Wednesday, March 11, 2015

ဘန်ကောက်ဆင်ခြေဖုံးဒေသမှအစားအသောက်များ..

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့လက ရာသီဥတုအရမ်းအေးတာရယ် ပစ္စည်းတွေသိမ်းနေတာရယ် နှာတွေစေး ခေါင်းတွေကိုက်တာ
ရော အလုပ်ကနေခွင့် ၂လယူတာမရလို့ အလုပ်ကနေ ခပ်တည်တည်ဘဲ အနားယူလိုက်တယ်လေ..။ 
ဘာ မှလည်းမရေးဖြစ်ဘူး။၂လလောက် ဘန်ကောက်နဲ့ မြန်မာပြည်ပြန်မလို့ ခုတော့ 
ဘန်ကောက်မှာသောင်တင်နေပါတယ်။ အပူချိန် -20'C ကနေ -10'C ပတ်ဝန်းကျင်မှာ 
ခဲမတတ်ဖြစ်နေရာက ရုတ်ချည်း 30'C လောက် 92'F ပတ်ဝန်းကျင်ကိုခံစားရတော့ 
အော်...ငရဲဆိုတာကို နဲနဲသဘောပေါက်လာသလိုပါဘဲရှင်...။

ဒီဘန်ကောက်ရောက်ပြီး မယ်ငီးခန္ဓာကိုယ်ကလည်း ကျူံ့ရာကနေပွလာတာပေါ့။ တချိန်လုံး ကောက်ညှင်း
ကျည်ထောက်လို အထပ်ထပ်ပတ်ထားရတဲ့ ဘဝကနေချက်ခြင်းလွှတ်မြောက်သွားရတာကို အရမ်းအရသာ
ရှိတယ်လို့ထင်မိတာဘဲ။အင်္ကျ ီတိုပါးပါးလေးတွေနဲ့ ဘောင်းဘီတိုတွေ စကဒ်တွေနဲ့ နေပူပူထဲမှာ
လမ်းသလားနေရတာ ကိုယ့်ကိုယ်ကိုတော့ အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းကွိ လို့တောင်အောင်းမေ့မိပါတယ် :P

BKKရောက်ရင် အားလုံးသိကြတဲ့အတိုင်း ကိုယ်တို့တွေ အစားဘဲငမ်းကြောထကြပါတယ်...။ မနှစ်ကကျမ
မပြန်ဖြစ်ဘူးလေ။ ၂ဝ၁၂ နှစ်ကုန်ပိုင်းနဲ့ ၂ဝ၁၃ နှစ်ဆန်းပိုင်းကမြို့လေးကို ၄ လပြန်ဖြစ်ခဲ့တယ်။ အဲဒီတုံးက
တောင်ဘန်ကောက်ကစားစရာများဆိုပြီး အာလူးတွေတလှေကြီးပေးဖူးခဲ့ပါကောလား..။ ဒီတခါလည်း...
အဲ့ဒီဟာရဲ့ အဆက်ဆိုပါတော့ဗျာ...အဟီး..နောက်ပြီးမြို့တော်ထဲက မြင်နေကြ အစားအစာတွေမဟုတ်ဘဲ
ဇနပုဒ်ခေါ်မလား ဆင်ခြေဖုံးလို့ဆိုရမလား..အဲ့ဖက်က အကြောင်းတွေပြောပြမယ်..။

ကျမ တခါကပြောဖူးပါတယ်။ ကျိုင်းမယ်မှာ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ ထိုင်းသူငယ်ချင်းနဲ့ပြန်တွေ့တာလေ။
အခုလည်း သူက အတင်းခေါ်တာနဲ့ သူ့ဆီမှာ ညအိပ်သွားလည်ပါတယ်။ သူတို့နေရာက အခု သုဝဏ္ဏဘူမိ
လို့ခေါ်တဲ့လေယာဉ်ကွင်းအသစ်ပြေးလမ်းရဲ့ တဖက်မှာ ရှိတယ်။ အရင်ကတော့ လယ်ကွင်းတွေပေါ့။နောက်
တော့လေယာဉ်ကွင်းအသစ်လာဆောက် စက်မူ့ဇုံတွေ လာတည်တာပါ။ ကိုယ်တို့ဆီကနဲ့ မတူတာတခုက
အစိုးရတွေက မြေအလကားမသိမ်းတတ်ပါဘူး..။ လိုချင်ရင်မူလပိုင်ရှင်တွေဆီကဝယ်ယူပါတယ်။ 
လယ်မြေ ယာမြေအားလုံးလည်းဂရံတွေရှိကြတယ်လေ။ ကျမသူငယ်ချင်းနေတာ စက်မူ့ဇုံနယ်မြေမှာပါ။ 
သူတို့ကစက်ရုံရှိတယ်။ စက်ရုံနဲ့ကပ်ရပ်မှာဘဲ အိမ်ဆောက်ထားတယ်။ မြို့ထဲကအိမ်ကိုသော့ပိတ်လို့ 
စက်ရုံမှာဘဲနေတာတဲ့။ အနီးအနားပတ်ဝန်းကျင်မှာလည်း စက်ရုံအလုပ်ရုံတွေချည်းပါဘဲ။ 
ကျမသူငယ်ချင်းစက်ရုံနဲ့ကပ်ရပ်မှာနေကြ တဲ့သူတွေကလည်း မူရင်းဒေသခံတွေများပါတယ်။

သူတို့တွေက မြေကွက်တွေပိုင်းရောင်းပြီး ကျန်တာတွေ အခန်းငယ်လေးတွေ တန်းလျားတွေဆောက်အခန်း
ဌားစားတာပေါ့ရှင်။ ပြီးကုန်စုံဆိုင်လေးဖွင့်အနီးပတ်ဝန်းကျင်က အလုပ်သမားလူတန်းစားထုကြီးကိုလက်ငင်း
ရော အကြွေးနဲ့ရော ရောင်းပေးတယ်တဲ့။ အလုပ်သမားတွေဆိုတာလည်းများသောအားဖြင့် ထိုင်းနိုင်ငံ
အောက်ဖက်ဒေသ(မလေးရှားနဲ့ကပ်ရပ်) နဲ့ ကျမတို့နိုင်ငံက လူတွေချည်းပါဘဲ။ မလေးရှားနဲ့ကပ်ရပ်ဒေသမှာ
နေတဲ့သူတွေလည်း မြန်မာနယ်စပ်မှာ နေတဲ့လူတွေနဲ့ဘဝချင်းတူကြပါတယ်။ နယ်မြေမအေးချမ်းဘူးလေ။
ဒီတော့ ရေကြည်ရာမြက်နုရာကိုရှာကြရတာပေါ့။ သူတို့ဖက်ကပိုဆိုးဝါးပါတယ်။ စာသင်ပေးတဲ့ဆရာမနဲ့ ဗုဒ္ဓ
ဘာသာကိုရင်ဘုန်းကြီးတွေဆိုရင် ဗုံးထောင်ပြီး လိုက်သတ်တာတဲ့။ စစ်သားအစောင့်နဲ့ နေရတာ..။

အဲ..စားစရာအကြောင်းကနေ..ဘယ်သောင်ဘယ်ကမ်းလှမ်းမှန်းတောင်မသိတော့ဘူး။ ပြန်ဆွဲခေါ်လာမယ်
နော်..။ ကဲ..စက်ရုံဒေသကနေအစပြန်ကောက်ရအောင်...။ အရင်ကလယ်ကွင်းတွေဆိုတော့ ချောင်းတွေ
မြောင်းတွေပေါများတာပေါ့။ ကျမတို့ရန်ကုန်ကနေဆိုရင် ပဲခူးအလွန် ငါးရံခြောက်တွေထွက်တဲ့အရပ်ဒေသ
လောက်ဆိုရမှာပေါ့..။ ပျဉ်ပုံကြီးရွှာလို့ခေါ်တယ်လေ။ အဲ့..လိုနေရာမျိုးနဲ့ခပ်ဆင်ဆင် ဆိုပါတော့ရှင်...။

အဲ့..မှာနေတဲ့သူတွေဘန်ကောက်မြို့ထဲကို တသက်နဲ့တကိုယ် ၁ ခါဘဲရောက်ဖူးတာတို့တွေလည်းရှိတယ်။
နဲနဲကျေးလက်ပိုဆန်တယ်။ မြို့တော်ဘန်ကောက်သူတွေလို ပါးပါးလျှလျှကိုယ်လုံးလေးတွေ တိုကပ်ကပ်ဝတ် တတ်တဲ့ လူတန်းစားတော့ မဟုတ်ဘူးပေါ့။။ဒီလိုမျိုး အမေရိကား နယူးဂျာစီမှာလည်း တွေ့ဖူးတယ်။ နယူး
ယောက်နဲ့နယူးဂျာစီ မြစ်ချောင်းလေးဘဲခြားတာ တံတားကျော်ရင်ရောက်တာကို တခါမှမရောက်ဖူးတဲ့ သူ
တောင်ရှိပါတယ်တဲ့။သူတို့ဘဝနဲ့ သူတို့တော့ ဟုတ်နေတာဘဲ။ ကိုယ့်ဘဝနဲ့ကိုယ်ကျေနပ်နေ ရင်ပြီးတာပါဘဲ
လေ။ ဘာများလိုအပ်နေသေးလဲ ..နော့်..။

မယ်ငီးရောက်သွားတော့ သူငယ်ချင်းရဲ့အိမ်နီးနားချင်းတွေက အိမ်ခေါ်ပြီးထမင်းတွေကျွေးကြတယ်။ ဒီက လည်း အားနာနာနဲ့တုတ်တာပေါ့ရှင်။ ဒီ ထိုင်းလူမျိုးတွေ တကယ်ဘဲ အပြင် အစားအစာကြိုက်ကြတာဘဲ။ မနက်မိုးလင်းကနေ မိုးချုပ် ဝယ်စားလို့မဆုံးတော့ဘူး။

မနက်စာကို မယ်ငီးအတွက် ကွေကြပ်လို့ခေါ်တဲ့ခေါက်ဆွဲအလိပ်ချောင်းသေးသေး နဲ့ ဝက်အူ ဝက်သားတွေ
သာမက ကြက်ဥတခြမ်း ဝက်သွေးတပိုင်း မျှစ်တချောင်း ပဲပြားကြော်တခြမ်း အမယ်ကတော့ အစုံပလုံ မျိုးစုံ ပါတယ်..အရသာကနဲနဲချိုပါတယ်။ ဝယ်ကျွေးတယ်လေ။ အချဉ်ရည်များများလေးထည့်စားရင်တော့ အရမ်း စားကောင်းတာပေါ့ရှင်။တရုတ်အစားအစာတခုပါဘဲ။ ထိုင်းမှာတော့ နံမည်ကြီးတယ်။ တရုတ်သွေးပါတဲ့ ထိုင်းတွေမနက်စာ အဖြစ် စားတတ်ကြတယ်။သူတို့အပြောဝက်သွေးက အူထဲကအမှိုက်တွေကို သန့်စင်ပေး တယ်..တဲ့ @_@

နေ့လည်ခင်းဆိုတော့ အထောင်းမျိုးစုံပေါ့။ ပဲသီးထောင်း သခွားသီးထောင်း သဘောၤသီးထောင်း..
အားလုံးကို မုန့်တီဖတ်တွေနဲ့ ရုးရှဲစားကြတယ်။ မယ်ငီးတော့ ၃ လုတ် လောက်စားပြီး အိမ်နောက်ဖေး
ပြေးရတာတန်းနေတာဘဲ..ဟီး..။


ငပိရည်ကျိုတဲ့ ငပိတွေ ဆားရည်စိမ်ဂဏန်းလုံးတွေလည်းပါတယ်။ အနံ့ကတော့ ဟောင်နေတာပေါ့။ ညစာ
လည်းဝယ်စားဘဲ..ငပိထမင်းတဲ့..။ မိတ်ဆွေများ ဒီငပိထမင်းကိုသိကြမှာပါလေ..။ ကျမတော့အတော်ကြိုက် တယ်။ ငပိပါတော့ အရသာကလေးတယ်။ သရက်သီးချဉ်တာရယ် ဝက်သားရဲ့ အချိုရယ် ကြက်ဥအစိမ့်အရ သာရယ် ကုလားအော်သီးသေးသေးလေးကိုက်မိတဲ့အခါ အရသာအားလုံးပြည့်စုံသွားတာဘဲ..။

နောက်မနက်ကျတော့ သူတို့ပတ်ဝန်းကျင်က စားစရာတွေ နံမည်ကြီးတာတွေလိုက်ကျွေးပါတယ်။ ร้านก๋วย เตี๋ยวต้มยำริมคลองวัดศรีวารีน้อย မြန်မာလို ချောင်းနှာဘေးကချဉ်ငံစပ်တုံယမ်းခေါက်ဆွဲဆိုင်တဲ့ အရမ်း နံမည်ကြီးဆိုဘဲ။
ဒါကတော့ ဝက်သားလုံးနဲ့ဝက်သားချဉ်စပ်ဂျုံခေါက်ဆွဲ..
ကျမက ပင်လယ်စာချဉ်စပ် ဂျုံခေါက်ဆွဲမှာစားတယ်။
သူငယ်ချင်းက ပင်လယ်စာဆန်ခေါက်ဆွဲ ချဉ်ငံစပ်..
အရမ်းစားကောင်းလွန်းလို့ ဆန်ခေါက်ဆွဲအရည်မပါ ပင်လယ်စာအသုပ်သဘော လိုက်ပွဲဆွဲရသေးတယ်။
အဟဲ..သူငယ်ချင်းနဲ့မျှစားတာပါ။

သူတို့ဆိုင်ရှေ့ စားသောက်ဆိုင်
ဆိုင်လေးက မြင်နေကြ တကဲ့ဆိုင်ကြီးခန်းခန်းနားနားမဟုတ်ဘဲ..အရသာက ၁ဝ မှတ်အပြည့်ပေးလိုက်ရ
တယ်။ ခေါက်ဆွဲသူရဲ မယ်ငီး ဟင်းရည်ကောင်းမကောင်း ကြည့်တာနဲ့ကိုသိတယ်..။ ဆီတွေဝေ့တက်ပြီး ကြက်သွန်မြိတ်ဖတ်လေးတဖတ် နှစ်ဖတ်လောက် ပေါလောမျောနေတဲ့ ဟင်းရည်ချပေးတတ်တဲ့ ရန်ကုန်က
ရှမ်းခေါက်ဆွဲဆိုင်တွေကို ဒီတခါ ဝှေါင်ဝှေါင်ဆွေး ဝေးဝေးရှောင်တော့မယ်..လျှာအရသာလေးပျက်သွားမှာ
စိုးလို့.. ^_^
ဆိုင်ရှေ့က မြစ်ချောင်းလေးရှိတယ်..။ အဝင်က ဆိုင်နောက်ကနေဝင်ရတာ..
ခေါက်ဆွဲဆိုင်နေရာလေးပါ...မိတ်ဆွေများ လမ်းကြုံရင် သွားစားကြပါလို့..လက်တို့လိုက်ပါတယ်..။ အော်..
ခေါက်ဆွဲမစားချင်ရင် သူတို့ဆိုင်မှာ ဝက်ခေါက်ကင် ဝက်သားနီ ထမင်းလည်းရတယ်။ ဘဲဥပြုတ်တခြမ်ထည့်ပေးတယ်..
အရသာကတော့ အထူးပြောစရာမလိုဘူး..ဂွတ်ထဂွတ်ထ..ပါဘဲ..

နောက်လေယာဉ်ကွင်းနဲ့နီးပြီး နံမည်ကြီးတဲ့ဆိုင်တခုကတော့ Koh lan Tar Bar and restaurant ပါ။ 
လွန်ခဲ့တဲ့ ၂နှစ်ကျော်အချိန်က သူငယ်ချင်းတို့က ကျမကိုအတင်းကျွေးချင်နေကြတာလေ...။
ဒီကလည်း ပြန်ဖို့လေယာဉ်ကွင်းဆင်းခါနီး..ပေါ့။လေယာဉ်ကွင်းကို အစောကြီးသွားပြီးအပြင်ပစ္စည်းတွေ
အပ်တဲ့နေရာမှာ အားလုံးအပ်ခဲ့ပြီးမှ သူတို့ကားနဲ့ အဲဒီဆိုင်ကိုသွားစားကြတာပါ။ ညကြီးလူတွေများလိုက်တာ
ဆိုင်ကလည်းကြီးမားကျယ်ပြန့်တယ်။ ကျွန်းလေးလိုဟိုတစုဒီတစုနဲ့ မီးရောင်မှိန်မှိန်လေးလေးတွေနဲ့အတော်
လှတာပါ။ ကျမအတွက်မဟာပြသာနာတခုက ကင်မရာကို ပစ္စည်းအပ်တဲ့အထဲ ထည့်ထားမိလိုက်တယ်လေ
ဒီတော့ ဒါတ်ဒါတ်လေးတွေနဲ့ ပြပေးလို့မရဘူးပေါ့။ဟင်းတွေကလည်းသိပ်အထူးဆန်းကြီးတော့မဟုတ်ပါဘူး 
ကာရာအိုကေအခန်းတွေ ဧည့်ခံပွဲတွေလုပ်ဖို့နေရာအကျယ်ကြီးရှိတော့ညတိုင်းအထူးဘဲစည်ကားလှပါတယ်

ဒီတခါတော့ သူငယ်ချင်းပြောပြတယ် ဟင်းတွေလည်းညံ့လာပြီး ဈေးကမတရားကြီးလွန်းတယ်တဲ့။ 
ကျမ တို့ကိုကျွေးတုံးက ၅ဝဝဝ ဘတ်နီးပါးပေးရတာ..။ လူ ၄ယောက်စားတာ အရက်မပါဘဲ ကိုယ်တို့ကလည်း
ခရီးဆက်ရမှာကတဖက်ဆိုတော့ လူလည်းစိတ်သိပ်မပါဘူးလေ။

သူငယ်ချင်းတို့ အုပ်စုက တကယ်အစားသောင်းကျန်းတယ်။ မယ်ငီးတူမလေးနဲ့တွေ့ဖို့ မြို့ထဲရောက်တုံးဆို
ပြီး ပေါက်ပေါက်ဆုပ်( အနောက်နိုင်ငံမှာတော့ တကယ်ပေါပါတယ်) ချိစ်တွေ ချောကလက်တွေနဲ့ လူးထား
တဲ့ မုန့်လေ..။ အဲဒါကို ၂၅ဝဝ ဘတ်ဖိုး အိမ်ဝယ်ပြန်တယ်...။ မယ်ငီးတော့ ပါးစပ်ဟောင်းလောင်းထလေ
သည်ပေါ့...မြန်မာငွေနဲ့တွက်ကြည့်ရင် ၇ သောင်းကျော်ဖိုးရှိနေပါကောလား..
ဖယားဖယား..ပေါက်ပေါက် ဆုပ်လေးများ..


နောက်တခုရှိသေးတယ်...မယ်ငီးသွားအိပ်တဲ့ညက ရှင်ပြုအလှုရှိလို့ သူတို့သွားကြတယ်။ သူဌေးတယောက်
ရဲ့အလှုတဲ့။ ရှင်ပြုအလှုကလည်း ညစာကျွေးတာတဲ့ တရုတ်စားပွဲဝိုင်းတွေနဲ့ဆိုဘဲ ပွဲပေါင်း ၃ဝဝ တဲ့။ အလှုက
သိန်းချီ သန်းချီတောင်ကုန်တယ်ဆိုဘဲ။ စတိတ်ရိူးလည်းပါတယ်တဲ့..။ အော်..သူ့တို့ဓလေ့ထုံးစံ...ပေါ့..။

ကဲ..ဒီစားကြောခရီးက အစဘဲရှိသေးတာ..ဟင်းဟင်း...အချိန်မရှိလို့ မနဲအံကြိတ်ပြီး မိတ်ဆွေများကိုဘန်
ကောက်ကနေနူတ်ဆက်ချင်လို့ ညကြီးမင်းကြီး အာလူးပေးလိုက်ပြီနော့်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

6 comments:

  1. စားစရာတွေကြည့်ရတာဘယ်တော့မှမမုန်းဘူး။
    များများသာတင်နော်။
    တခါတခါကိုယ့်ဖာသာပြန်တွေးမိတယ်။
    ငါဘာလို့ အစားအသောက်တွေဒီလောက်စိတ်ဝင်စားလာရတာလဲလို့ ။
    ပြန်ဖြေကြည့်တော့ ဒီမှာကိုယ်စားချင်တဲ့ဇာတိမြေကအစားအစာတွေငတ်တာကိုးလို့ ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ..
      ကျမလည်းအပြင်ထွက်ရင်
      အစားသောက်တွေဘဲ
      စိတ်ဝင်စားစွာနဲ့ကြည့်ရူလေ့လာစူးစမ်းနေတာဘဲ
      အင်း..ဒါဆိုထိုင်းကအစားအသောက်ပုံတွေတင်မယ်နော့်
      နဲနဲပါးပါးအလူးလေးနဲ့ပေါ့ :P
      ဇာတိမြေကိုသတိရလာတာအသက်ကြီး
      လာလို့လားမသိဘူးနော့်..
      ကျမလည်းအရမ်းသတိရနေမိတတ်တယ်..
      ငတ်ကြီးကျတယ်ပြောလည်းခံရမှာဘဲ..ဟီး

      Delete
  2. ခွင့်မရတာနှင့် အလုပ်ထွက်ပစ်တာ မိုက်တယ်။ ကွေကြပ် is my fav Thai food. ပိုစားခဲ့နော်။

    TTW

    ReplyDelete
    Replies
    1. စိတ်ချစားလိုက်အိပ်လိုက်
      ဂရိတ်ဖိုက်ဘဲ...
      အလုပ်ကိစ္စကနောက်မှ
      အခုနားလိုက်အုံးမယ်း)))

      Delete
  3. အဲလိုအစားတွေက ပိုအရသာရှိတာ နော် ငပိထမင်း စားချင် တယ်

    ReplyDelete
    Replies
    1. ကျမလည်းငပိထမင်းကြိုက်တယ်...
      ထိုင်းဟင်းတွေကတော်တော်များများငပိသုံးတယ်
      မြောက်ပိုင်းကကျမတို့နဲ့နီးတဲ့ဖက်ကျတော့
      ငပိရည်ကျိုတဲ့ငပိကိုဟင်းချက်တဲ့နေရာမှာ
      အားလုံးထဲ့တာ..အရသာကလေးတော့
      စားရတာကောင်းတယ်လေ..

      Delete