Tuesday, April 2, 2013

ငရုတ်သီးထောင်း၊အမျိုးပေါင်းသောင်းခြောက်ထောင်..

မင်္ဂလာပါရှင်~~~


ဒီတခါခေါင်းစဉ်ကိုဖတ်ပြီး..ဟား..လွန်လှချည့်လားလို့ ထင်ပါနဲ့ ရှင်...။
အစပ်လေးအထောင်းလေးတွေက လုပ်စားတတ်ရင် တကယ်ကြီးကို အမျိုးပေါင်းမြောက်များစွာရှိပါတယ်။
ထမင်းစားရင်အသားဟင်း တွေဘယ်လောက်ကောင်းကောင်း၊အစပ်လေးတခွက်ပါမှ ပြည့်စုံတယ်လေ။
အဖေတို့ အမေတို့ ချက်ကျွေးတဲ့၊ကျမတို့ စားတတ်တဲ့ အထောင်းအစပ်လေးတွေကို ပြောပြမယ်နော်။
ဒီလို အစပ်ထောင်းဆိုတာကလည်း လူမျိုးအလိုက်ပုံစံအမျိုးမျိုးရှိတာကိုး...။
ဒီတော့ အရင်ဆုံး ကျမရဲ့ လူမျိုးတွေပေါင်းစပ်ထားတဲ့" လအော့လအယ်"ဆိုတာ ကနေစမှရမယ်။
အဲဒါက ဟိုမရောက်ဒီမရောက် ကိုပြောတာတဲ့...နော်..:P

ကျမတို့ အမေဖက်က အဖိုးက ယွန်းရှမ်း(ကျိုင်းဆိုင်ဒေသ၊အခုဆိုထိုင်းနိုင်ငံထဲမှာပေါ့)+ဂုံရှမ်း(ကျိုင်းတုံ)၊
အဖွားက မိုင်းနောင်(သီပေါ၊ကျေးစီး၊မန်စံ)ဖက်က မြောက်ပိုင်းရှမ်း၊
အဖေဖက်ကျတော့ အဖိုးကတောင်ကြီးကရှမ်း၊အဖွားက အင်းသားစစ်စစ်၊ကိုင်း...မျက်စိလည်သွားပြီ..:))
အင်း....ဒီလိုဆိုတော့ သူတို့ ချက်ကျွေးတဲ့ဟင်းတွေက  ရှမ်းဟင်းတွေများသလို၊တချို့ အခေါ်အဝေါ်တွေကို၊
ကျမဗမာလိုမပြန်တတ်ပါဘူးရှင်...:D ရှမ်း ၃ မျိုးပေါင်းစပ်ထားတော့ အမျိုးပေါင်းမြောက်များစွာရှိပြီပေါ့နော်။
ငရုတ်သီးထောင်းကိုရှမ်းလို နမ့်ဖစ်လို့ ခေါ်ပါတယ်။

နမ့်ဖစ်အတွက် အခြေခံအကျဆုံးကတော့ ကြက်သွန်နီသေးမျိုးတွေ(ဥအလုံးကြီးကြီးဟုတ်ဘူးနော်)၊
လုပ်နည်းကတော့..အရမ်းကြီးကိုရိုးစင်းပြီးလွယ်ကူပါတယ်။



ကြက်သွန်ဖြူ လည်းတလုံးဥတွေထက်စာရင် အမွှာလေးနဲ့ ဒေသထွက်သေးသေးလေးတွေ
ကပိုကောင်းတယ်တဲ့၊ (အဖေပြောလို့ ပါ၊အရင်ကဆို ဘာဘဲဖြစ်ဖြစ်အတူတူလို့ ထင်တာ၊
အရသာတကယ်ကွဲပါတယ်)။ ငရုတ်သီးကဘယ်လိုဖြစ်ဖြစ်ရပါတယ် စပ်ရင်ပြီးရောနော်..။

ရှမ်းထမင်းဆိုင်မှာရတတ်တဲ့ နမ့်ဖစ်ကတော့ ရိုးရိုးလေးပါ။
ခရမ်းချဉ်သီး၊ပဲပုပ်ထောင်းဆိုတဲ့ နမ့်ဖစ်မာခေစွမ်ပေါ့။
ကြက်သွန်နီ၊ဖြူ၊ငရုတ်သီး၊ပဲပုပ်၊ခရမ်းချဉ်သီး မီးအုံး၊ပြာပူထဲထဲ့၊မီးကင်ကြိုက်သလိုလုပ်လို့ ရတယ်..၊
ပြီးရောထောင်း..ဒါပါဘဲ။

ခရမ်းချဉ်သီးမပါရင်နမ့်ဖစ်နော့ဆိုပြီး ရေနဲနဲရောတတ်တယ်၊ခဲခဲကြီးမဖြစ်အောင်ပေါ့။
အော်..နံနံပင်လေးပါးပါးလှီးဖြတ်ပြီးအပေါ်ကနေအုပ်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ်။
တချို့ ကလည်းငရုတ်သီးအနီအစပ်မျိုးနဲ့ ခပ်ကြမ်းကြမ်းထောင်းတတ်တယ်။
ရေလည်းမရောပါဘူး။ရောင်းတန်းပုံစံမှာတွေ့ ရတတ်ပါတယ်။


အဲဒီလိုနမ့်ဖစ်ရိုးရိုးကိုဘဲ ပင်စိမ်းသီး(မာကော့ခိနူ)၊နောက်အသီးတမျိုးလည်းချဉ်တာဘဲ
(မာကော့လို့ ခေါ်တယ်) အဲဒီလိုအချဉ်သီးကိုမီးအုံးပြီး ခရမ်းချဉ်သီးအစားထဲ့တဲ့အထောင်းကျတော့၊
နမ့်ဖစ်မာကော့...တဲ့။

ငါးကျပ်တိုက်လေးနဲ့ ရောထောင်းတော့ နမ့်ဖစ်ပါ..(ပါ..ဆိုတာငါးကိုခေါ်တာပါ)။
(ခရမ်းချည်သီး မပါလည်းရ၊ထဲ့ချင်လည်းရပါတယ်)။

ကြက်သွန်မြိတ် onion leek (အရွှက်ကအပြားမျိုးလေ..)ကိုမီးမြိုက်၊ပဲပုပ်၊ငရုတ်သီး၊နဲ့ ထောင်းတာလည်း နမ့်ဖစ်သွန်ဟိုဝို...အရမ်းဘဲစားကောင်းတယ်နော်..။

နံနံပင်နဲ့ ငရုတ်သီးစိမ်းထောင်းတာကျတော့ နမ့်ဖစ်အီကော်တဲ့..။ပဲပုပ်မပါဘူး။

 အလုပ်သမားတွေကိုကျွေးတုံးက အချဉ်ပါညှစ်ပေးဆိုလို့ သံပုရာသီးပါညစ်ထဲ့ပေးလိုက်တယ်။

ရှမ်းနံနံပင်လို့ မြန်မာလိုခေါ်ကြတဲ့ အပင်ကိုငရုတ်သီးစိမ်း၊ကြက်သွန်ဖြူနဲ့ ထောင်းပြီး သံပုရာသီးနဲ့ ညှစ်စားတာလည်းကျမတော့ အရမ်းကြိုက်တာဘဲ။
ရှမ်းတွေက အဲဒီအပင်အရွှက်ကို ဖတ်ကီးချိုင်းမိုင် လို့ ခေါ်ပြီး ထိုင်းတွေက ဖတ်ကီးဖါ့လန်(ဖါ့လန်ဆိုတာ ထိုင်းတွေကနိုင်ငံခြားသားကိုဆိုလိုတာ)လို့ ခေါ်တယ်...အခေါ်အဝေါ်တွေက လည်ပတ်နေတာဘဲ..:P


ဒီအရွှက်ပေါ့ ဗမာလို ရှမ်းနံနံလို့ ခေါ်လားမသိပါဘူး။
ကဲ..နောက်မျှစ်ဝါသေးသေးလေးတွေကိုအချဉ်တည်ထားတာ ငရုတ်သီးနဲ့ ထောင်း(ပြောမဲ့သာပြောရတာ၊
ဒီနမ့်နော် ဆိုတာကိုတခါမှမလုပ်ဖူးဘူး ၀ယ်ဘဲစားတတ်တာ၊..ဒီတော့ လုပ်နည်းသိပ်မသိပါဘူး။..;D..ဟီး
မျှစ်ဆိုပေမဲ့ညက်ညောနေတာဘဲ အရောင်က လိမ္မော်ရောင်လေးနဲ့ ချဉ်စပ်စပ်လေး ဆီနဲ့ စိမ်ထားပါတယ်)..။
ကျောင်းတက်နေတဲ့အချိန်တုံးကတော့ အမေအမြဲထဲ့ပေးရတဲ့ ဟင်းဗူးတခုပေါ့။

နမ့်ဖစ်အီကျော့..ကျတော့ မုန်ညှင်းချဉ်(ရှမ်းချဉ်လို့ ခေါ်ရမလားမသိပါဘူး၊ထမင်းတို့ ဆန်ဆေးရည်တို့ နဲ့ ၊
ချဉ်ထားတဲ့ ဟာမျိုးပါ။) အဲဒါကို ပြန်ပေါင်းပြီး ငရုတ်သီးနဲ့ တောက်တောက်စင်း၊ အရောင်စိမ်းစိမ်းလေး၊
ချဉ်ချဉ်စပ်စပ်လေးပေါ့..။အရမ်းလက်ဝင်တဲ့ ဟင်းတခွက်ပါ။ အလှူတွေဘာတွေမှာကျွေးတတ်တယ်။

ငရုတ်သီးစိမ်းထောင့်ကြီးကြီး အစပ်မျိုးကို မီးကင်၊မီးအုံးပြီး ကြက်သွန်ဖြူ(မီးကင်) နဲ့ ထောင်းထားတာကတော့ နမ့်ဖစ်နွံ..တဲ့(ကဲ..ဒီအထောင်းကျတော့ ကျိုင်းမယ်ဖက်က လန်းနားရှမ်းစာနဲ့ အတူတူပါဘဲ၊ သူတို့ က ငပိလေးပါထဲ့တယ်။)တချို့ က ခရမ်းသီးထောင်းလို့ တောင်
ထင်တတ်ကြတယ်။(ဘာဖြစ်လဲ ဆိုတော့ ငရုတ်သီးအစေ့လေးတွေကိုမြင်နေရလို့ လေ)။

နမ့်ဖစ်တာလှိုင်..ကိုတိုက်ရိုက်ဘာသာပြန်ရင် မျက်စိနီတဲ့အထောင်းလို့ ခေါ်ရမယ်နဲ့ တူတယ်။
အဲဒါလည်းလန်းနားရှမ်းစာတခုပါဘဲ။ ငရုတ်သီးအခြောက်ထောင့်ကို၊ငါးပိ၊ကြက်သွန်ဖြူနဲ့ 
ညက်နေအောင်ထောင်းတာပါဘဲ။

ဒီနေရာမှာနဲနဲပြောရမယ်ဆိုရင်...ချိုင်းမယ်(ဇင်းမယ်)ဖက်က ဒေသခံ(လန်းနားရှမ်း ဆိုပါတော့)...
သူတို့ ရဲ့ ဟင်းတွေကများသောအားဖြင့်ငါးပိထဲ့ကြတယ်။ထောင်းစားတဲ့ငါးပိမဟုတ်ဘူး။
ငါးပိရည်ကျိုတဲ့ငါးပိဆားစိမ်အကောင်တွေကိုတောက်တောက်စင်းပြီး အားလုံးပစ်ထဲ့လိုက်တာဘဲ။
ဒါကြောင့်သူတို့ ဟင်းတွေဆိုရင် အနံ့ သိပ်ပြင်းတာ..^_^( အဟဲ..မကြိုက်လို့ လေ)
နမ့်ပူ
နမ့်ပူ..ဆိုတာကတော့ လယ်ဂဏန်းကို အချဉ်တည်ထားပြီး တောရှောက်ရွှက်၊စပါးလင်၊ငရုတ်သီးနဲ့ 
ညက်နေအောင်ထောင်းထားတဲ့ မဲမဲစီးစီး အထောင်းတမျိုးပေါ့။ကောက်ညှင်းပေါင်းပူပူလေးနဲ့ တို့ တို့ စား၊

လိုက်ရရင်..လွှတ်ကောင်းပေါ့..:P


ကဲ..ဓါတ်ပုံထဲမှာမြင်ရတဲ့ နီနီညှက်ညှက်လေးက နမ့်ဖစ်တာလှိုင်၊အလယ်က နမ့်ပူ၊ဘေးကခပ်ကြမ်းကြမ်းက
အရိုးဆုံးဖြစ်တဲ့နမ့်ဖစ်ပါဘဲ။
နမ့်ဖစ်တာလှိုင်
ဟဟ...ပြောမဲ့တာပြောနေရတယ်..။တော်တော်များများကို ကျမလည်း ဈေးကနေ ၀ယ်စားဖြစ်ပါတယ်။
အဟီး..၂၀၀ကျပ် ဖိုး ဆိုတော်တော်ရတာဘဲ။ဘာလို့ အချိန်ကုန်ခံပြီးထောင်းနေရမှာလဲနော့်..။
အော်..ဒေါ်မီးအားလူးဖုတ်ပါတယ်ဆိုနေမှ....:P 

 ဈေးထဲမှာဒီလိုဇလုံကြီးတွေနဲ့ ရောင်းကြတယ်လေ။(ဒါတ်ဒါတ်လေးမွဲနေတယ်..သည်းခံပါရှင်:))

ကဲ..နမ့်ဖစ်ခိပါ..ဆိုတာကတော့ ငါးတကောင်လုံးကိုအကြေးရောအူတွေရော ဘာရောဘဲတဲ့၊
တောက်တောက်စင်း(ရှမ်းတွေတကယ်တောက်တောက်စင်းကြိုက်ဘဲနော့်)၊အချဉ်တည်။
ပြီး သူတို့ ဟင်းခတ်အမွှေး အကြိုင်(ပြောလည်းရှမ်းလိုဘဲတတ်တာ..အဟဲ)ထဲ့၊ပြီးကြော်...
အိုး..တကယ်လက်ဝင်တာပေါ့...


ပုဂံအနီထဲက ဟာလေးပေါ့။ကျမ မောင်တဝမ်းကွဲကလေးကင်ပွမ်းတပ်ကျွေးတုံးက၊ခိုးရိုက်ရတာလေ..။
ခေါက်ဆိန့် ရယ်၊ကောက်ညှင်းရယ်၊ခိပါ ရယ်၊ ဘဲဥဆားစိမ်ရယ်၊နောက်ရှိသေးတယ်၊မှတ်မိဘူး။
ကိုယ်စားခဲ့တာဘဲမှတ်မိတယ်။ ကောက်ညှင်းနဲ့ ခိပါကို တို့ တချက်ဝါးပြီး ခေါက်ဆိန့်  တရှလွှတ်
လေးနဲ့ ပေါ့..ဟင်းဟင်း....ဘယ်ပြောကောင်းမလဲ။...အားလုံးမေ့...ဟား...:))))


နမ့်ဖစ်မာခိုင်ဆိုတာရှိသေးတယ်။ မာခိုင်ဆိုတာက အသီးတခုရဲ့ အမည်ပါ ခိပါထဲမှာလည်းသူ့ ကိုထဲ့တယ်။
အနံနဲနဲပြင်းပါတယ်။ဒါတ်ပုံတွေပေါင်းသောင်းခြောက်ထောင်ရှိတာ.ဘာတွေဘယ်နေရာမှန်းမသိတော့ဘူး..။
နောက်တော့မှထပ်ပြောပြရအုံးမယ်။ ဒီနမ့်ဖစ်မာခိုင်ကိုတော့ ကြက်ဥပေါင်း(ကမ္မောဒီးယားပုံစံလေ)
ကြက်ဥအစိမ်းကိုဆေးထိုးအပ်နဲ့ စုပ်ထုတ်ပြီး အပြင်မှာအစာပလာစပ်ထဲ့၊ပြီးကြက်ဥထဲပြန်ထဲ့ပေါင်း..။
အဲဒါနဲ့ တို့ စား...ဟားဟား..တော်တော်ပေါက်ပေါက်ရှာရှာစားတတ်တဲ့ရှမ်းတွေနော်..။

ကဲပါလေ..အားလည်းနာတယ်။စာလည်းရှည်ပြီ။ဒါတ်ပုံလေးတွေနဲ့ မညွှန်းနိုင်ခဲ့တာ ခွှင့်လွှတ်ပါရှင်..။
ကျန်သေးတဲ့ အထောင်းနဲ့ အင်းသားအထောင်းတွေကို နောက်ထပ်တခါမှအာလူးလာဖုတ်တော့မယ်နော်..။
သိလား...ဖျားနေတာကို..ရေးရင်းနဲ့ အဖျားတောင်ပျောက်သွားတယ်...။
စပ်လိုက်တာနော်..အထောင်းတွေက...ရေသွားသောက်မှ..:P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး

10 comments:

  1. Yummy Yummy..

    Hope, I can eat it at New Jersey.. :p

    ReplyDelete
  2. အကုန်လုံး တနပ်တမျိုးစားလိုက်ချင်တယ်....:D သယ်လာခဲ့သေးလား

    ReplyDelete
    Replies
    1. Bangkokမှာ ၂ ပတ်လောက်ကြာနေလို့ ၊အဲဒီနေရာမှာဘဲ၊
      တက်တက်စင်ပြောင်ပါလေရော..ဟီး

      Delete
  3. မမီး ကစပ်ကလပ် ဆိုတာကရော ဘာကိုပြောတာလဲ အဒေါ်တွေပြောပြောနေတာကြားဖူးနေပြီး ခုမေ့သွားလို့

    ReplyDelete
    Replies
    1. အင်း....
      ဆရာမကြီးလေသံနဲ့ ပြောရရင်တော့၊
      this one is a good question ပေါ့ကွယ်..:))
      ငြိမ်ငြိမ်မနေဘဲ၊ဆပ်ကော့လပ်ကော့..လုပ်တာမျိုး၊
      ပြာယာခပ်ပြီး အိနြေကိုမရှိတာမျိုး၊
      ခြေမကိုင်မိ၊လက်မကိုင်မိ..အမှုအရာမျိုးကို၊
      ဆိုလိုတယ်လို့  ကျမနားလည်မိပါတယ်။
      (ငယ်ငယ်တုံးက ခဏခဏပြောခံဖူးတယ်လေဟာ;P)

      Delete
  4. အကုန်လုံးစားချင်တယ်..
    လုပ်ကျွေးနော်။
    ကိုယ်တို့ အိမ်ကအထောင်းသိပ်ကြိုက်တယ်။း)
    အင်းထဲကခါချဉ်ထောင်းတော့မပါသေးဘူးနော်။ အဲဒါတော့စားရဲဘူး။ အဟဲ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဲဒါမှ...ခက်ပြီ..ဆရာရေ့...
      အဟီး..ဒီကလည်း အများကြီးစားခဲ့တာ(ဝယ်စားတာနော်) ဆိုတော့၊
      ချက်နည်းကိုပြန်မေးပြီး မတတ်တခေါက်နဲ့ လက်စွမ်းပြပေးမယ်လေ..။
      ရှမ်းထောင်းတောင်ကုန်သေးဘူး..။
      အင်းသားထောင်းက နောက်မှလေ..အဟဲ..။

      Delete
  5. ငရုနတ်သီးစပ်တာနဲ့ ဆက်စပ်ပြီး ကစပ်ကလပ်ကို သတိရမိလို့ပါ

    ReplyDelete
  6. ပြောမဲ့သာပြောရတာပါ၊
    ကျမလည်းမောင်နှမ ၄ ယောက်ကြားထဲမှာ၊
    အင်းသားစကားအညံ့ဆုံး..:))

    ReplyDelete