Wednesday, September 17, 2014

လမ်းမပေါ်ကမြင်ကွင်းများ..

မင်္ဂလာပါရှင်~~~
ဒီတပတ်လုံး အိမ်ကကျားကျားကြီး ခရီးထွက်နေတော့ ထမင်းဟင်းမချက်စားဖြစ်တော့ဘူး။ တယောက်ထဲ ဆိုတော့ အသုပ်လေးဘာလေးနဲ့လည်း ပြီးသွားတာဘဲ။ ဒီတော့အချိန်တွေပိုလာပြီပေါ့။ ရှာဖွေရင်းနဲ့ကျား
ကျားလုပ်လို့ ဓါတ်ပုံတွေအားလုံးပျောက်ကုန်တယ်လို့ထင်နေတာ၊ မမျှော်လင့်ဘဲ လမ်းမပေါ်ကပုံတွေဆိုပြီး နယူးယောက် နယူးဂျာစီလမ်းပေါ်မှာ အမြဲကားနဲ့ဖြတ်သန်းသွားလာနေရင်း လက်ဆော့ထားတဲ့ဓါတ်ပုံတွေ ဖိုင်တခုထဲမှာပြန်တွေ့မိတယ်။ သိပ်ပြီးများများစားစားတော့မဟုတ်ပါဘူး။ ကဲပါလေ..ရှိတာလေးနဲ့တောပြော
တောင်ပြောလေးလုပ်လိုက်အုံးမယ်လေ.. :P

            
မေလ လဆန်းပိုင်းတနင်္ဂနွေတရက်မှာပေါ့။ နယူးယောက်က (၃)ပါးကျောင်းလို့အမည်ရတဲ့ ဘုန်းကြီး
ကျောင်းမှာသင်္ကန်းသွားကပ်ပြီး အပြန်မှာပါ။ ကားတွေက ရွှေ့ကိုမရွေှ့တာ။အစကဘာမှန်းမသိဘူး။နောက်ဒီ
တံတားထိပ်ရောက်မှ စာတမ်းထိုးထားတာတွေ့တော့သိရတယ်။ စက်ဘီးစီးပြိုင်ပွဲရှိတာတဲ့။ အဲဒီနေ့ကို မှတ် မှတ်ယယ နယူးယောက်တမြို့လုံးကို စက်ဘီးစီးကြဖို့လှုံဆော်ကြတယ်။ စက်ဘီးစီးပွဲကို ပါဝင်စီးနင်းကြတာ လူ ပေါင်း(၃)သောင်းကျော်တယ်တဲ့။ တချို့ကလည်း ဘာဝတ်စုံမှန်းကိုမသိဘူး ပေါက်ပေါက်ရှာရှာဝတ်ထား ကြတာတွေ့ရတယ်။ လမ်းခရီးမိုင်ပေါင်း ၄၂မိုင် နယူးယောက်ကမ်းနားလမ်းတလျောက်နဲ့ မြို့ထဲက Manhattan, The Bronx, Queens, Brooklyn, နဲ့ Staten Island ဒီမြို့နယ်တွေကိုဖြတ်ပြီးစီးကြတာလေ။

အဲ..ရက်မတိုင်ခင်ကတဲက ကြော်ငြာတယ်။ တက်စီသမား ကားသမားတွေကိုလမ်းတွေပိတ်မှာမို့တောင်း
ပန်ထားသေးတယ်။ ဥရောပက စက်ဘီးပိုစီးကြတယ်။ အမေရိကားမှာတော့ ဒီလောက်ကြီး စက်ဘီးစီးတာ သိပ်ခေတ်မစားဘူး။ နယ်မြေကကျယ်တော့ တနေရာနဲ့တနေရာကလည်း အဝေးကြီးကိုး၊အထူးသဖြင့် နယူး

ယောက်မှာစက်ဘီးနဲ့သွားလာဖို့ဆိုတာ အန္တရယ်များလွန်းပါတယ်။
သူတို့ကြော်ငြာကိုဖတ်ကြည့်တာ အတော်တော့စိတ်ဝင်စားစရာကောင်းသားဘဲ။ စစချင်းတုံးကတော့လူ ၂၅ဝ လောက်ကမိုင် ၅ဝ ခရီးအကွာအဝေးကို ချဲလင့်လုပ်ပြီးစက်စီးပြိုင်ခဲ့ကြတာပါတဲ့။ ၁၉ရရ ခုနှစ်ကတည်း ကပါ။ နောက်နှစ်မှာကျတော့ မြို့တော်ဝန်ကစိတ်ဝင်စားပြီး ဦးစီးကျင်းပပေးခဲ့ရာကနေ အစဉ်အလာမပြတ် နှစ်တိုင်းကျင်းပရတဲ့ပွဲတခုဖြစ်သွားတာတဲ့။ အော်..အနောက်နိုင်ငံမှာတော့ အလကားဘာမှမရှိဘူးလေ
ဝင်ကြေးက ရိုးရိုးအနေနဲ့ဆိုရင် ၉ဝ နဲ့ ဗီအိုင်ပီဆိုရင် ၃၂၅ တဲ့ဗျား...။ဒီနေရာမှာ စိတ်ဝင်စားရင် ဖတ်လို့ရ

တယ်နော့်။
ဘာလို့စက်ဘီးစီးသင့်ကြောင်းကို ကျမ်းမာရေးတို့ဘာတို့နဲ့မြူဆွယ်တာဟုတ်ဘူး၊ နယူးယောက်ကို Big apple လို့တင်စားခေါ်ဝေါ်တာကိုး..။
"ဒီပန်းသီးမြို့ကို စက်ဘီးနဲ့လျောက်လိမ့်ဖို့ဒီထက်ကောင်းတဲ့ အတွေ့အကြုံ ဘာရှိလိမ့်မဒုံး..လမ်းမတွေ
တံတားတွေနဲ့ ပန်းသီးမြို့ဟာ ကိုယ့်အတွက်ပိုင်ဆိုင်ခွင့် တရက်ကြီးများတောင်ရှိတာဘဲ"...တဲ့

ကဲ..ဘာသာပြန်ဆရာကြီးများထိုင်ငိုသွားနိုင်အောင် မယ်ငီးဘာသာပြန်လိုက်မယ်..^_^
ဓါတ်ပုံထဲကလူတွေ့လား..အဝါရောင်အင်္ကျီနဲ့ ဂြိုလ်သားလိုလို ဘာလိုလိုလေ..။ပူစီပေါင်းတန်းလန်းနဲ့ လူတွေလည်းအများကြီးတွေ့ရတယ်။
ကိုယ်တို့ဖြတ်ထွက်လာပြီးတော့ မြို့ထဲသွားမဲ့သူတွေ ကားတန်းကြီး တမျှော်တခေါ်ပါဘဲ..။
ကားတန်းအပေါ်က တံတားပေါ်မှာလည်း စက်ဘီးစီးသူတွေဖြတ်သွားကြတယ်လေ။
သနားစရာ..စောင့်ပေတော့ တမေ့တမောဘဲ..
ကျားကျားကိုတောင်လှမ်းပြောလိုက်သေးတယ် နယူးယောက်မှာ ဂလိုလေး လမ်းရှင်းရှင်းနဲ့ မမောင်းဖူးဘူး..။
ဟိုး..ရှေ့မှာမြင်ရတဲ့ တိုက်၎ လုံးကျော်ကျော်လောက်မှာ GW တံတားရှိတယ်လေ။ အဲ..တံတားကျော်ပြီးရင်
တော့နယူးဂျာစီရောက်ပြီပေါ့။
 ကားလမ်းကြီးဘယ်လောက်တောင်ပိတ်လည်းဆိုတော့  ဒီနားရောက်တဲ့အထိပါဘဲ...။
အဲဒီတံတားကတော့ နံမည်ကျော်ပါ..ရုံးချိန်ဆိုရင် ထိုင်ငိုချင်စရာကောင်းလောက်အောင် ကားလမ်းပိတ်
တတ်ပါတယ်။

အဲဒီတံတားဟောင်းကြီး..ပြန်ပြင်နေတာ နဲနဲတောင်ကြာပေါ့..။
ဒီတခါတော့..ကားလမ်းမပေါ်ကတိုက်ကြီး အားလုံးပါအောင်ခြုံငုံရိုက်နိုင်သွားတယ်လေ...။ တိုက် ၄လုံး
လောက်တန်းစီပြီးရှိတာ..ကားလမ်းက အောက်ဖက်ကနေဖြတ်သွားတာ..အသဲယားစရာကြီး..အလကား
ပေးလည်း မနေချင်ပေါင်.. နော့် :P

တံတားပေါ်ကနေ နယူးယောက်ကိုလှမ်းမြင်ရတာ...
 နယူးယောက်နဲ့ နယူးဂျာစီခြားထားတဲ့ ဟတ်ဆန်မြစ်...နောက်ပြီး..နယူးယောက်ဖက်ပြန်ခေါ်သွားအုံးမယ်။
ဒါကတော့ La Guardia airport ပါ။ နယူးယောက်မြို့နားတဝိုက်မှာ လေယာဉ်ကွင်း ၆ခုရှိပါတယ်။
အဓိကအသုံးများတာကတော့ ၁.JFK
                                     ၂.LaGuardia (LGA)
                                     ၃.Newark-Liberty (EWR)

နဲနဲငယ်တဲ့လေယဉ်ကွင်းကတော့
                                     ၄.MacArthur Airport on Long Island (aka Islip Airport)
                                     ၅.Steward Airport in Ulster County
                                     ၆.Westchester Country Airport in White Plains

 လေယာဉ်ကွင်းနဲနဲကျော်လာရင် လမ်းမပေါ်ကမြင်ကွင်းကတော့..ကိုယ်တို့လိုပါဘဲ အမှိုက်တွေနဲ့..ဟီး
ဒီပုံလေးက မနက်အစောကြီး ဘုန်းကြီးကျောင်းသွားတဲ့အချိန်ရိုက်တာ ...ထိပ်က ကားလေးနဲ့ လမ်းကရှင်းလို့..လာ..ဟိုး...လမ်းဆုံးတိုင်အောင် သွားကြရအောင်လို့ ပြောနေသလိုဘဲ..။
ရုံးပိတ်ရက်မဟုတ်တော့ လမ်းမှာကားတွေ ထုံးစံအတိုင်းပိတ်ကြ ကြပ်ကြတာပါဘဲ..။
လမ်းဟိုဖက်နဲ့ ဒီဖက်တိုက်တွေကို ဒီလိုတံတားလေးနဲ့ ဆက်ထားတာမြင်ရရင် အဲ့ နေရာကနေရပ်ကြည့်ချင် တယ်။
ကမ်းနားဖက်မှာ..လူတွေလည်းစည်းကမ်းမရှိကြပါဘူးလေ..စားပြီးပစ်ထားကြတာပါဘဲ..
နယူးဂျာစီဖက်ခြမ်းကိုပြန်လှမ်းကြည့်တော့.. မြင်ရတဲ့တိုက်တွေ..
 ကမ်းနားလမ်းတလျောက်မှာ ဒီလို စက်ဘီးစီး လမ်းလျောက်ဖို့လုပ်ထားပေးတာမျိုးကြိုက်တယ်။ ကိုယ်တို့ဆီ က ဒီလိုမျိုးတွေမြန်မြန်ဖြစ်လာပါစေဆုတောင်းပါတယ်။ မြေရှိရင် ကန်တရိုက်တိုက်ဆောက်မယ်ဆိုတာကြီး
ဘဲလုပ်နေလို့တော့ရန်ကုန်မြို့လည်းလှပလာမှာဟုတ်တော့ဘူးနော်။
ဟက်ဆန်မြစ်တလျောက် တခါမှ မော်တော်မစီးဖူးဘူး..
တကယ်ဆိုရင် မြို့ထဲအထိကမ်းနားတလျောက်ကနေသွားတယ်..ပျော်ဖို့ကောင်းတယ်..။ လူရှင်းတယ်။
 ကျောင်းသူအသိုက်နဲ့တွေ့ခဲ့သေးတယ်..။
ဘတ်စကားစောင့်နေကြတာ..တန်းစီလို့..မြန်မာပြည်မှာလည်း ဒီလိုတန်းစီကြမယ်ဆိုရင်အရမ်းကောင်းမှာ
ဘဲနော်..
မြို့ထဲဆိုရင်တော့ ကားတွေကြပ်နေပြီပေါ့...
 သူ့ဖက်ရှင်ကိုကြိုက်လို့..း)))
ဒီတံတားတော့ နံမည်သာကြီးတာ လမ်းကလည်းပျက်စီးလို့..
 သူများတွေက ဒီတံတားအပေါ်ကနေဓါတ်ပုံတွေစီးရိုက်တာ အန်မတန်မှလှတာပေါ့..
 အော်..အောက်ခြေမှာတော့..ရူပ်ပွထနေတာပေါ့...
ရှားရှားပါးပါး..သူတောင်းစားတယောက်ကိုတွေ့လိုက်ရတယ်...။ ကားရပ်နေတော့ သူ့ကိုလှမ်းခေါ်ပြီး
ပိုက်ဆံထဲ့လိုက်တယ်..သနားပါတယ် ခြေထောက်မကောင်းဘူး..ရယ်။
ဟူး.... ဓါတ်ပုံလည်းကုန်၊ မျက်စိမှုန်ကာ၊လက်လည်းတုန်ပေါ့၊ အတိတ်ကိုပြန်လှန်ပြီး၊ အားလုံးခြုံငုံ
အောင်ကြိုးစားရေးသားလိုက်ရပါကြောင်း....


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

PS.. အခုနယူးယောက်မှာ အလုပ်ကိုစက်ဘီးစီးပြီးသွားကြဖို့...တိုက်တွန်းနိုးဆော်ထားတာလေးပါ..
http://biketoworkchallenge.bikenyc.org/

Tuesday, September 9, 2014

သောင်းပြောင်းထွေလာမယ်ငီးကမ္ဘာ..

မင်္ဂလာပါရှင်~~~

လူ့ဘဝသက်တမ်းဆိုတာ လူတယောက်ရဲ့ ဒီလူ့ဘဝမှာနေထိုင်ရှင်သန်ကြရတဲ့ကာလတခုပါ။ အသက်ရှည် သည်ဖြစ်စေ တိုသည်ဖြစ်စေ ကိုယ်တို့ခံယူတဲ့ သဘောထားပေါ်မှာ ကွဲပြားကြတာပါ။ ရှည်လွန်းတယ်လို့ခံ ယူရင်လည်း ရှည်တယ်ပေါ့။ တိုတောင်းတယ်လို့မှတ်ယူရင်လည်း ရေပွက်ပမာ တခဏမျှလောက်ပါဘဲလေ။
မယ်ငီးလည်း ခုတလော အရင်က ခဏလေးလို့ထင်တတ်ခဲ့တာ..ခုတော့ အတော့်ကိုရှည်လျားပြီး ကြာမြင့် လွန်းနေတယ်လို့ တွေးနေမိပြန်တယ်။ တနေ့နေ့ ပြောမကုန်နိုင်လောက်အောင်ကို ဇာတ်လမ်းတွေလည်း
ရှိတာပေါ့..။

ဒီသူငယ်ချင်းနဲ့ပတ်သက်ပြီး..ရေးဖူးထားတာလေးတွေကို ဒီမှာ နဲ့ အရင်တုံးက အကြောင်း တွေကိုဖတ် ဖူးကြပါလိမ့်မယ်။

သူငယ်ချင်းနဲ့တွေ့တုံးက သူပြောပြတဲ့ သူ့ဘဝဇာတ်လမ်းတွေထဲက တချို့ကို ပြန်အာလူးဖုတ်ရမယ်ဆိုရင်..
"1986" ပတ်ဝန်းကျင်လောက်မှာဘဲ china airline ကလေယာဉ်မယ်ဘဝနဲ့ ကမ္ဘာအနှံရောက်ခဲ့တာပေါ့။
"ငါကကျိုင်းတုံမှာမွေးပြီး ကြီးပြင်းလာခဲ့ရတော့ ကိုယ့်ကိုယ်ကိုတောသားလို့ဘဲမှတ်ယူပါတယ်လေ" သူ့အပြောပေါ့..။ ဒီတော့ ဘယ်ရောက်ရောက် နားတယ်ဆိုတာထက် လမ်းတကာလားနေတတ်တယ်တဲ့။
၁ဝ တန်းကျောင်းပြီးလို့ သူက ဘန်ကောက်က ပုဂ္ဂလိကကျောင်းတခု(ခရစ်ရှန်ဘာသာဘန်းကြီးတွေ ထူထောင်ထားတာ)မှာ ကျောင်းဆက်တက်တယ်တဲ့။ ဘာသာရေးအဖွဲ့အစည်းကထောက်ပံ့တယ်ဆိုတော့
သူလည်း ဘာသာပြောင်းလိုက်ရတယ်လေ။ အဲဒီကျောင်းမှာ မြန်မာသံရုံးဆိုလား(သူလည်းမေ့နေပြီ) လူကြီး
သားသမီးတယောက်လည်းရှိတယ်တဲ့။ အရမ်းကိုဈေးကြီးတဲ့ကျောင်းလို့လည်းပြောတယ်။ သူငယ်ချင်းက
ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်ရတာလေ..ငွေရေးကြေးရေးမပြည့်စုံဘူး။ စာတော်တော့ ကျောင်းအုပ်က
ကျောင်းဝင်းထဲက အလုပ်သမားတန်းလျားအိမ်ယာမှာ တခန်းပေးထားတယ်။ လူကြီးသမီးက သူ့ထက် အတန်းပိုကြီးတယ်တဲ့။ သူက မြန်မာပြည်ကလာသိတော့ လာပြီးမိတ်ဖွဲ့လို့ ခင်ကြတာပေါ့။ နောက်တော့ သူ့
အိမ်စာတွေလုပ်ပေးဖို့ စာကူကျက်ဖို့ သူငယ်ချင်းကို အိမ်မှာ ၂လခေါ်ထားတယ်..ဆိုဘဲ..။ အရမ်းချမ်းသာ
တာဘဲလို့..သူကပြောပါတယ်။ ခုဆိုနံမည်တောင်မေ့နေပြီ..တဲ့။..ဟင်းဟင်း..၁၉၈၂ ခုနှစ်ကတဲက အုပ်ချုပ်
သူများဆိုတာ သုံးမကုန်အောင်ပိုက်ပိုက်တွေပေါများနေပါပြီ..ခုမှမဟုတ်ပါဘူးလေ.. ^_^

နောက်ပိုင်း..သူ့စာရွက်စာတမ်းတွေ လိုအပ်လာတော့ မြန်မာပြည်ခဏပြန်လာသေးတယ်။ ပညာရေး
ထောက်ခံချက်ပေါ့..။ ၁ဝတန်းအောင်လက်မှတ်၊ ဒေသကောလိပ်အောင်လက်မှတ်ကို ဂုဏ်ထူးဘယ်နှစ်လုံး
နဲ့လိုချင်လည်း အားလုံးပိုက်ဆံပေးရင်ရတယ်..တဲ့။(တကယ်တော့သူက၁ဝတန်းကိုဂုဏ်ထူးနဲ့အောင်တာပါ)
ရိုးရိုးတန်းတန်းလက်မှတ်ဆိုရင် အချိန်ကြာတော့ မြန်မြန်ဆန်ဆန်(ပိုက်ပိုက်များများနဲ့ပေါ့) လုပ်လိုက်ရတယ် တဲ့။အဲ့ဒီအချိန်က အောင်လက်မှတ်ဆိုတာ မမြင်ဖူးတော့ တောင်းကြည့်ခဲ့ဖူးသေးတယ်။ မြစ်ကြီးနားကော
လိပ်ကျောင်းအုပ်ကြီးတံဆိပ်နဲ့ ဘာနဲ့..ဟား... ကဲ ၁၉၈၄-၁၉၈၅ ပတ်ဝန်းကျင်နော့်း))


သူလေယာဉ်မယ်နဲ့ အနောက်နိုင်ငံဖက်(အထူးသဖြင့် ဥရောပပေါ့)ရောက်တဲ့အကြောင်းကိုပြောတော့..
ထုံးစံ..လူမျိုးရေးတွေပါလာတာပေါ့..ဟိုဖက်ကလူတွေ အဲဒီအချိန်တုံးကဆိုပါတော့ တရုတ်တွေဆိုရင်
အရမ်းနှိမ်ကြပါတယ်တဲ့..(ကိုယ်တွေ့ပါ ဂျာမာန်မှာ တရုတ်တွေကို မနှစ်မြို့တာခုထိပါဘဲ) ပြင်သစ်က
Louis Vuitton ဆိုင်ဝင်တော့(ခုလိုတန်းစီခြင်းမျိုးမရှိသေးဘူးတဲ့) သူတို့ပုံက ဂျပန်နဲ့မတူဘူးလေ..။ ဂျပန်ဆို
ရင်တော့ စိတ်ကြိုက်ဝယ်လို့ရတယ်။ သူတို့ကိုတော့ ပတ်စ်ပို့အရင်တောင်းကြည့်တာတဲ့။ ရောက်တုံးတခု
လောက်ဝယ်မလို့လုပ်တော့ တောင်းကြည့်တာ တကယ်ဝယ်မဝယ်ထပ်မေးတာတဲ့ ဝယ်မှကိုင်ပါလို့လည်း
ပြောတယ်ဆိုဘဲ..။ ခုတော့ Louis Vuitton ဆိုင်မှာတရုတ်စကားနဲ့ဘဲပြောဝယ်ရင်တောင်ရပြီတဲ့ :P
တရုတ်စကားပြောနဲ့ မင်္ဂလာပါ ဘာညာဘာညာတွေတောင် စပီကာကနေလ့င့်ပေးနေတတ်ပြီဆိုဘဲ..။

ဒီနောက်ပိုင်း ပစ္စည်းတခုဝယ်ဖို့ရောက်သွားတုံးက လူလတ်ပိုင်းအမျိုးသမီးတယောက်(သူ့အပြော အစိုးရ
အရာရှိကတော်ပုံ..တဲ့၊နောက်က အထိန်းတို့ ဘော်ဒီဂတ်တို့ပါသေးတာတဲ့..) ဝင်လာနဲ့ကြုံတယ်။ ထုံးစံပေါ့
တရုတ်အမျိုးသမီးတွေဆိုတာ အန်မတန်မှ ခွဲစိပ်ပြုပြင်တာလေ..မျက်နှာက မင်းသမီးရှံးလောက်အောင် လှပဝင်းဖန့်နေတာတဲ့..။မျက်စိ နားနှာခေါင်း အားလုံးက ပန်းချီဆရာဆေးချယ်ထားတဲ့အတိုင်း..တဲ့။ သူဝင်
လာတာနဲ့ အဝင်တံခါးကို ဂျိန်း..ကနဲပိတ်လိုက်တာဘဲတဲ့..။ မျက်နှာကလည်းမာထန်နေတာဘဲတဲ့။ နံရံပေါ်
display တွေတချက်ဝေ့ကြည့်ပြီး ၃ - ၄ ခုလောက်ကို ဒါ..ဒါ..ဒါ..လက်ညိုးထိုးပြီး အဲဒါကိုမယူဘူး။ ကျန်တာ အားလုံးယူမယ်ဆိုဘဲ..။ ပြင်သစ်ကိုကို မမတွေ ပျာယာခပ်သွားတာပေါ့...။ ကဲ..ကိုယ်တို့ဆီကဘဲ.. ကတော်
ကြီးတွေဘဲသုံးစွဲကြတယ်ထင်နဲ့..ဟိုကလည်း ထိုနည်းလည်းကောင်း..တဲ့ဗျား...။ အလကားရတဲ့ပိုက်ဆံတွေ
နောင်ဘဝမှာပျော်ပျော်ကြီးဘဲ ဆပ်တော့မယ်..ဆိုလားဘဲ..ဟီးး)))


ဂျပန်မှာဆို တရုတ်တွေဈေးဝယ်ထွက်ကြတယ်..ဒီတော့ သူတို့လေယာဉ်က နေ့တိုင်းဂျပန်ခရီးစဉ်အခေါက်
များစွာရှိတယ်တဲ့။ ဒီတော့လည်း မယ်ငီးကို ဂျပန်အစားအသောက် အဝတ်အစားများစွာ ယူလာပေးနိုင် တာပေါ့လေ..ဟီး..ကောင်းလေစွ..။ မိတ်အင်ဂျပန်ဆိုရင် ကိုကိုချိုင်းနားတွေက အရမ်းကြိုက်တဲ့ ^_^

ဂျာမဏီက Black forest ဆိုတာနံမည်ကြီးပေါ့..ငီးငီးတို့တောင်သွားခဲ့တာ..(ဒီတဆောင်းမှာ အဲ့အကြောင်း
လေးရေးအုံးမှ) ဤကားစကားချပ်ပေါ့လေ. .. သူတို့သွားတုံးက ပွဲတော်ရှိတာတဲ့။ ဒေသခံတွေက သူတို့အိမ်
တွေကို အလကားပေးအိပ်တာတဲ့ မည်သူမဆိုပေါ့နော်..။ သူတို့တံခါးသွားခေါက်တဲ့အချိန်က ညအချိန်..။
တရုတ်ဆိုတာသိတာနဲ့..နိုး..တံခါးပြန်ပိတ်တာဘဲ..တဲ့..။ သူကပြောရင်းနဲ့ တရုတ်တွေကလည်း အမြင်ကပ် စရာဘဲလို့ ခဏခဏပြောတတ်တယ်..။ဒေါင့်မကျိုးတာရယ်..၊ သူများကိုအထင်သေးအမြင်သေး ဆက်ဆံ
တတ်တယ်..ဆိုဘဲ..။ (ပြည်ကြီးကတရုတ်တွေဖြစ်ပါလိမ့်မယ်နော့်..) ဟဲ့..နင်ကတရုတ်မဟုတ်ဘူးလား.. ဆိုတော့..ငါက ကျိုင်းတုံရှမ်း..ဆိုဘဲ..ဟဟ..ထိုင်ဝမ်မှာ လူကြားထဲအတင်းတုပ်ချင်ရင် သူတို့မိသားစုက ရှမ်းလိုပြောကြတာတဲ့။ ဘယ်သူမှနားမလည် ဘူးလေ..ဆိုဘဲ..။ နောက်တခုပြောပါသေးတယ် လွှတ်တော် 

ထဲမှာပါးတွေချကြ နပန်းလုံးကြဆိုတာ ထိုင်ဝမ်လွှတ်တော်က ကမ္ဘာမှာနံမည်အကြီးဆုံးပါဘဲတဲ့...။
တော်သေးတာပေါ့..သူတို့ကပါးတွေဘဲချကြတာ..ကြားဖူးတာကကိုယ်တို့ဆီမှာဆိုလား..လွှတ်တော်ပြင်ပ 
မှာပုဆိုးလှန်ပြ..ကိုယ်ပိုင်ပစ္စည်းတွေပြမလို့ကြိုးစားတယ်တဲ့...
(ဟားဟား..ဟုတ်ကြောင်းမဟုတ်ကြောင်း..ဘလားဘလား...ပြောပါရစေ..း))))


ကဲပါလေ..များစွာသောအကြောင်းအရာတွေထဲကပေါ့....။ကြုံရင်ကြုံသလို အာလူးဆက်
ပေးကြတာပေါ့နော်..


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

စန်းထွန်းကမိတ်ဆက်ပေးတာတော့ဟုတ်ပြီ..ရေးဆိုလည်း အတင်းဖြစ်ညှစ်ရေးလိုက်ပြီနော့်. ဒါပေမဲ့..ပြန်မိတ်ဆက်ပေးဖို့ရာ.. တာဝန်မကျေနိုင်ခဲ့တာကိုတော့ ခွင့်လွှတ်ဗျို့
(ဒါလေးကိုတောင် ကမန်းကတန်းရေးရတာ)