Tuesday, February 24, 2015

မဗေဒါလိုအံကိုခဲလို့ပန်းပန်နေဆဲပေါ့..

မင်္ဂလာပါရှင်~~~
ကျမတို့ဆီက တရုတ်လူမျိုးတွေ အမကို ကျဲကျဲ့ လို့ခေါ်ကြပါတယ်။ ရန်ကုန်မှာတော့ အကြည့်(အကျိ့ )လို့ဆို
သတဲ့။ သူ့ကိုကျမသတိထားမိတဲ့အချိန်မှာတော့ ကိုယ်ဝန်နဲ့ စက်ဘီးလေးစီး၊ အိမ်ရှေ့မှာ သန့်ရှင်းရေးတွေ
လုပ်နေ နို့မို့ရင်လည်း ဈေးခြင်းတောင်းလေး ဆွဲလို့ အိမ်ရှေ့နားတဝိုက်မှာ ခဏခဏတွေ့ဖူးခဲ့တာပါ။ ရုပ်ရည်

လေးကသနားကမားနဲ့ ရုပ်ချောတယ်ဆိုတဲ့စာရင်းထဲမှာပါပါတယ်။သူ့ကိုကျမလည်း ကျဲကျဲ့လို့ဘဲခေါ်တာပါ။

အဲ့ဒီ အချိန်ကာလ ကျမတို့မြို့လေးကလည်း လူဦးရေနည်းပါသေးတယ်။၊ မြို့ထဲ သူစိမ်း တစုံတယောက်
ရောက်လာတယ်ဆိုရင်ဘဲ ရပ်ကွက်တခုလုံး ကြော်ငြာမောင်းခပ်စရာမလို အလိုလိုသိကုန်ကြတာပါဘဲ။
တမြို့လုံးပေါင်းမှ ၅ရပ်ကွက်ထဲ ရှိတာလေ။ သူရောက်နေထိုင်တဲ့အိမ်ကလည်း မြို့လည်ခေါင်က တရုတ် သူဋ္ဌေးတယောက်ရဲ့အိမ်ပေါ့ရှင်။ မြို့ကနယ်စပ်မြို့ဖြစ်တော့ တရုတ်တွေများတာထုံးစံပါ။ တရုတ်တွေထဲမှာ
လည်း ခွဲခြားမူတွေအများကြီး။ ရန်ကုန်က လက်တိုလက်ရှည်ခေါ်ကြသလို ..ကိုယ်တို့ဆီကျတော့ ယူနန် တရုတ်၊ ဖူးကျင့် တရုတ်..ဆိုပြီး ဒီလို မူရင်းလာတဲ့ဒေသကိုလိုက်ပြီးခွဲခြားသတ်မှတ်တာပါ။ ထုံးစံအတိုင်း ဆိုင်ရာဆိုင်ရာ အစုနဲ့နေကြတာပေါ့။ အဲ့ဒီမှာမှ ရန်ကုန်ဖက်ကနေလာတဲ့ တရုတ်တွေ လည်း ရှိကြပါတယ်။ သူတို့ကြတော့ ဗမာစကားကို လည်လည်ဝယ်ဝယ်ပြောတတ်ကြတာပေါ့။ ကျန်တဲ့တရုတ်တွေကတော့
သူတို့စကားဘဲပြောပြီး ရှမ်းလိုနည်းနည်းနဲ့ ဗမာလို တောင်တလုံး မြောက်တလုံးပြောကြတာပါရှင်။ ကျမရဲ့
ကျဲ့ကျဲ့ကတော့ တောင်ပေါ်ရွာကတောတရုတ်ဆိုပြီး သတ်မှတ်ခွဲခြားခြင်းခံရတဲ့ သူတယောက်ဆိုပါတော့ရှင်။
(ဒါကတော့ခေါက်ရိုးကြေနေတဲ့ အသားအရောင် လူမျိုးဘာသာ ငွေကြေးအဆင့်အတန်း ပညာရေးအနိမ့် အမြင့်အလိုက် ခွဲခြားဆက်ဆံတတ်တဲ့ ကျမတို့လူသားတွေ ဓလေ့စရိုက်တွေပါဘဲမဟုတ်ဘူးလားရှင်)
ဘယ်လူမျိုးကမှ ဘယ်တိုင်းပြည်ကမှ ဆိုပြီးခွဲခြားတတ်တာမဟုတ်ပါဘူး။ လူသားအားလုံးနီးပါးလို့ဘဲမြင်ပါ
တယ်။ @_@


အကျဲ့ နေတဲ့အိမ်က သူဋ္ဌေးကတော့ ရန်ကုန်ဖက်ကလာပြီး စော်ဘွားတွေလက်ထက်ကတည်းက နေလာ
တာနံမည်ကြီး မြို့မျက်နှာဖုံး တရုတ်သူဋ္ဌေးကြီးပေါ့။စကားမစပ်ပြောရရင် ၁၉ရဝ ပတ်ဝန်းကျင်လောက်နယ်

စပ်ဒေသဖက်တွေမှာ ကာကွယ်ရေးတရုတ်ဆိုတာလည်း ရှိသေးတယ်။ လားတရုတ် ကိုးကန့်တရုတ်
အိုး..အများကြီးရယ်..ကိုယ်တို့ကလည်းငယ်သေးတော့ သေသေချာချာ မသိခဲ့တာပါ။ နောက်မှ ဒါတွေကို နားလည်လာတာ။ အဲ့..ခေတ်ခါကာလရဲ့ နိုင်ငံရေး စစ်ရေးတွေကြောင့်..ဆိုပါတော့ဗျာ...။ အရင်ကဆို ဘိန်းကုန် ကူးတဲ့ တရုတ်တွေအရမ်းချမ်းသာကြတာဘဲ။ နောက်တော့ ခေတ်ပြောင်းပြီး နယ်စပ်ဒေသ က

နေမှောင်ခိုကုန်ကူးတာ ခေတ်စားလာတော့၊ မှောင်ခိုကြောင့် ချမ်းသာလာကြပြန်တယ်။ ခုတော့ စီးပွား
ရေးကွက်တွေ များလွန်းလို့မယ်ငီးလည်း ဘာမှန်းမသိတော့ပါဘူး..အဟဲ..ဘယ်တရုတ်တွေက ဘိန်းကုန်
ကူးလို့ ဘယ်တရုတ်က မှောင်ခိုလည်း မမေးနဲ့ သိဘူးရှင့် @_@
{နဲနဲရှည်ရမှကျေနပ်နိုင်သူကြီးခွှင့်လွှတ် ကွယ် ...ဟီး}

တကယ်ဆို မှောင်ခိုဆိုတဲ့စီးပွားရေးဟာ သူများအသက်မသတ်၊ ဘိန်း မူးယစ်ဆေးကုန်ကူးတာထက်စာရင်
အများကြီး ကောင်းပါတယ်နော့်..( ကျမရဲ့အမြင်ပြောတာပါ)


ကိုင်းး..ဂလို စစ်တွေခေတ်တွေ စနစ်တွေ တလှေကြီးနဲ့ ရွှေပြည်ကြီးရဲ့ ခရီးလမ်းမှာ ၁၉၇ဝ ပတ်ဝန်းကျင်
ကစလို့ ဘိန်းစား မူးယစ်ဆေးဝါးဖိုးသမား ဆိုတာတွေ စပြီး မြင်ရကြားလာရတာပေါ့ မဟုတ်လား။ သူဋ္ဌေး

ကြီးဆီမှာလည်းသားချည်းဘဲ ၄ယောက် ရှိသတဲ့။ ရှိသမျှသားတွေလည်း ဖိုးသမားတွေချည်းဘဲတဲ့..။ အကျဲ့
ကသူဋ္ဌေးသားနဲ့အကြောင်းပါပြီး သူဋ္ဌေးချွေးမအဖြစ် ကျမတို့မြင်ကွင်းမှာ စမြင်ခဲ့ရဖူးတာပါ။ မူးယစ်ဆေး ဝါးကြောင့်ဘဝပေါင်းမြောက်များစွာ ပျက်စီးခဲ့ရတာချည်းပါဘဲ။ သူဋ္ဌေးကြီးဆုံးပါးသွားတော့ ကျန်တဲ့ ပစ္စည်း ဥစ္စာလည်း ဘယ်ခံနိုင်ပါ့မလဲရှင်..၊ အိမ်ထောင်စုတခုမှာ တစ်ဦးတယောက်က မူးယစ်ဆေးဝါးသုံးစွဲမိရင် အဲ့ဒီအိမ်ထောင် လူမွှေးတောင်မပြောင်နိုင်ပါဘု့..ဆိုကြတာ။ ခုတော့ ၄ယောက်..တဲ့။ ဖွတ်ဖွတ်ကြေနိုင် တဲ့အိမ်ထောင်စုပါဘဲ။ အကျဲ့လည်း ကျမမြင်တိုင်း ခလေးတယောက်က ကျောပိုး ဗိုက်ထဲက တယောက်။
ကျမလည်း တောင်ကြီးမှာ ကျောင်းတက်နေတော့ နွေရာသီလောက်မှဘဲ အိမ်ပြန်နိုင်တာ။ အိမ်ပြန်တိုင်း
အကျဲ့ကျောကုန်းမှာ တယောက်ပိုး လက်က တယောက်ဆွဲ ဗိုက်ထဲက တယောက်။ ဒီလိုချည်းပါဘဲ။

photo credit to here
သူ့ခလေးတွေက ကျမတို့အိမ်မှာ လာလာဆော့တတ်တယ်။ ကလေးချစ်တတ်လို့ ကျမပြန်ရင် မုန့်တွေအများ
ကြီးဝယ်ပြန်တတ်တယ်လေ။ အဲဒါကြောင့်လည်း သူ့နဲ့ခင်မင်မိတာပါ။သူ့ကိုကြည့်လိုက်ရင် ဘိုသီဖတ်သီနဲ့ စက်ဘီးလေးတစင်းကို တခါခါ မစီးဘဲတွန်းတွန်းသွားတာလည်းမြင်ဘူးတယ်။(နောက်မှ သိရတာကစက် ဘီးသွားပေါင်တာတဲ့) သူ့ခလေးတွေကလည်း အရမ်းချစ်စရာကောင်းတယ်။ မိန်းခလေးတွေချည်းဘဲ ၅
ယောက်တဲ့။ သူ့အိမ်ရှေ့မှာ ဓါတ်ဆီပုလင်း(ကိုကာကိုလာပုင်းနဲ့ထည့်ထားတာ) ၃ ပုလင်းလောက်ချထားပြီး
ဓါတ်ဆီရောင်းနေတာလည်း တွေ့ဖူးတယ်။

ဇာတ်ကြောင်းပြန်ပြောပြတဲ့ အကျဲ့မျက်ရည်စတွေကြည့်ပြီး ကျမရင်နင့်မိတာအမှန်ဘဲ။ ခလေးဖွားခါနီး ဆေး
ရုံကိုတယောက်ထည်း ရေနွေးဓါတ်ဗူး တိုလီမူတ်စ ခြင်းလေးဆွဲပြီး သွားခဲ့ရတဲ့အကြောင်း၊ ခလေးမွေးပြီး
ဆေးရုံကတိုက်တဲ့ဆန်ပြုတ်ဘဲစားဖူးခဲ့တယ်ဆိုတဲ့အကြောင်း၊ပိုက်ဆံလေးရလာလို့ခလေးကို အသားငါး
ဟင်းစားဝယ်စားဖို့ ယောက်ကျားက ယူပြီးဆေးဝယ်လိုက်တဲ့အကြောင်း၊ယောက်ကျားကဆေးဖြတ်မယ် ဆိုပြီး ဆေးရုံတက်တော့ရှိတဲ့ပိုက်ဆံလေးကိုအားရှိအောင်ကြက်ဥစားပါစေလို့ ပေးလိုက်တာကို ဆေးထပ် ဝယ်ထိုး တဲ့အကြောင်း၊ သမီးများအမြဲတမ်းဗိုက်ဆာတာကို ဒီအတိုင်းဘဲထိုင်ကြည့်နေခဲ့ရတဲ့ အကြောင်း၊
အိုး..နားထောင်တဲ့ ကျမမျက်ရည်ဝဲတက်လာတာ သူမသိအောင်တဖက်လှည့်နေရတယ်။

ယောက်ကျားဆုံးလို့ အလောင်းထည့်စရာအခေါင်းဖိုးမတတ်နိုင်၊ အသုဘလာတဲ့သူကျွေးမွှေးဖို့ မတတ်နိုင်၊
အားလုံးကိုချေးဌားပြီး ခလေးများကြီးပြင်းအရွယ်ရောက်လာရင် သချို င်္းကန်တော့စရာမရှိမှာကို စိုးရိမ်လို့၊
ကြံဖန်ရတဲ့အကြောင်း၊ ကြံရင်းဖန်ရင်းနဲ့ လုပ်ကိုင်ဖို့နည်းလမ်းများစွာက ခေါင်းထဲကိုရောက်လာလို့၊ အိမ် ကိုပေါင် တရုတ်ပြည်မကြီးထဲဝင်ပြီး ပစ္စည်းအထည်အလိပ်တွေကို စပြီးကုန်ကူးခဲ့တယ်တဲ့။


ကျမကလည်း မြို့လေးနဲ့ ၁ဝနှစ်လောက်အဆက်ပြတ်သွားခဲ့တယ်လေ။ အိမ်ပြန်အလည်ခရီးစဉ်မှာ ကျမ
တွေ့မိတာက အကျဲ့ရဲ့အိမ်က ဆိုင်လေးဖွင့်လို့။ စည်ကားနေတယ်။ သူလည်းအဆင်ပြေနေပုံရတယ်။နောက်
တခုက ကျမအမေအမြဲတမ်းသူ့ကိုကူညီခဲ့တာကို မမေ့ဘူး။ တနှစ်တခါ လာကန်တော့တယ်။ သူတော်တော် ကျိုးစားခဲ့တယ်။ ဈေးထဲမှာရော ဆိုင်တွေ ဖွင့်နိုင်တယ်တဲ့။ သူ့ဆိုင်ကပစ္စည်းတွေဆိုနံမည်ကြီးဘဲတဲ့။ မြို့လေး
ကိုရောက်ဖူးတဲ့ အရာရှိအရာခံ ကတော် ကြီးတွေအမြဲအားပေးရတဲ့ ဆိုင်တခုတဲ့။ သူ့သားသမီးတွေအပေါ် အရမ်းတာဝန်ကျေနိုင်ခဲ့တယ်။အနောက်နိုင်ငံကြီးတခုမှာတောင် သမီးတယောက်ကဆေးပညာဆည်းပူးနေ
တယ်လို့ပြောပြပါတယ်။

သူပြောပြတာတွေထဲကစကားတွေလည်းကျအမြဲကြားယောင်နေတယ်။မမေ့ဘူး..."ကျမဘာလုပ်ရမှန်းမသိ
ပေမဲ့ ကျမပိုက်ဆံရမှ ကျမ သမီးတွေကို စားစရာတွေဝယ်ပေးနိုင်မှာလေ။ ပိုက်ဆံရှာဖို့ ကျမမှာ ပိုက်ဆံအ ရင်းအနှီးလည်းမရှိဘူး..။ဒီတော့ ကျမအိမ်ကိုအပေါင်ထားလိုက်တယ်။ အိမ်ဂရံက အပေါင်ထားတဲ့နေရာက

နေပြန်မထွက်လာနိုင်သေးဘူး"..တဲ့။ သူခလေးငယ်လေးတွေနဲ့ ဒုက္ခရောက်ကတဲက သူ့ကိုအမြဲကူညီခဲ့တဲ့၊
လူတယောက်ကလည်းဖြစ်ပြီး သူ့အကြွေးရှင်ကြီးလည်းဖြစ်တဲ့ သူက တနေ့တော့ သူ့ကိုပြောတယ်တဲ့။
"ကောင်မလေးမင်းတော့ ဘယ်လောက်  အလုပ်ဖြစ်လည်းမသိဘူး..ငါ..မင်းဆီကအတိုးရတာတွေ စာရင်း မှတ်ထားတာ၊ သိန်း ၅ဝဝနီးပါးရှိပြီ"...တဲ့... !!!!

နှစ်ပေါင်း ၂ဝကျော်အတွင်း သူရုန်းကန်လူပ်ရှားခဲ့တယ်။သူ့ကို နေစရာပေးခဲ့တဲ့ သူ့ယောက်က္ခမ သူ့ယောက် ကျားကျေးဇူးကိုလည်း သူတဖွဖွပြောနေတုံး။ သူတို့တွေကြောင့်သာ ဘဝကို ဒီလို အရူံးမပေး ရင်ဆိုင် အား
တင်းကြိုးစားခဲ့လို့လည်း ခုချိန်မှာ အသက် ရူချောင် လာတဲ့အကြောင်း၊ သူပြောသမျှနားထောင်ပြီးသူ့ရဲ့ရိုးသား
မူ့သဘောထားကောင်းမွန်တဲ့ပင်ရင်းစိတ်ဓါတ်ကို လေးစားမိပါတယ်။ သူ့ကိုချီးကျုးမိတယ်။ အတုယူမိတယ်။ တကယ်တမ်း စီးပွားရေးလုပ်ဖို့ အရင်းအနှီးထက် အရေးကြီးတာက ပြင်းထန် ခိုင်မာတဲ့စိတ်ဓါတ်တခုဆိုတာ ကျမရဲ့ ကျဲ့ကျဲ့ တယောက်လက်တွေ့ပြသွားခဲ့တယ်။ ဒါကြောင့်လည်း ကျဲ့ကျဲ့ မဗေဒါလိုအံကိုခဲတော့ ပန်းပန်

နေတာပေါ့...ရှင်...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး


{ခုတလော ဒီတလလုံး အားလုံးသိကြတဲ့အတိုင်း ကျမနေတဲ့နေရာက အပူချိန်တွေ ကြောက်ခမန်းလိလိ ပါဘဲ - 20 'C အထိရောက်တယ် လေတိုက်ရင် အဲ့ထက်ပိုအေးတယ်။ ဒီတော့ လူဗလံလေး မယ်ငီးလည်း
အလူးအလဲခံရတယ်။ အပြင်ထွက်ရင် နှာစေး၊ နေ့တိုင်းလည်းထွက်ရတာကိုး ထပ်ခါထပ်ခါကျထားတဲ့နှင်း ထုကြီးကလည်း ရေခဲပြင်ကြီးဖြစ်လို့၊ အရည်မပျော်နိုင်တာတလလောက်ရှိပြီ။ ဒီကမဗေဒါတော့ အံကိုခဲပြီး
လျောက်တာဘဲ.အအေးမိ..နှာတွေစေးလို့..ခေါင်းမထောင်နိုင်တာနဲ့ blog ဖက်လည်း မလှည့်နိုင်ခဲ့ပါဘူး..
စာရေးပြီး သာကြောင်းမာကြောင်းမေးတဲ့ မိတ်ဆွေသူငယ်ချင်းများကို ကျေးဇူးအထူးတင်လို့ ဒီမနက်မှာ
တော့ -16'C ကိုမဗေဒါလိုအံခဲပြီး စာရေးဖြစ်ခဲ့ပါပြီလို့နော်.. :P }