြားနေရတယ်ရှင့်...။ ဂျပန်ပေးတဲ့ရွှေရည်စိမ် ဘာညာပေါ့လေ..။
ခုလည်းပေးပြန်ပြီ..နောက်ကွယ်ကလက်မဲကြီးပေါ့..လေ။ လူတိုင်း ကိုယ့်အထင်ကိုယ့်အမြင် ပြောခွင့်ရှိကြ
ပါတယ်။ မယ်ငီးလည်းပြောပါရစေ..။ကြုံခဲ့ဖူးတဲ့ဂျပန်အကြောင်းလေး ဖေါက်သည်ချပါရစေ...။

တကယ်လို့ အခုစာဖတ်နေတဲ့ မိတ်ဆွေများဟာ မယ်ငီးစာတွေကို အရင်တုံးကတည်းက ဖတ်ဖူးခဲ့ရင်တော့
သိကြပါလိမ့်မယ်။ ဒီကလည်း တခါရေး ၂ ရေးအိပ်ဆိုတဲ့ အဆင့်ပါဘဲဆိုတော့လည်း၊ ပြန်မိတ်ဆက်ပါရစေ
ကျမ ၁၉၈၉-၁၉၉၉ ထိုင်းနိုင်ငံ ကျိုင်းမိုင်(ဇင်းမယ်)ဆိုတဲ့မြို့မှာနေခဲ့ဖူးပါတယ်။ အလုပ်လုပ်ခဲ့ဖူးပါတယ်။
ကျမလုပ်တာက နိုင်ငံခြားသား ခရီးသွားတွေကိုအဓိကထားရောင်းတဲ့ ကျောက်မျက်ရတနာ ကြေးထည်
ရောင်းတဲ့ကုမ္မဏီတခုမှာပါ။ တနေ့နေ့ နိုင်ငံခြားသားခရီးသည်တွေ ရာနဲ့ချီလာကြတဲ့ အဲ့ခေတ်ကာလကနံမည်ကြီးနေရာတခုဆိုပါတော့။ အဓိက အရောင်းစာရေးတွေက နိုင်ငံခြားဘာသာစကားအမျိုးမျိုးတတ်ရပါတယ်။
လာတဲ့လူမျိုးတွေကလည်း ပေါင်းစုံလေ။ (ဘာသာစကား၂မျိုးအထက်တတ်ရင် လခကပိုများတယ်၊ လူလည်
မယ်ငီး ညာတာပါတေးနဲ့ ၄မျိုးတတ်တယ်ဆိုပြီး လခပိုရအောင်လေ့ကျင့်ထားပါတယ် သေချာတာ တမျိုးကို ၁ဝ ခွန်းထက်မပို) အဲ့ဒီထဲမှာ မယ်ငီးက ဂျပန်စကားတတ်တယ်ဆိုပြီး အူကြောင်ကြောင်နဲ့ ဂျပန်ဧည့်သည်
လက်ခံရပါတယ်။

စနေနေ့တိုင်း ဂျပန်ကြီးတယောက် အမြဲလာတတ်တယ်။ အစကလာလည်တာ ဘာမှလည်းမဝယ်ပါဘူး။
စကားပြောရင်းနဲ့ ဘာကိုသဘောကျမသိ အပတ်တိုင်းလာတယ်။ ထိုင်ခုံမှာအသာထိုင်ပြီးကျမနဲ့စကား
ပြောတော့တာဘဲ။ ဆိုင်ကိုလည်း ဟန်ဆောင်ပန်ဆောင်မလည်တော့ဘူး။ ဒီကလည်း သူ့ကိုဧည့်ခံနေရင်
ဈေးမရောင်းရ၊ ကော်မရှင်မရမှာကစိုးတာသူ့ကို သိပ်လည်း ဂရုမစိုက်မိဘူး။ သူကလည်း ဘာမှမပြောဘူး၊
ဧည့်သည်တွေလာရင်ဈေးရောင်း၊ အားရင်သူ့အာလူးတွေဖုတ် သူငယ်ချင်းတွေကို သူပြောတာပြန်ပြောပြီး
တဟီးဟီးတဟားဟားရီနဲ့..။တော်တော်အဖွဲ့ကျတာပေါ့။ သူက သူ့ဂျပန်အဖိုးကြီးတွေ တယောက်ပြီး တယောက်ခေါ်လာမိတ်ဆက်ပေးပါတယ်။ သူတို့က အင်ဂျင်နီယာတွေပါ။ ကျိုင်းမယ်နားမှာ ဆောက်နေတဲ့
လျှပ်စစ်နဲ့ပတ်သက်တဲ့ စီမံကိန်းတခုက ဂျပန်တွေပါ။ နောက်မိတ်ဆက်ပေးတဲ့ အထဲမှာ တယောက်က ရှမ်း
စက္ကူစက်ရုံပိုင်ရှင်ဗျ...။ အဲ့ရှမ်းစက္ကူတွေကို တခုမှ ထိုင်းမှာမရောင်းဘူး။ ဂျပန်ပြန်ပို့တာ၊ အရောင်လေးတွေ
စပ်ပြီး လက်ဆောင်ထုပ်တာတွေ ဗူးတွေခွက်တွေ စာအုပ်အဖုံးတွေလုပ်တာ အရမ်းလှတာဘဲ။ အဓိက
ကျမကိုမြန်မာပြည်ကရှမ်းလို့သိတဲ့အတွက် ခင်တာလည်းပါပါတယ်။

တနေ့ကျတော့ သူတို့လာတာ ညနေလောက်မှာပါ။ ဂေါက်ရိုက်ပြီးဝင်လာနူတ်ဆက်တာတဲ့။တခါခါစိတ်ရူပ်
တာ။ အဲ့လိုဘာမှန်းမသိ၊ သူငယ်ချင်း တွေကလည်း ဝိုင်းလှောင်ကြတယ် မီးမီး အဖေဂျပန်ကြီးလာပြီ..တဲ့။ အဲ့တာနဲ့ စကားပြောတော့ သူတို့ ဘီယာသောက်လာကြတယ်နဲ့တူတယ်..အနံ့ကဟောင်နေတာဘဲ..။ မယ်ငီးလည်း စိတ်တိုတိုနဲ့ ပိတ်ပြော လိုက်တယ်။ ကျမငယ်ငယ်ကတဲက ဂျပန်တွေ မြန်မာပြည်မှာလူတွေကို
ဘယ်လိုနှိပ်စက်သလဲဆိုတာဖတ်ခဲ့လို့ ဂျပန်အကြောင်းကောင်းကောင်းသိပါတယ်..ဆိုပြီး။ သူတို့ခဏ
လောက်အံ့သွားကြတယ်။ ပြီး တန်းစီထပြီး ကျမကို ခါးညွတ်လို့ တောင်းပန်ကြတယ်။ သူတို့အတိတ်က ဂျပန်ကိုယ်စား အများကြီးတောင်းပန်ပါတယ်တဲ့။ အတိတ်ဆိုတာ ပြန်ပြင်မရပါဘူး။ အနာဂါတ်ကို သာဖန် တီးလို့ရပါတယ်တဲ့။ ကျမနဲ့သူတို့ရဲ့ အနာ ဂါတ်ဆက်ဆံရေးကို အမြဲစိမ်းလန်းစိုပြေချင်ပါတယ်ဆိုပြီး စာအိပ် ဖွင့်တဲ့ဓါး(ကြေးထည်) တယောက်တခုစီ ဝယ်ပြီး၊ကျမကို ဘတ် ၁ဝဝ စီဘောက်ဆူးပေးကြတယ်။ ကျမ လည်းအားလည်းနာ ဘာပြောရမှန်းမသိ..။သူငယ်ချင်းတွေလည်း အံံသြနေကြတာ အဖိုးကြီး ၅ယောက်လုံး ခါးကုံးပြီး နဲနဲနော်နော်ကုန်းတာဟုတ်ဘူးအောက်စိုက်မတတ်ကြီး သေသေချာချာ တောင်းပန်တာ။

အစမကောင်း ခဲ့တဲ့ သူတို့လူမျိုးတွေရဲ့အကျင့်စရိုက်အားလုံးကိုခုလိုပြောင်းပြန်လှန်ဖြစ်အောင်ကြိုး စားတာ
ခေါင်းဆောင်တဦးတယောက်ကြောင့်မဟုတ်ပါဘူး။ တိုင်းသူပြည်သားအားလုံးရဲ့ စိတ်စေသနာက အရင်း ခံတာဆိုတာ...နားလည်သဘောပေါက်မိတယ်။ ကိုယ်တို့ဆီမှာ အတိတ်ကပြုခဲ့တဲ့ အပြစ်တွေပြန်တောင်း
ပန်ကြကြေးဆိုရင် လူမျိုးစုတွေရော ပြည်မကလူတွေရော ခါးရိုးတွေကျိုးမဲ့ကိန်း...။

ဘိန်းစိုက် မူးယစ်ဆေးပြားထုတ်လို့ တိုင်းပြည်လူငယ်လေးတွေ ဘိန်းစားဂျပိုးသူခိုးဖြစ်ကုန်ကြတာ၊သစ်တော
တွေ မဆင်မချင်ခုတ်လို့ ရာသီဥတုတွေပူပြင်းရေခမ်း၊မုန်တိုင်းဖြစ်ရင် ရေလှိုင်းတွေကြီးမြင့်လာတာကို သဘာဝ အဆီးအတားဖြစ်တဲ့ ဒီရောရောက်သစ်တာတွေခုတ်လို့ (နာဂစ်) လူတွေသေကြေပျက်စီး၊ ကိုယ့် စီးပွားဖြစ်ဖို့စားသောက်ကုန်တွေထဲ အန္တရယ်ရှိတဲ့ပိုးသတ်ဆေးတွေထဲ့တာကအစ...ပြောရရင်ဖြင့်.. မကောင်းနောက်ဆုံးတော့ ရောဂါမျိုးစုံဖြစ်စောစောစီးစီးသေကြေပျက်စီးကြတာ...ဒါတွေအားလုံးဘယ်သူ့
ကြောင့်လဲ!!!!!!!ပြီးတာတွေလည်း ပြီးပါပြီလေ...။အတိတ်ကပြန်ပြင်မရဘူးတဲ့။ လာမဲ့အနာဂါတ်ကောင်း
လေးတွေဖန်တီးကြရအောင်လေ...။


နောက်ဂျပန်ဇတ်လမ်းတွေရှိပါသေးတယ်....ထုံးစံအတိုင်း ကြုံရင်ဖေါက်သည်လာချပါအုံးမယ်လေ..။ဂျပန်
လိုယဉ်ကျေးသိမ်မွေ့တာတော့သူသူငါငါအားလုံးကြိုက်ကြတာပါ။ကျမလည်းကြိုက်တယ်။သူတို့မကောင်း
တဲ့ အကျင့်တွေရှိရင် အတုမခိုးပါနဲ့ ကောင်းတာလေးဘဲ ကွက်ယူရအောင်လေ..။

ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာနိုင်ငံသား ဗမာလူမျိုးနဲ့တကွ တိုင်းရင်းသားအပေါင်းတို့ရဲ့
ရိုးရာယဉ်ကျေးမူ့တွေနဲ့ ကမ္ဘာကိုပြကြရအောင်လေ..နော်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
မီးမီး